အသေးအဖွဲတွေကို စုပေါင်းခြင်း

yyl-008.jpg

ဒီတစ်ပတ် အယ်ဒီတာ့အာဘော်ကဏ္ဍမှာတော့ အသေးအဖွဲတွေကို စုပေါင်းခြင်းဆိုတဲ့ ခေါင်းစဉ်ကို ရွေးချယ်ထားပါတယ်။ ၂၀၁၈ ခုနှစ်က နယူးယော့ခ်တိုင်းမ်ရဲ့ ရောင်းအားအကောင်းဆုံး စာအုပ်စာရင်းမှာ (၈)လဆက်တိုက် ပါဝင်ခဲ့တဲ့ စာရေးဆရာ ဂျိမ်းစ်ကလီးယား(James Clear)ရဲ့ Atomic Habits စာအုပ်ထဲက အကြောင်းအရာတွေကို အခြေခံပြီး ဒီခေါင်းစဉ်ကို ရေးဖြစ်ခဲ့တာပါ။ ကျွန်တော်တို့အားလုံးဟာ အောင်မြင်မှုတစ်ရပ် ဒါမှမဟုတ် ကျဆုံးမှုတစ်ရပ်ကို လေ့လာဆန်းစစ်တဲ့နေရာမှာ ဘယ်အခိုက်အတန့်က အဆုံးအဖြတ်ဖြစ်သွားတာလဲဆိုတာမျိုး အဓိကထားပြီး ရှာဖွေကြလေ့ရှိပါတယ်။ အသေးအဖွဲ တိုးတက်မှု၊ အသေးအဖွဲ ဆုတ်ယုတ်မှုတွေကို သတိလက်လွတ်နေကြတာများပါတယ်။ ကျွန်တော်တို့ သတိလက်လွတ်ဖြစ်နေတဲ့ အသေးအဖွဲ အလေ့အကျင့်တွေက ကျွန်တော်တို့ဘဝကို ဘယ်လောက်အထိ သက်ရောက်စေနိုင်သလဲဆိုတာကို ဂျိမ်းစ်ကလီးယားက ထောက်ပြသတိပေးထားပါတယ်။ Atomic Habits စာအုပ်ရဲ့ Chapter One ပါ အကြောင်းအရာတချို့ကို စာမြည်းအနေနဲ့ ဘာသာပြန်ဆို ဖော်ပြပေးထားပါတယ်။

၂၀၁၃ ခုနှစ်ထဲက နေ့တစ်နေ့ဟာ ဗြိတိန်စက်ဘီးလောကရဲ့ ကံကြမ္မာပြောင်းလဲစေခဲ့ပါတယ်။ ဂရိတ်ဗြိတိန် ပရော်ဖက်ရှင်နယ်စက်ဘီးအဖွဲ့က ဒေ့ဗ်ဘရေးစဖို့ဒ်ကို စွမ်းဆောင်ရည်ဆိုင်ရာ ဒါရိုက်တာသစ်အဖြစ် ခန့်အပ်ခဲ့တဲ့နေ့ပါ။ အဲဒီအချိန်တုန်းက ဂရိတ်ဗြိတိန် ပရော်ဖက်ရှင်နယ် စက်ဘီးစီးသမားတွေက သာမန်ညောင်ညအဆင့်နဲ့ ကျင်လည်နေရတာ နှစ် ၁၀၀ လောက်ရှိနေပါပြီ။ ၁၉၀၈ ခုနှစ်နောက်ပိုင်း ဗြိတိန်စက်ဘီးစီးသမားတွေက အိုလံပစ်ပြိုင်ပွဲမှာ ရွှေတံဆိပ်တစ်ခုပဲ ရခဲ့ပါတယ်။ စက်ဘီးစီးလောကရဲ့ အကြီးကျယ်ဆုံးပြိုင်ပွဲဖြစ်တဲ့ တိုးဒီဖရန့်ပြိုင်ပွဲမှာ ဂရိတ်ဗြိတိန်စက်ဘီးစီးသမားတွေရဲ့ စွမ်းဆောင်မှုက ပိုဆိုးပါတယ်။ တိုးဒီဖရန့်ပြိုင်ပွဲမှာ နှစ် ၁၁၀ အတွင်း ဗြိတိန်စက်ဘီးစီးသမား တစ်ယောက်မျှ ဗိုလ်မစွဲခဲ့ဖူးပါဘူး။ ဗြိတိန်စက်ဘီးစီးသမားတွေရဲ့ စွမ်းဆောင်မှုက တော်တော်ဆိုးရွားလွန်းလို့ ဥရောပရဲ့ ထိပ်တန်းစက်ဘီးထုတ်လုပ်ရေးကုမ္ပဏီတစ်ခုဆိုရင် ဗြိတိန်အသင်းအတွက် စက်ဘီးရောင်းချပေးဖို့တောင် ငြင်းဆန်ခဲ့ပါတယ်။ ဗြိတိန်စက်ဘီးစီးသမားတွေက သူတို့ကုမ္ပဏီထုတ် စက်ဘီးတွေ စီးနေတာကို တခြားကစားသမားတွေ တွေ့သွားရင် သူတို့ကုမ္ပဏီရောင်းအားကျမှာ စိုးရိမ်ပြီး အဲဒီလိုငြင်းဆန်ခဲ့တာပါ။ အဲဒီလိုအခြေအနေမှာ ဗြိတိန်စက်ဘီးလောကကို လမ်းကြောင်းသစ်ထံ ဦးတည်စေဖို့ ဘရေးစဖို့ဒ်ကို ခန့်အပ်ခဲ့တာပါ။

”အသေးအဖွဲ့တိုးတက်မှုများ ပေါင်းစည်းခြင်း” နည်းဗျူဟာကို တစိုက်မတ်မတ် ကိုင်စွဲထားတာက ဘရေးစဖို့ဒ်နဲ့ တခြားနည်းပြတွေကြား ကွာခြားချက်ပါပဲ။ ဘရေးစဖို့ဒ်ရဲ့ နည်းဗျူဟာက ကိုယ်လုပ်သမျှကိစ္စတိုင်းမှာ အသေးအဖွဲ့ တိုးတက်မှုရအောင် ရှာဖွေခိုင်းတဲ့ ဒဿနပါ။ ”စက်ဘီးစီးတာနဲ့ သက်ဆိုင်တဲ့ ကိစ္စတစ်ခုချင်းစီတိုင်းကို ပိုင်းခြားပြီး ၁ ရာခိုင်နှုန်းစီ တိုးတက်အောင်လုပ်ပါ၊ အားလုံးကို ပြန်ပေါင်းလိုက်ရင် သိသိသာသာ တိုးတက်လာလိမ့်မယ်ဆိုတဲ့ အယူအဆကနေ အဲဒီစည်းမျဉ်းဖြစ်လာတာပါ”လို့ ဘရေးစဖို့ဒ်က ပြောပါတယ်။ ဘရေးစဖို့ဒ်နဲ့ နည်းပြအဖွဲ့ဝင်တွေက စစချင်းမှာပဲ ပရော်ဖက်ရှင်နယ်စက်ဘီးအသင်းကို အသေးစားပြောင်းလဲမှုတွေ လုပ်တယ်။ ထိုင်ရတာ သက်သောင့်သက်သာရှိအောင် စက်ဘီးထိုင်ခုံတွေကို ပုံစံပြောင်းတယ်။ ကုပ်အားကောင်းအောင် စက်ဘီးတာယာတွေကို အရက်နဲ့ပွတ်တယ်။ စက်ဘီးစီးသမားတွေကို စက်ဘီးစီးနေချိန်မှာ လိုအပ်တဲ့ ကြွက်သားအပူချိန် ထိန်းပေးထားနိုင်အောင် လျှပ်စစ်ဓာတ်နဲ့ အပူပေးတဲ့ အသားကပ်ဘောင်းဘီတွေ ဝတ်ခိုင်းတယ်။ လေ့ကျင့်ခန်းတစ်ခုချင်းစီတိုင်းမှာ စက်ဘီးစီးသမားတွေ ဘယ်လိုတုံ့ပြန်လဲဆိုတာ စောင့်ကြည့်နိုင်ဖို့ ဇီဝတုံ့ပြန်မှုဆင်ဆာတွေ အသုံးပြုခိုင်းတယ်။ ဘရေးစဖို့ဒ်ရဲ့နည်းပြအဖွဲ့က လေလွှတ်ထားတဲ့ လူလုပ်ဥမင်ထဲမှာ ဝတ်စုံအမျိုးမျိုးကို စမ်းသပ်ပြီး ရုံပြင်စက်ဘီးစီးသမားတွေကို ရုံတွင်းအားကစားဝတ်စုံတွေ ဝတ်ခိုင်းခဲ့တယ်။

အဲဒီဝတ်စုံတွေက ပိုပေါ့ပါးပြီး လေခွင်းအားပိုကောင်းပါတယ်။ နည်းပြအဖွဲ့ရဲ့ ပြင်ဆင်မှုတွေက အဲဒီလောက်နဲ့ ရပ်တန့်မသွားပါဘူး။ ဘရေးစဖို့ဒ်နဲ့ သူ့အဖွဲ့က သတိမမူမိတဲ့ အပိုင်းတွေမှာ ၁ ရာခိုင်နှုန်း တိုးတက်မှုရအောင် ဆက်ပြီးရှာဖွေခဲ့ပါတယ်။ နှိပ်ရင် လိမ်းတဲ့ ဂျယ်တွေထဲမှာ ဘယ်အမျိုးအစားက ကြွက်သားတွေကို အမြန်ဆုံးပြန်ပြီး အားအင်ပြည့်ဖြိုးစေနိုင်မလဲဆိုတာကို သိရအောင် ဂျယ်အမျိုးမျိုးကို စမ်းသပ်ခဲ့ပါတယ်။ ပြီးတော့ ခွဲစိတ်ဆရာဝန်တစ်ယောက် ခေါ်ယူခန့်အပ်ခဲ့ပြီး စက်ဘီးစီးသမားတစ်ယောက်ချင်းစီတိုင်းကို အအေးမိနိုင်ခြေ လျှော့ချနိုင်စေမယ့် အကောင်းဆုံးလက်ဆေးနည်း သင်ပေးခိုင်းခဲ့ပါတယ်။ စက်ဘီးစီးသမားတစ်ယောက်ချင်းစီကို အနှစ်ခြိုက်ဆုံး အိပ်ပျော်စေနိုင်မယ့် ခေါင်းအုံးနဲ့ မွေ့ယာတွေကို ရွေးချယ်ခဲ့ပါတယ်။ ပြီးတော့ ဖုန်မှုန့်တွေ မြင်နိုင်အောင် အသင်းထရပ်ကား အတွင်းပိုင်းကို အဖြူရောင် ဆေးသုတ်ခဲ့ပါတယ်။ တော်ရုံတန်ရုံ မမြင်နိုင်တဲ့ ဖုန်မှုန့်တွေက အနုစိတ်လွန်းတဲ့ စက်ဘီးတွေရဲ့ စွမ်းဆောင်ရည်ကို ကျဆင်းစေနိုင်လို့ပါပဲ။ အခုလို ရာနဲ့ချီတဲ့ အသေးအဖွဲ တိုးတက်မှုတွေကို ပေါင်းစပ်လိုက်ချိန်မှာတော့ ရလဒ်ကောင်းတွေ ရရှိမှုက ထင်ထားတာထက် ပိုမြန်ခဲ့ပါတယ်။ ဘရေးစဖို့ဒ် တာဝန်ယူပြီး ၅ နှစ်နီးပါးအကြာမှာ ကျင်းပခဲ့တဲ့ ၂၀၀၈ ဘေဂျင်းအိုလံပစ်ပြိုင်ပွဲမှာ ဗြိတိန်စက်ဘီးစီးအသင်းက ရုံတွင်းစီးပြိုင်ပွဲရော၊ လမ်းပေါ်စီးပြိုင်ပွဲမှာရော မင်းမူခဲ့ပါတယ်။

ဘေဂျင်းအိုလံပစ်ပြိုင်ပွဲမှာ ဗြိတိန်စက်ဘီးအသင်းက ရနိုင်တဲ့ ရွှေတံဆိပ်ရဲ့ ၆၀ ရာခိုင်နှုန်းအထိ ရရှိခဲ့ပါတယ်။ နောက် ၄ နှစ်အကြာမှာတော့ အိုလံပစ်ပြိုင်ပွဲကို လန်ဒန်မှာ ကျင်းပခဲ့ပါတယ်။ အဲဒီပြိုင်ပွဲမှာတော့ ဗြိတိန်အသင်းက အိုလံပစ်စံချိန် ၉ ခု၊ ကမ္ဘာ့စံချိန် ၇ ခုအထိ စံချိန်တင်ပြီး သူတို့ရဲ့ စွမ်းဆောင်မှုကို ထပ်မြှင့်နိုင်ခဲ့ပါတယ်။ အဲဒီနှစ်မှာပဲ ဘရက်ဒလေဝစ်ဂင်က တိုးဒီဖရန့်ပြိုင်ပွဲ ဗိုလ်စွဲတဲ့ ပထမဆုံး ဗြိတိန်စက်ဘီးစီးသမားဖြစ်လာခဲ့ပါတယ်။ နောက်နှစ်မှာတော့ ဘရက်ဒလေဝစ်ဂင်ရဲ့အသင်းဖော် ခရစ်ဖွမ်းက တိုးဒီဖရန့်မှာ ထပ်ပြီးဗိုလ်စွဲခဲ့တယ်။ ခရစ်ဖွမ်းက ၂၀၁၅၊ ၂၀၁၆၊ ၂၀၁၇ ခုနှစ် ပြိုင်ပွဲတွေမှာလည်း ဗိုလ်စွဲခဲ့လို့ ဗြိတိန်အသင်းက ၆ နှစ်အတွင်း တိုးဒီဖရန့်ပြိုင်ပွဲမှာ ၅ ကြိမ်အထိ ဗိုလ်စွဲနိုင်ခဲ့ပါတယ်။ ၂၀၀၇ ကနေ ၂၀၁၇ ခုနှစ်အထိ ၁၀ နှစ်တာကာလအတွင်း ဗြိတိန်စက်ဘီးစီးသမားတွေက ကမ္ဘာ့ချန်ပီယံရှစ်ပြိုင်ပွဲ ၁၇၈ ခုမှာ ဗိုလ်စွဲခဲ့ပြီး အိုလံပစ် ဒါမှမဟုတ် ပါရာလံပစ်ရွှေတံဆိပ်ဆု ၆၆ ခု ရခဲ့သလို တိုးဒီဖရန့်ပြိုင်ပွဲမှာ ၅ ကြိမ် ဗိုလ်စွဲခဲ့လို့ စက်ဘီးစီးပြိုင်ပွဲသမိုင်းမှာ ဗြိတိန်အသင်းရဲ့ အအောင်မြင်ဆုံးကာလအဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။ ဒီအောင်မြင်မှုကို ဘယ်လိုရခဲ့တာလဲ။ အရင်တုန်းက သာမန်ညောင်ည အားကစားသမားတွေနဲ့ စုဖွဲ့ထားတဲ့အသင်းကို သေးငယ်တဲ့ အပြောင်းအလဲတွေလုပ်ပြီး ကမ္ဘာ့ချန်ပီယံဆုတွေ ဆွတ်ခူးနိုင်အောင် ဘယ်လို ပြောင်းလဲခဲ့တာလဲ။ ဒါဆိုရင် သေးငယ်တဲ့အပြောင်းအလဲတွေလုပ်တာ အကောင်းဆုံးနည်းလား။ ဘာကြောင့်မို့လို့ အသေးအဖွဲ့တိုးတက်မှုတွေက အခုလို အသိအမှတ်ပြုစရာ ရလဒ်မျိုး ဖြစ်သွားတာလဲ။ ကိုယ့်ရဲ့လက်တွေ့ဘဝမှာရော ဒီလိုချဉ်းကပ်နည်းကို အတုယူလို့ရနိုင်မလား . . . .

သေးနုတ်တဲ့ အလေ့အကျင့်တွေက အပြောင်းအလဲကြီးကြီးမားမားဖြစ်စေတာ ဘာကြောင့်လဲ

အဆုံးအဖြစ်ဖြစ်စေတဲ့ အခိုက်အတန့်တစ်ခုရဲ့ အရေးပါမှုကို ပိုတွက်ပြီး နေ့စဉ်ဖြစ်ပေါ်နေတဲ့ အသေးစားတိုးတက်မှုတွေရဲ့ တန်ဖိုးကို လျှော့တွက်တာမျိုးက အရမ်းလွယ်ကူပါတယ်။ မကြာခဏဆိုသလိုပဲ ကျွန်တော်တို့တွေက ကြီးမားတဲ့အောင်မြင်မှုရဖို့ ကြီးမားတဲ့လုပ်ဆောင်မှု လိုအပ်တယ်လို့ ယုံကြည်လေ့ရှိပါတယ်။ ၀ိတ်ချဖို့၊ စီးပွားရေးလုပ်ငန်း တည်ထောင်ဖို့၊ စာအုပ်တစ်အုပ်ရေးဖို့၊ ချန်ပီယံဘွဲ့ ဆွတ်ခူးဖို့၊ တခြားရည်မှန်းချက်တစ်ခုခု ပြည့်ဝဖို့ လူတိုင်းပြောစမှတ်တွင်စေမယ့် အံ့အားသင့်စရာ တိုးတက်မှုလုပ်ရမယ်လို့ ကိုယ့်ကိုယ်ကိုယ် ဖိအားပေးလေ့ရှိပါတယ်။ ၁ ရာခိုင်နှုန်း တိုးတက်အောင်လုပ်တာကိုတော့ ဂရုစိုက်မိမှာ မဟုတ်ပါဘူး။ တခါတရံ လုံးဝသတိမထားမိတတ်ပါဘူး။ ဒါပေမဲ့ အဲဒီလိုလုပ်တာက အဓိပ္ပာယ်ရှိတယ်ဆိုတာထက် ပိုပါသေးတယ်။ အထူးသဖြင့် ရေရှည်မှာပေါ့။ အသေးစားတိုးတက်မှုတွေကို အချိန်ကြာကြာလုပ်ရင် ရရှိလာမယ့်အပြောင်းအလဲက အံ့အားသင့်စရာပါ။ သချင်္ာနည်းနဲ့ တွက်ကြည့်တဲ့အခါ တစ်နှစ်ကြာတဲ့အထိ တစ်နေ့ကို တစ်ရာခိုင်နှုန်း တိုးတက်အောင်လုပ်သွားရင် နှစ်ကုန်တဲ့အခါ ၃၇ ဆ ပိုကောင်းနေမှာပါ။ ပြောင်းပြန်ပြောရရင်တော့ တစ်နှစ်ကြာတဲ့အထိ တစ်ရာခိုင်နှုန်း ဆုတ်ယုတ်သွားရင်တော့ နှစ်ကုန်တဲ့အထိ ဘာမှ မရှိသလောက်နီးပါး ဖြစ်သွားမှာပါ။ သေးငယ်တဲ့ တိုးတက်မှုပဲဖြစ်ဖြစ်၊ သေးငယ်တဲ့ ဆုတ်ယုတ်မှုပဲဖြစ်ဖြစ် အချိန်ကြာတဲ့အခါ ကြီးမားလာတာ ဓမ္မတာပါပဲ။ အလေ့အကျင့်ဆိုတာ ကိုယ့်ကိုယ်ကိုယ် တိုးတက်အောင်လုပ်တဲ့နေရာမှာ အတိုးနဲ့ အရင်းပေါင်းထားတဲ့ တိုးရင်းပေါင်းလိုပါပဲ။ ငွေချေးတဲ့အခါ အတိုးကို အရင်းထဲ ထပ်ထပ်ပေါင်းသွားသလိုမျိုး အလေ့အကျင့်တစ်ခုကို ထပ်ဖန်တလဲလဲ လုပ်မိရင် အဲဒီအလေ့အကျင့်ရဲ့ သက်ရောက်မှုက ဆတိုးတက်လာမှာပါ။ တစ်ရက်၊ တစ်မနက်တည်းမှာတော့ မသိသာဘူးလို့ ထင်ရပါတယ်။ လတွေ၊ နှစ်တွေ ကြာလာရင်တောင် သက်ရောက်မှုပမာဏက ကြီးမားတယ်လို့ မထင်ရသေးပါဘူး။ ဒါပေမဲ့ ၂ နှစ်၊ ၅ နှစ် ဒါမှမဟုတ် ၁၀ နှစ်တာကာလကို ပြန်ကြည့်လိုက်ရင်တော့ အလေ့အကျင့်ကောင်းတွေကြောင့် အကျိုးခံစားရမှုနဲ့ အလေ့အကျင့်ဆိုးတွေကြောင့် ပေးဆပ်လိုက်ရတာတွေက သိသာထင်ရှားလာမှာပါ။

အခုဖော်ပြထားတာတွေ ဖတ်ရှုပြီးရင်တော့ သေးငယ်တဲ့ အလေ့အကျင့်တွေရဲ့ သက်ရောက်မှုကို ဆဝါးမိမယ်လို့ ယူဆပါတယ်။ ဘဝခရီးလမ်းမှာ နေ့စဉ်နေ့တိုင်း ၁ ရာခိုင်နှုန်း တိုးတက်မှုရှာဖွေရင်းနဲ့ လိုချင်တဲ့ပန်းတိုင်ကို အရောက်သွားနိုင်ကြစေဖို့ ရည်သန်ရေးသားလိုက်ပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top