အသားတွေ ယားနေတယ် ဘာလို့လဲ

yyl-009.jpg

အသားတွေ ယားနေတယ် ဆိုတိုင်း ဓာတ်မတည့်တာများစားမိလို့လား၊ ဓာတ်မတည့်တာတစ်ခုခု နဲ့များထိတွေ့မိလို့လားလို့ အရင်ဆုံးတွေးမိတတ်ကြပါတယ်။ တကယ်ကတာ့ အသားယားတာကဓာတ်မတည့်တာ တစ်ခုတည်းကြောင့်မဟုတ်ပါဘူး။ ဒီပြဿနာလေးတွေရှိနေရင်လည်း အသားယားတတ်ပါတယ်။ ဘာတွေများဖြစ်မလဲ

အသားတွေ ယားနေတယ် ဘာလို့များလဲ

အသားတွေ ယားနေတာက ဒီအချက်တွေကြောင့်ပါ။

(၁) အသားအရမ်းခြောက်နေလို့ – အသားခြောက်တာက သင့်ကို အသားယားတာတွေဖြစ်စေနိုင်ပါတယ်။ ရာသီဥတုကြောင့်ဖြစ်ဖြစ်၊ ရေပူနဲ့ချိုးတာများတာကြောင့်ဖြစ်ဖြစ် အသားယားနိုင်ပါတယ်။

ဘယ်လိုသက်သာအောင် လုပ်မလဲ

ရေချိုးပြီးတိုင်း အသားကို အစိုဓာတ်ထိန်းခရင်မ်လိမ်းပေးပါ။ သွေးထွက်တဲ့အထိ အသားခြောက်ပြီး ကွဲအက်တာမျိုးဖြစ်မယ်ဆိုရင် ဆရာဝန်နဲ့ ပြသကြည့်ဖို့လိုပါမယ်။

(၂) ပိုးကောင် ကိုက်ခံရတာ – ခြင် ကနေစလို့ ပိုးကောင်တွေကိုက်ခံရတဲ့အခါမျိုးမှာလည်း အသားယားတတ်ပါတယ်။ ခြင်ကိုက်တာကြောင့် အသားယားတာကတော့ ခဏလောက်နဲ့ သက်သာသွားနိုင်ပါတယ်။ တကယ်လို့ ဂျပိုး၊ သန်းစတာတွေကိုက်ရင်တော့ အချိန်တော်တော်ကြာတဲ့အထိ အသားယားနေတာမျိုးဖြစ်နိုင်ပါတယ်။

ဘယ်လိုသက်သာအောင်လုပ်မလဲ

ပိုးကောင်ကိုက်ရင် လိမ်းလို့ရတဲ့ ဆေးတစ်မျိုးမျိုးလိမ်းပေးလို့ရပါတယ်။ သနပ်ခါးရေကျဲလေးလိမ်းပေးလည်းရပါတယ်။

(၃) အရေပြားကင်ဆာ – တစ်ခါတလေမှာ အသားတွေယားတာက အရေပြားကင်ဆာရဲ့ လက္ခဏာတစ်ရပ်လည်းဖြစ်နိုင်ပါတယ်။ အရေပြားကင်ဆာဖြစ်တဲ့အခါ အသားအရေကပြောင်းလဲလာတာမျိုးရှိသလို အသားမှာ အစက်အပြောက်တွေထွက်လာတာမျိုးလည်းရှိနိုင်ပါတယ်။ ဒီအစက်အပြောက်တွေက ယားတာမျိုးရှိနိုင်ပါတယ်။

ဘယ်လိုသက်သာအောင်လုပ်မလဲ

အသားအရေမှာ အစက်အပြောက်တွေလည်း ဖြစ်မယ်။ အသားကလည်း ယားမယ်ဆိုရင်တော့ ဆရာဝန်နဲ့ ပြကြည့်တာ အကောင်းဆုံးပါ။

(၄) ကိုယ်ဝန်ရှိနေတာ – ကိုယ်ဝန်ဆောင် ၁၀ ဦးမှာ ၂ ဦးလောက်က အသားယားတဲ့ ပြဿနာကို ခံစားကြရပါတယ်။ အရေပြားမှာ အဖုအပိမ့်ထွက်တာကစလို့ ဒီထက့်ပြင်းထန်တဲ့ အခြေအနေမျိုးတွေအထိဖြစ်နိုင်ပါတယ်။

ဘယ်လိုသက်သာအောင်လုပ်မလဲ

ရေနွေးဝတ်လေးကပ်ပေးတာ၊ ရေခဲဝတ်လေးကပ်ပေးတာလုပ်ပေးလို့ရပါတယ်။ အရမ်းပြင်းထန်ရင်တော့ ဆရာဝန်နဲ့ ပြပါ။

(၅) အရေပြား ဓာတ်မတည့်မှုဖြစ်တာ – ဓာတ်မတည့်တာတစ်ခုခုကို စားမိတာ၊ ထိမိတာတွေကြောင့်လည်း အသားတွေယားနိုင်ပါတယ်။ အချို့ဆိုရင် အရေပြားမျာ အနီရောင်အဖုအပိမ့်တွေထတာမျိုးရှိနိုင်ပါတယ်။ အဝတ်စတွေ၊ အလှကုန်တွေကြောင့်လည်း အရေပြားမှာ ဓာတ်မတည့်မှုဖြစ်စေနိုင်ပါတယ်။

ဘယ်လိုသက်သာအောင်လုပ်မလဲ

မကုတ်ပါနဲ့။ ရေအေးဝတ်ကပ်ပေးတာ။ ရေနွေးဝတ်ကပ်ပေးတာလုပ်ပေးလို့ရပါတယ်။ အရမ်းပြင်းထန်ရင်တော့ ဆရာဝန်နဲ့ပြသပါ။

(၆) အရေပြားပြဿနာတွေ – အချို့သော အရေပြားပြဿနာတွေရဲ့ အစောပိုင်းလက္ခဏာတွေမှာလည်း အသားယားတာက တစ်ခုအပါအဝင်ပါ။

  • ပွေး
  • ဝဲ
  • ညှင်း
  • ရေကျောက်
  • နှင်းခူ
  • အင်ပျဉ်
  • ရေယုန်
  • သဲဝဲ
  • ရေဝဲ စတာတွေကြောင့် အသားယားနိုင်ပါတယ်။

ဘယ်လိုသက်သာအောင်လုပ်မလဲ

အရေပြားပြဿနာက မြန်မြန်သက်သာအောင်လုပ်မှ နောက်ဆက်တွဲပြဿနာတွေကို ကာကွယ်နိုင်မှာဖြစ်တာကြောင့် ဆရာဝန်နဲ့ သေချာပြသတာက အကောင်းဆုံးဖြစ်မှာပါ။

(၇) ကိုယ်တွင်းရောဂါတွေရဲ့ အစောပိုင်းလက္ခဏာတွေ – တစ်ခါတလေမှာ ခန္ဓာကိုယ်တွင်းမှာ ခံစားနေရတဲ့ ရောဂါတွေရဲ့ လက္ခဏာတစ်ရပ်အနေနဲ့လည်းအသားယားတတ်ပါတယ်။

  • သွေးရောဂါ
  • ဆီးချို
  • ကျောက်ကပ်ရောဂါ
  • အသည်းရောဂါ
  • HIV
  • သိုင်းရွိုက်ပြဿနာ
  • အသည်းရောင် အသားဝါရောဂါ
  • သည်းခြေပြွန်ပိတ်တာ
  • သံဓာတ်ချို့တဲ့တာတွေ ခံစားနေရတာကြောင့်လည်း အသားယားနိုင်ပါတယ်။
  • ဘယ်လိုသက်သာအောင်လုပ်မလဲ……

    အသားတွေယားနေတယ်။ ပြင်ပလက္ခဏာတစ်စုံတရာမတွ့ရဘူးဆိုရင် လိုအပ်တဲ့ ကျန်းမာရေး စစ်ဆေးမှုကို လုပ်ကြည့်တာက အကောင်းဆုံးဖြစ်မှာပါ။

    (၈) အသက် ၆၅ နှစ်အထက်ဖြစ်နေတာ – အသား​ခြောက်တာက သက်ကြီးရွယ်အိုတော်တော်များများမှာဖြစ်တတ်ပါတယ်။ အကြောင်းကတော့ အသက်အရွယ်ကြီးရင့်လာတဲ့အခါ အရေပြားကပိုပါးလာပြီး ရေသောက်နည်းတာကြောင့် အသားခြောက်နိုင်လို့ပါ။

    ဘယ်လိုသက်သာအောင်လုပ်မလဲ…….

    အသားခြောက်တာကနောက်ဆက်တွဲ ကျန်းမာရေးပြဿနာတွေကို ဖြစ်စေနိုင်တာကြောင့် ဖြစ်နိုင်မယ်ဆိုရင် ရေများများသောက်ပါ။ အသားအရမ်းခြောက်မယ်ဆိုရင် ဆရာဝန်နဲ့ ပြသကြည့်ဖို့ပြောပါရစေ။

    (၉) သောက်သုံးနေရတဲ့ ဆေးဝါးတွေ – သွေးပေါင်ကျဆေးတွေ၊ အကိုက်အခဲပျောက်ဆေးတွေ အပါအဝင်အချို့သောဆေးတွေရဲ့ ဘေးထွက်ဆိုးကျိုးအနေနဲ့လည်း အသားတွေယားနိုင်ပါတယ်။ ကင်ဆာကုထုံးရဲက နောက်ဆက်တွဲအနေနဲ့လည်း

    ဘယ်လိုသက်သာအောင်လုပ်မလဲ

    သောက်သုံးနေရတဲ့ဆေးဝါးတွေကြောင့် အသားယားတာဆိုရင်တော့ အကောင်းဆုံးက ဆေးညွှန်းပေးတဲ့ ဆရာဝန်နဲ့တိုင်ပင်တာပါ။

    (၁၀) အာရုံကြော ပြဿနာ – အာရုံ​ကြောက ကေင်းကောင်းမလုပ်ဆောင်နိုင်တဲ့အခါမှာလည်း အသားတွေယားနိုင်ပါတယ်။ ရောဂါကြောင့် ဒါမှမဟုတ် ထိခိုက်မှုတစ်ခုခုကြောင့်အာရုံကြောထိခိုက်ပျက်စီးတာတွေဖြစ်နေတဲ့အခါမျိုးမှာလည်း အသားယားတာမျိုးဖြစ်နိုင်ပါတယ်။ အာရုံကြောကြောင့် အသားယားတဲ့အခါ အသားမှာ အနီရောင် အဖုအပိမ့်တွေဖြစ်လာနိုင်ပါတယ်။

    ဘယ်လိုသက်သာအောင်လုပ်မလဲ

    အာရုံကြောတွေနာနေမယ်။ ခြေလက်တွေထုံမယ်၊ အရေပြားမှာ အနီရောင်အဖုအပိမ့်တွေထွက်နေမယ်ဆိုရင် အကောင်းဆုံးက ဆရာဝန်နဲ့ ပြသဖို့ပါ။

    Ref : hellosayarwon

    ရေးသားသူ Aye Thi Mon
    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

    Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top