စကားတောင်မပြောဖူးခဲ့တဲ့ အတန်းဖော်ဟောင်းကို ကျောက်ကပ်ပေးလှူခဲ့သူ

thODROZTKC.jpg

ချာလီဘောလ် (Charlie Ball) နဲ့ ကဲန်းနက်ဝေါကာ (Kenneth Walker) တို့ဟာ လွန်ခဲ့တဲ့ နှစ်၅ဝကျော်က ဝါရှင်တန်ဒီစီမြို့ရဲ့ အာ့ခ်ျဘီရှော့ကာရိုလ် အထက်တန်းကျောင်းမှာ ကျောင်းအတူတူတက်ခဲ့ကြသူတွေပါ။ ၁၉၆၉ခုနှစ်မှာ သူတို့နှစ်ယောက်စလုံး ဘွဲ့ရခဲ့ကြတဲ့အထိကို တစ်ယောက်နဲ့တစ်ယောက် လုံးဝ စကားမပြောခဲ့ကြဖူးပါဘူး။ အခုတော့ ကမ်းရိုးတန်း တစ်ဖက်တစ်ချက်စီမှာ နေထိုင်နေကြပါတယ်။

တောင်အာဖရိကမှာရှိတဲ့ အမျိုးသားအများ ပြည်သူရေဒီယိုဌာနတစ်ခုမှာ အရာရှိအဖြစ် တာဝန်ထမ်းဆောင်နေရင်း ဝေါကာတစ်ယောက် နာမကျန်း ဖြစ်ခဲ့ပါတယ်။ အဲဒီမှာ ရောဂါရှာဖွေမှု မှားယွင်းခဲ့ပြီး ကုသမှု လွဲမှားခဲ့တာကြောင့် ကျန်းမာရေးဟာ ကောင်းမလာခဲ့ပါဘူး။ သူ အမေရိကားကို ပြန်လာခဲ့ချိန်မှာ ရောဂါရဲ့အရင်းအမြစ်ကို မသိရရင် သူနေရမယ့်ရက်တွေကို လက်ချိုးရေနေရုံအပြင် တခြား ရွေးချယ်စရာမရှိတော့ပါဘူး။ ဝေါကာဟာ ကျောက်ကပ် အစားထိုးဖို့ အသည်းအသန် လိုအပ်နေခဲ့ပါတယ်။ ကျောက်ကပ်လိုအပ်သူစာရင်းထဲမှာ သူ့အမည်ကို စာရင်းသွင်းထားခဲ့ပေမဲ့ ကျောင်းတုန်းက သူငယ်ချင်းတစ်ယောက်က အကြံဥာဏ်ပေးခဲ့တာကြောင့် ကျောင်းကနေ အတန်းဖော်များရဲ့ အီးမေးလ်လိပ်စာတွေကို သူတောင်းယူခဲ့ပါတယ်။

နောက်တော့ သူ အီးမေးလ်တွေပေးပို့ပါတယ်။ သူ့အီးမေးလ်ရဲ့အကြောင်းအရာကတော့ ရိုးရိုးရှင်းရှင်းလေးပါပဲ။ “အသက်တစ်ချောင်းအတွက် မေတ္တာရပ်ခံချက်” ပါတဲ့။

ကျောက်ကပ်အစားထိုးကုသဖို့ဆိုတာ ဘယ်လောက်ခက်ခဲကြောင်းကို သူက အီးမေးလ်ထဲမှာ ရေးသားပြောဆိုထားပါတယ်။ ဒီလိုတောင်းဆိုမှုအတွက် ဘယ်သူကမှ လျောလျောလျူလျူ ပေးမှာမဟုတ်ဘူးဆိုတာလည်း သူအပြည့်အဝ နားလည်ကြောင်း၊ ဒီအတိုင်းသာ သူ့ရဲ့ဖြစ်ရပ်ကို သတိပြုစေချင်ကြောင်း၊ သူ့ရဲ့ ဒီလိုကြိုးပမ်းအားထုတ်မှုကြောင့် မကြာခင်မှာ ကျောက်ကပ်တစ်ခု အလှူခံရရှိဖို့ မျှော်လင့်ကြောင်း၊ ကျောက်ကပ် အလှူခံစာရင်းထဲက လူများစွာကိုလည်း ကူညီပေးဖို့ ထည့်သွင်း စဉ်းစားစေချင်ကြောင်း ရေးသားပေးပို့ခဲ့ပါတယ်။

၁၅မိနစ်တောင် မကြာဘဲ ဘောလ်ဆိုတဲ့ အတန်းဖော်ဟောင်းဆီက ပြန်စာ ရောက်လာခဲ့ပါတယ်။ “ငါဆေးရုံကို မနက်ကျရန် ဖုန်းဆက်လိုက်မယ်။ မင်းလိုအပ်တာ ရပါစေလို့ ငါဆုတောင်းပေးပါတယ်” လို့ တုံ့ပြန်လာပါတယ်။ ဒီလိုစကားကို ကြားလိုက်ရတဲ့အချိန်မှာ ဝေါကာဟာ အရမ်းကို ပျော်ရွှင် ဝမ်းမြောက်သွားခဲ့ပါတယ်။

“ကျွန်တော် ပြောဆိုဆက်ဆံခဲ့ဖူးသူတွေတော့ တစ်ယောက်မှ ဒီလိုလုပ်လိမ့်မယ် မထင်ပါဘူး။ ဒါကလည်း လူပေါ်မှာသာ မူတည်မယ်ထင်ပါတယ်ဗျာ” လို့ ခွဲစိတ်အပြီးမှာ ဘောက CNN ကို ပြောကြားခဲ့ပါတယ်။ ပြန်နလန်ထူလာဖို့ လအနည်းငယ်လောက် ကြာခဲ့ပါတယ်။

နောက်ဆုံး ဘောလ် ပြောကြားခဲ့တဲ့ စကားတစ်ခွန်းကတော့ “ထူးဆန်းတဲ့တိုက်ဆိုင်မှုတွေကတော့ အများကြီးရှိနိုင်ပါတယ်။ ဒါပေမဲ့ ကျွန်တော်က တိုက်ဆိုင်မှုတွေကို ယုံကြည်မှုမရှိပါဘူး။ ကံတရားကိုသာ ယုံကြည်တာပါ။ ကျွန်တော့်ခန္ဓာကိုယ်ရဲ့ တစ်စိတ်တစ်ပိုင်းလေးကို ပေးခဲ့တာပါ။ ဘုရားသခင်က ကျွန်တော့်ကို နှစ်ခုပေးခဲ့တာမို့လေ။ ဘာကြောင့်ပေးထားတာလဲဆိုတာကို သိစရာလည်း မလိုပါဘူး” လို့ပဲ ဖြစ်ပါတယ်။

Ref: CNN “He needed a kidney. A classmate from 50 years ago whom he barely knew answered the call”

Htet Htet Tin Zar (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top