ကမ္ဘာကြီးကို ပြောင်းလဲပစ်မယ့် နည်းပညာ ဆယ်မျိုး

top_10-1280x640.jpg

ခေတ်အဆက်ဆက် နည်းပညာတွေ တဖြည်းဖြည်း တိုးတက်လာတဲ့အလျောက် ကမ္ဘာကြီးကိုလည်း အကျိုးသက်ရောက်မှုတွေ ရှိလာပါတယ်။ ၁၉၅၀-၆၀ မှာ ပညာရှင်တွေ က ကားပျံတွေ၊ စက်ရုပ်တွေ ၂၀၀ဝခုနှစ်မှာ တည်ဆောက်နိုင်မယ်လို့ ခန့်မှန်းခဲ့ကြဖူးပြီး ဒီနေ့ခေတ်မှာ ခန့်မှန်းထားသလို ကားပျံတွေတော့ မရှိလာသေးပေမယ့် မောင်းသူမဲ့ကားတွေတော့ ထီထွင်နေကြပါပြီ။

ဒါ့အပြင် ခိုင်းစေလို့ရတဲ့ စက်ရုပ်ငယ်လေးတွေကိုလည်း တီထွင်ဖန်တီးနေကြပါတယ်။ ကျွန်တော်တို့ရဲ့နေ့စဉ်ဘဝတွေမှာ နည်းပညာမြင့်ပစ္စည်းတွေ၊ စမတ်ဖုန်းတွေ၊ ဆိုရှယ်ကွန်ရက်တွေက မရှိမဖြစ် ပါဝင်နေပါတယ်။ ဒါ့ကြောင့် ကမ္ဘာကြီး ကို ပြောင်းလဲမှုတွေ ပေးလာမယ့် စိတ်ဝင်စားစရာ နည်းပညာ ဆယ်မျိုးအကြောင်းကို ဖော်ပြပေးလိုက်ရပါတယ်။

အသံဖြင့် ခိုင်းစေနိုင်မှု

ဉာဏ်ရည်တုတွေ (Artifical Intelligence) ရဲ့ စွမ်းအားကြောင့် အသံနဲ့ ခိုင်းစေနိုင်မှုတွေ ပြုလုပ်လာနိုင်ပါပြီ။ Amazon Echo နဲ့ Apple Homepod တွေက အသံနဲ့စေခိုင်းလို့ရတဲ့ ပစ္စည်းတွေပဲ ဖြစ်ပါတယ်။ အသံနဲ့ စေခိုင်းနိုင်မှုတွေကြောင့် အနာဂတ်မှာ ကျွန်တော်တို့အချင်းချင်း စာနဲ့ ဆက်သွယ်မှုတွေ နည်းပါးသွားတော့မယ်လို့ ခန့်မှန်းရပါတယ်။

CRISPR

အကယ်၍များ ကမ္ဘာပေါ်မှာ မျိုးရိုးလိုက်တဲ့ရောဂါတွေ (ဥပမာ – ဦးနှောက်ဆဲလ် သေသွားနိုင်တဲ့ရောဂါ၊ မျိုးရိုးလိုက်တဲ့ အသက်ရှူလမ်းကြောင်းပိတ်ရောဂါ) ဖြစ်ပွားမယ်လို့ စိတ်ကူးကြည့်ရင် ထိတ်လန့်ဖို့ အတော်ကောင်းပါတယ်။ ဒါပေမဲ့လည်း Crispr ရဲ့ အစွမ်းနဲ့ ဒီရောဂါတွေကို တိုက်ထုတ်နိုင်မှာ ဖြစ်ပါတယ်။ CRISPR (Clustered Regularly Interspaced Short Palindromic Repeats) ဆိုတာ ကျွန်တော်တို့သွေးထဲက မျိုးရိုးလိုက်ရောဂါတွေ ဖြစ်ပွားစေတဲ့ DNA တွေကို အပြီးတိုင် ဖယ်ထုတ်ပစ်ပြီး သန္ဓေပြောင်းလဲလိုက်တဲ့ နည်းပညာတစ်မျိုး ဖြစ်ပါတယ်။ ဒီနည်းပညာကို ကင်ဆာရောဂါသည်အချို့မှာ စမ်းသပ် အသုံးပြုနေပြီး ရလဒ်လည်း အတော်လေး ကောင်းမွန်တယ်လို့ သိရှိရပါတယ်။

အထောက်အကူဖြစ်စေသော စက်ရုပ်များ

Boston Dynamics ကုမ္ပဏီက စက်ရုံတွေနဲ့ စစ်မြေပြင်မှာ အသုံးပြုနိုင်မယ့် စက်ရုပ် အမြောက်အမြားကို တီထွင်ထားပါတယ်။ ဒါ့အပြင် Knightscope ကုမ္ပဏီက ထုတ်တဲ့ လုံခြုံရေးသုံး စက်ရုပ်တွေက တစ်မိနစ်မှာ လိုင်စင်နံပါတ်ပြား ၁၂၀၀ ကို မှတ်သားနိုင်တယ်လို့ သိရပါတယ်။ အဲဒီ လုံခြုံရေးစက်ရုပ်တွေက ကွန်ရက်တွေကို ဟက်ကာတွေရဲ့ အန္တရာယ် မကျရောက်စေရန် သတိပေးချက်တွေ ပြုလုပ်ပေးနိုင်ပါတယ်။

Augmented and mixed reality (AR & MR)

လွန်ခဲ့တဲ့နှစ်အနည်းငယ်က လူတွေဟာ AR (အနီးစပ်ဆုံးဥပမာ ပေးရရင် Pokemon Go)၊ MR (အပြင်လောက နဲ့ ဖန်တီးထားတဲ့လောကကို ရောယှက်ထားတာမျိုး) တွေကို သိပ်မသဲကွဲကြပါဘူး။ (VR – Virtual Reality လိုမျိုး အပြင်လောက နဲ့ ချိတ်ဆက်မထားဘဲ ဖန်တီးထားတဲ့ သီးသန့်လောက ဆိုတာလည်း ရှိပါသေးတယ်။) ခုနောက်ပိုင်းမှာတော့ Apple က AR နည်းပညာကို ဖွံ့ဖြိုးတိုးတက်အောင် ရင်းနှီးမြုပ်နှံမှုတွေ အကြီးအကျယ် ပြုလုပ်နေပါတယ်။ Apple က ထုတ်တဲ့ iPhone တွေမှာ AR နည်းပညာ ထည့်သွင်းလာတာကိုလည်း သတိထားမိလာကြပါတယ်။

Regenerative medicine

စိတ်ကူးယဉ်ဆန်လွန်းတယ်လို့ ထင်ရတဲ့ ဒီနည်းပညာကို ဆရာဝန်တွေက ခန္ဓာကိုယ်အစိတ်အပိုင်း အစားထိုးမှုတွေမှာ စမ်းသပ်ပြုလုပ်နေကြပါပြီ။ ဆရာဝန်တွေက ပထမဆုံး ခန္ဓာကိုယ်ထဲက ဆဲလ်တွေကို ခြစ်ထုတ်ပြီး လူနာရဲ့ကိုယ်ထဲမှာ ဆက်လက် ရှင်သန်နိုင်လောက်မယ့် အခြေအနေထိ
petri dish ထဲမှာ မွေးမြူကာ အစားထိုးမှုတွေ ပြုလုပ်တယ်လို့ သိရပါတယ်။ Organovo လို့ ခေါ်တဲ့ ကုမ္ပဏီဟာ လူခန္ဓာကိုယ် အစိတ်အပိုင်းတွေကို သုံးဖက်မြင် ရုပ်ကြွပုံအဖြစ် ထုတ်လုပ်နေတယ်လို့လည်း သိရပါတယ်။ ဒီနည်းပညာသစ်ဟာ အသက်ကယ်နိုင်မယ့် ကိုယ်အင်္ဂါ အစိတ်အပိုင်း အစားထိုးမှုတွေအတွက် တကယ်ကို အရေးပါလာမှာဖြစ်ပါတယ်။

မောင်းသူမဲ့ယာဉ်များ

Tesla, General Motors နဲ့ Volvo ကုမ္ပဏီတွေက တစ်စိတ်တစ်ပိုင်း အလိုအလျောက် မောင်းနှင်နိုင်တဲ့ယာဉ်တွေကို တီထွင် အောင်မြင်ထားကြပါတယ်။ မကြာခင်ကာလမှာ မောင်းသူမဲ့ယာဉ်တွေ ခေတ်စားလာဖို့ သေချာသလောက်ပါပဲ။ Uber ကလည်း မောင်းသူမဲ့ယာဉ်တွေ ထုတ်လုပ်မယ့် အစီအစဉ်မှာ ပါဝင်နေတယ်လို့ သိရပါတယ်။

ပြန်လည်အသုံးပြုနိုင်သော ဒုံးပျံများ

အာကာသ ဖောက်ခွဲမှုတွေမှာ အကုန်အကျ အများဆုံးကတော့ အလွန်လေးလံတဲ့ဝန်ကို အာကာသထဲကို သယ်ယူ ပို့ဆောင်ပေးနိုင်တဲ့ စွမ်းဆောင်ရည် ပြည့်ဝတဲ့ ဒုံးပျံတွေ တည်ဆောက်ခြင်း ဖြစ်ပါတယ်။ ဒါကြောင့် ကုန်ကျစရိတ် လျော့ချနိုင်ဖို့အတွက် ပြန်လည်အသုံးပြုနိုင်အောင်လည်း ထုတ်လုပ်လာကြပါတယ်။

Cryptocurrency

ဒီနေ့ခေတ်မှာတော့ Cryptocurrency လို့ ခေါ်တဲ့ ဒစ်ဂျစ်တယ် ငွေကြေးတွေက အငြင်းပွားစရာ ဖြစ်နေပေမဲ့လည်း ခေတ်ရေစီးကြောင်းလို့ ပြောရင်လည်း မမှားပါဘူး။ Bitcoin လို့ ခေါ်တဲ့ သူ့ရဲ့ ငွေကြေးအမျိုးအစားက ကျွန်တော်တို့ လက်နဲ့ ထိတွေ့ကိုင်တွယ်နေတဲ့ ငွေကြေးအမျိုးအစားထက် ဒေါ်လာ ၁၉၀၀၀ကျော် တန်ဖိုး ပိုရှိတယ်လို့ သိရပါတယ်။ TrustToken, HybridBlock တွေက ဒစ်ဂျစ်တယ် ငွေကြေးကုန်သွယ်မှု လုပ်ဆောင်နေတဲ့ ပလက်ဖောင်းတွေပဲ ဖြစ်ပါတယ်။

Quantum computing

ကျွန်တော်တို့ ပုံမှန်သုံးနေကြ ကွန်ပျူတာတွေက သုညနဲ့တစ်ကို အခြေခံပြီး တွက်ချက်မှု၊ ဆက်သွယ်မှုတွေကို ပြုလုပ်ကြပါတယ်။ ဒီနေ့ခေတ် ကွန်ပျူတာတွေက စွမ်းဆောင်ရည်တွေ မြင့်မားလာတယ်ဆိုပေမယ့် မဖြေရှင်းနိုင်တဲ့ နည်းပညာမြင့် ပြဿနာတွေ ရှိပါတယ်။ အရာရာတိုင်းက သူ့အတိုင်းအတာနဲ့သူလို့ ပြောကြသလိုပေါ့။ ဒါကြောင့် Quantum နည်းပညာ အခြေခံထားတဲ့ Quantum ကွန်ပျူတာကို တီထွင်လာကြပါတယ်။ Quantum ကွန်ပျူတာတွေက ပုံမှန် ကွန်ပျူတာတွေထက် သာလွန်အောင် Quantum bits တွေပေါ် အခြေခံပြီး အချက်အလက်တွေကို သယ်ယူ ပို့ဆောင်ကြပါတယ်။ ရလဒ်အနေနဲ့ ပုံမှန် ကွန်ပျူတာတွေ ဖြေရှင်းဖို့ ခက်ခဲတဲ့အရာတွေကို ဖြေရှင်းလာနိုင်ပါတယ်။ ဒီနည်းပညာက တီထွင်နေဆဲဖြစ်ပေမယ့် ဂူးဂဲလ်နဲ့ မိုက်ခရိုဆော့ဖ်တို့က အဲဒီနည်းပညာကို အခြေခံပြီး စူပါကွန်ပျူတာတွေ တီထွင်တဲ့နေရာမှာ ဒေါ်လာ ဘီလီယမ်ကျော် ရင်းနှီးမှုတွေ လုပ်ထားတယ်လို့ သိရပါတယ်။ ဒီနည်းပညာကို နေရာတိုင်းမှာ သုံးနိုင်ပြီး မောင်းသူမဲ့ကားတွေမှာလည်း သုံးနိုင်မယ်လို့ ပြောကြားထားပါတယ်။

ဉာဏ်ရည်တုနဲ့ အလိုအလျောက်နည်းပညာ

ဒီနေ့ခေတ်မှာ နာမည်ကြီး လုပ်ငန်းအချို့က ဝယ်သူတွေကို အကောင်းဆုံး ဝန်ဆောင်မှုပေးဖို့နဲ့ ကုန်ကျစရိတ်တွေ လျော့ချနိုင်ဖို့ အလိုအလျောက်စနစ်တွေကို အသုံးပြုလာကြပါတယ်။ ကုန်လှောင်ရုံတွေမှာ အလိုအလျောက်စနစ်တွေသုံးပြီး ကုန်တင်၊ ကုန်ချ ပြုလုပ်ကြတာတွေ၊ ဆိုရှယ်ကွန်ရက်တွေမှာ အလိုအလျောက် မှတ်ချက် ရေးတာ၊ စာပြန်ပို့တာတွေက ကျွန်တော်တို့မြင်နေရတဲ့ သိသာထင်ရှားတဲ့ ဥပမာတွေပဲ ဖြစ်ပါတယ်။

Ref: NewsRepublic “10 Technologies That Are Changing the World”

Scarlett (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top