ငွေကြေးထက် ပရိသတ်၏လက်ခုပ်သံကို ပိုတန်ဖိုးထားသူ အန်တိုနီယာ

61749792_306970066923391_1804618380150308864_n.jpg

ONE Championship ၏ ကိုယ်ခံပညာသိုင်းပေါင်းစုံ ကြိုးဝိုင်းအတွင်းမှ ချစ်စဖွယ်မျက်နှာထားနှင့် ကယန်းတိုင်းရင်းသူလေး ဘိုဇီနာ အန်တိုနီယာကို ကိုယ်ခံပညာအားကစားပရိသတ်အားလုံး သိကြမည်ဖြစ်သည်။
၎င်း၏ ကြိုးဝိုင်းအတွင်း စွမ်းဆောင်မှုများအပြင် နှစ်လိုဖွယ်အပြုအမူ၊ အပြောအဆိုဟန်ပန်များကြောင့် ပရိသတ်၏ချစ်ခင်အားပေးမှုကို အခိုင်အမာရရှိထားသူဖြစ်သည်။

မြန်မာနိုင်ငံ၏ ပထမဦးဆုံး ပရော်ဖက်ရှင်နယ် ကိုယ်ခံပညာသိုင်းပေါင်းစုံ အမျိုးသမီးအားကစားသမား အန်တိုနီယာကလည်း ပရိသတ်သည် ၎င်းဘဝအတွက်တန်ဖိုးအရှိဆုံးအရာဖြစ်ကြောင်း အခိုင်အမာပြောကြားခဲ့သည်။

“ကျွန်မ ဘဝမှာ ငွေကြေး၊ ဂုဏ်ပကာသနတွေ မလိုအပ်ပါဘူး။ ကျွန်မကိုချစ်တဲ့ ပရိသတ်ရဲ့အားပေးမှုတွေ ရှိနေရင်ပဲ ဘဝက အရာအားလုံးပြည့်စုံနေပါပြီ” ဟု အန်တိုနီယာက ဆိုသည်။

ရိုးသားပွင့်လင်းသော တိုင်းရင်းသူပီပီ အန်တိုနီယာသည် ၎င်း၏ဘဝကို ရိုးရိုးရှင်းရှင်းနှင့် ပျော်ပျော်ရွှင်ရွှင်သာ ဖြတ်သန်းသွားရန်ဆန္ဒရှိနေပြီး အဖြစ်ချင်ဆုံးအိပ်မက်မှာ အောင်မြင်သော အမျိုးသမီးကိုယ်ခံပညာသိုင်းပေါင်းစုံ ကမ္ဘာ့ချန်ပီယံတစ်ဦးဖြစ်လိုခြင်းဖြစ်သည်။ ယင်းအိပ်မက်ကို ၎င်းကိုယ်တိုင် ပြင်းပြင်းထန်ထန်အကောင်အထည် ဖော်နေပြီး ရှေ့ဆက်လျှောက်မည့်လမ်းများအတွက် ပရိသတ်၏အားပေးမှုသည် အလွန်အရေးကြီးကြောင်း ၎င်းက ဖွင့်ဟခဲ့သည်။

“ဘဝမှာ ရိုးရိုးသားသားနဲ့ ကိုယ်ရွေးချယ်ထားတဲ့ လမ်းကြောင်းပေါ်မှာ အောင်မြင်မှုရတဲ့အထိ ကျွန်မ လျှောက်လှမ်းချင်တယ်။ ဒါဟာ ကျွန်မရဲ့ ဆန္ဒပါ။ ကျွန်မက တစ်ယောက်တည်း ရုန်းကန်နေရတဲ့သူလည်းဖြစ်တယ်။ အဓိကအချက်ကတော့ ပရိသတ်တွေဆီက ကျွန်မကိုဆုတောင်းပေးတဲ့ စကားတွေ၊ အားပေးကြတဲ့စကားတွေဟာ ကျွန်မ ရှေ့ဆက်လျှောက်မဲ့ခရီးအတွက် အများကြီး အထောက်အကူဖြစ်တယ်” ဟု ပရိသတ်များက ‘တိုတို’ ဟု ချစ်စနိုးခေါ်ကြသည့် အန်တိုနီယာက ဆိုသည်။

ဘိုဇီနာ အန်တိုနီယာသည် ကိုယ်ခံပညာအားကစားသမားဘဝကို အနောက်တိုင်းလက်ဝှေ့ (Boxing) အားကစားနည်းဖြင့်စတင်ခဲ့ပြီး ပြည်တွင်းချန်ပီယံဘွဲ့ကို နှစ်ကြိမ်ရရှိသည်အထိ အောင်မြင်ခဲ့သူဖြစ်သည်။ ရိုးသားသော ကယန်းတိုင်းရင်းသူမိဘများ၏ ဆန္ဒကို ဆန့်ကျင့်၍ ကိုယ်ခံပညာအားကစားသမားဘဝကို ရွေးချယ် လျှောက်လှမ်းခဲ့သူ ဖြစ်သည်။ ၎င်း၏ ကြိုးစားအားထုတ်မှုများကြောင့် ONE Championship က အခွင့်အရေးပေးခဲ့ပြီး မြန်မာနိုင်ငံ၏ ပထမဆုံး အမျိုးသမီးကိုယ်ခံပညာသိုင်းပေါင်းစုံ အားကစားသမားဖြစ်လာခဲ့သည်။

လက်ရှိတွင် အန်တိုနီယာသည် သုံးပွဲယှဉ်ပြိုင်ထားကာ နှစ်ပွဲနိုင်၊လတစ်ပွဲရှုံး မှတ်တမ်းရရှိထားသည်။ အင်ဒိုနီးရှားနိုင်ငံ၏ ထိပ်တန်း Gym တစ်ခုဖြစ်သော Bali MMA တွင် နေထိုင်လေ့ကျင့်လျက်ရှိသည်။

“အမှန်တိုင်းပြောရရင် ကျွန်မက ငွေကြေးကို သိပ်မမက်မောဘူး။ ပစ္စည်းဥစ္စာချမ်းသာကြွယ်ဝတာတွေလည်း သိပ်မလိုချင်ဘူး။ ဘာပဲလုပ်လုပ် စိတ်အေးအေးချမ်းချမ်းနဲ့ ပျော်ပျော်ရွှင်ရွှင်နဲ့ နေချင်တယ်။ ပရိသတ်တွေရဲ့ အားပေးစကားတွေက ငွေရေးကြေးရေး ၊ပကာသနတွေထက် အရေးကြီးပါတယ်။ ကျွန်မအလိုချင်ဆုံးကလည်း ဒါပါပဲ။ ကျန်တာ ကိုယ့်ဘာသာရှာလို့ရတယ်လေ။ ပရိသတ်အားပေးမှုဆိုတာ ကိုယ့်ဘာသာရှာလို့မရဘူး။ ပရိသတ်က ချစ်မှ ပေးမှ ရတာလေ။ ဒါကြောင့် တန်ဖိုးထားတယ်” ဟု ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

ကိုယ်ခံပညာသိုင်းပေါင်းစုံလေ့ကျင့်ခန်းများသည် တစ်ခါတစ်ရံ အလွန်ပြင်းထန်သောကြောင့်
အန်တိုနီယာကဲ့သို့ ငယ်ရွယ်သောအမျိုးသမီးတစ်ယောက်အတွက် ခက်ခဲကြမ်းတမ်းသည်။ ပြိုင်ပွဲတွင်သာမက လေ့ကျင့်ရေးအစီအစဉ်များတွင်လည်း ပြင်းထန်သောဒဏ်ရာများ မကြာခဏရရှိတတ်သည်။ ထိုကဲ့သို့ ပင်ပန်းရသောအချိန်များတွင် ပရိသတ်များ၏ တန်ဖိုးကိုပိုသိနိုင်ကြောင်း ၎င်းကပြောသည်။

“ပရိသတ်ကပေးတဲ့ခွန်အားနဲ့ အရာရာကိုအနိုင်ယူမယ်” ဟု အန်တိုနီယာက ဆိုခဲ့သည်။

Ref: ONE Championship
Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top