မတူကွဲပြားမှုတွေနဲ့ အလှတရားစုံလင်တဲ့ ကမ္ဘာသစ်ဆီ

edt.jpg

အကြမ်းဖက်မှုဆိုတာ တစ်ကမ္ဘာလုံးက ကြောက်ရွံ့တဲ့ စကားလုံးတစ်ခု။ စကားလုံးက တိုတုတ်သလောက် ပြောစရာမဆုံးနိုင်တဲ့ ဝေါဟာရတစ်ခု။ နယူးဇီလန်နိုင်ငံ ခရစ်ချာ့ချ်မြို့က ဗလီနှစ်လုံး တိုက်ခိုက်ခံရမှုအပြီးမှာ ဒီစကားလုံးကို မပြောချင်ဘဲ ပြောရ၊ မကြားချင်ဘဲ ကြားလာရပြန်ပါပြီ။

သေနတ်သမားက သြစတြေးလျနိုင်ငံသား၊ သူ့ကိုယ်သူ လူဖြူကြီးစိုးရေးဝါဒရှိသူလို့ သတ်မှတ်ထားသူ။ ဗလီထဲဝင်ပြီး ကျား၊ မ၊ ကလေးမခွဲခြားဘဲ မဲမဲမြင်ရာပစ်ခတ်နေချိန်မှာ ခေါင်းစွပ်ကင်မရာနဲ့ ဗီဒီယိုရိုက်ပြီး ဖေ့ဘွတ်ခ်ပေါ်မှာ တိုက်ရိုက်လွှင့်တဲ့အထိ ရက်စက်ကြမ်းကြုတ်ခဲ့သူ။ ဒီဖြစ်ရပ်ကြောင့် သေဆုံးသူ (၅၀) ရှိပြီး ဒဏ်ရာရသူကလည်း (၅၀) ရှိခဲ့တယ်။ လေးနှစ်အရွယ် မိန်းကလေးငယ်ကလည်း ဆေးရုံပေါ်မှာ အသက်လုနေရဆဲ။ သူတင်မကသေးဘူး။ အရေးပေါ်ကြပ်မတ်ကုသဆောင်ထဲ သေမင်းနဲ့ စစ်ခင်းနေရသူ (၁၂) ယောက် ရှိသေးတယ်။

ပစ်ခတ်မှုဖြစ်ပွားပြီး နောက်တစ်ရက်အကြာမှာပဲ သေနတ်သမားကို ရုံးထုတ်ခဲ့တယ်။ အသက် (၂၈) နှစ်အရွယ်ရှိတဲ့ သေနတ်သမားနာမည်က ဘရင်တန်ဟာရစ်တာရန့်။ ရုံးထုတ်လာချိန်မှာ ကင်မရာကိုကြည့်ပြီး ပမာမခန့်ပုံစံမျိုး လုပ်ပြခဲ့သေးတယ်။ နာကျည်းဝမ်းနည်းစရာတွေကလွဲပြီး ဘယ်သူ့အတွက်မှ အကျိုးမရှိတဲ့ အကြမ်းဖက်မှုကို သူ ဘာကြောင့်လုပ်ခဲ့လဲ။ အရင်တုန်းကရော ဘာကြောင့်အကြမ်းဖက်ခဲ့ကြတာလဲ။ ဒီမေးခွန်းအတွက် ဖြေစရာက တစ်ခုတည်းပါ။

မတူကွဲပြားမှုတွေကို လက်မခံနိုင်တဲ့၊ လက်မခံရဲတဲ့စိတ်ကြောင့်ပါ။ သမိုင်းမှာ လူ့အသက် သိန်း၊ သန်းချီ ဆုံးရှုံးခဲ့ရတဲ့ တိုက်ပွဲတွေ၊ စစ်ပွဲတွေကလည်း ဒီအချက်ကြောင့်ပါ။ ငါနဲ့မတူ ငါ့ရန်သူ၊ ငါ့လူမျိုး၊ ငါ့ဘာသာက အကြီးမြတ်ဆုံးဆိုတဲ့စိတ်ဓာတ်မျိုးကြောင့် သမိုင်းမှာလည်း သွေးချောင်းစီးခဲ့ရပြီးပါပြီ။ ဒါပေမဲ့ သမိုင်းကနေ သင်ခန်းစာမယူနိုင်ကြသေးပါဘူး။ မတူကွဲပြားမှုတွေကို အလှတရားဖြစ်လာအောင် ယှဉ်တွဲပေါင်းစပ်နိုင်မှပဲ ဝမ်းနည်းနာကျင်နေရတာတွေ အဆုံးသတ်ပါလိမ့်မယ်၊ ဒီလိုမှမဟုတ်ရင်တော့ မျက်ရည်တွေ အဆုံးမရှိသလို သွေးချောင်းလည်း စီးနေရဦးမှာပါ။

လူမျိုး၊ ဘာသာ၊ အယူဝါဒ မတူကွဲပြားတာ အပြစ်တစ်ခု၊ ချို့ယွင်းချက်တစ်ခု မဟုတ်ပါဘူး။ ဘယ်လူမျိုး၊ ဘယ်ဘာသာ၊ ဘယ်အယူဝါဒဖြစ်ဖြစ် လူကောင်းနဲ့ လူဆိုး (၂) မျိုးပဲ ရှိပါတယ်။ ကိုယ်ချင်းစာစိတ်အပေါ်အခြေခံတဲ့ ကောင်းမြတ်ခြင်းတရားမွေးမြူနိုင်မှ လူကောင်းဖြစ်မှာပါ။ တစ်ဖက်သားအပေါ် ကိုယ်ချင်းစာတရားမရှိဘူး၊ စာနာစိတ်မထားနိုင်ဘူး၊ ကောင်းမြတ်ခြင်းတရား မသိဘူးဆိုရင်တော့ လူကောင်းဖြစ်မှာမဟုတ်ပါဘူး။

မတူကွဲပြားမှုတွေဟာ အရောင်အသွေးစုံလင်တဲ့ အလှတရားလို့ လက်ခံနိုင်မယ့်စိတ်ထား၊ အတွေးအခေါ်တွေထွန်းကားမှပဲ ကမ္ဘာမှာ လူတိုင်းရွံမုန်းတဲ့ အကြမ်းဖက်မှုဆိုတဲ့စကားလုံး ပျောက်ကွယ်သွားပါလိမ့်မယ်။ လူမျိုး၊ ဘာသာ၊ အယူဝါဒတံဆိပ်တွေ ခွာချပြီး ကိုယ်ချင်းစာစိတ်၊ ကောင်းမြတ်ခြင်းတရားနဲ့ အလှတရားစုံလင်တဲ့ ကမ္ဘာသစ်ဆီ သွားရအောင်လားဗျာ။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top