Covid-19 ကူးစက်ပျံ့နှံ့မှုကို တားဆီးရာမှာ အထောက်အကူဖြစ်စေဖို့ တွစ်တာကုမ္ပဏီက ဝန်ထမ်းတွေကို အိမ်ကနေပဲ အလုပ်လုပ်ခိုင်း

yyl-007.jpg

Covid-19(ကိုရိုနာဗိုင်းရပ်စ်သစ်)ကူးစက်ပျံ့နှံ့မှုကို တားဆီးရာမှာ အထောက်အကူ ဖြစ်စေဖို့အတွက် တွစ်တာကုမ္ပဏီက ဝန်ထမ်းတွေကို အိမ်ကနေပဲ အလုပ်လုပ်ကြဖို့ ထုတ်ပြန်ကြေညာခဲ့ပါတယ်။ ဟောင်ကောင်၊ ဂျပန်နဲ့ တောင်ကိုရီးယားနိုင်ငံတွေမှာရှိတဲ့ ဝန်ထမ်းတွေဟာ သူတို့လုပ်စရာရှိတဲ့ အလုပ်တွေကို အိမ်ကနေပဲ လုပ်ကြရမယ်လို့ တွစ်တာကုမ္ပဏီရဲ့ ဘလော့စာမျက်နှာမှာ ဖော်ပြပါတယ်။ ကမ္ဘာတစ်ဝန်းမှာရှိတဲ့ ဝန်ထမ်း ၅၀၀၀ လုံး သက်ဆိုင်ရာရုံးတွေကို မသွားကြဖို့ အားကြိုးမာန်တက် တိုက်တွန်းထားတယ်လို့ တွစ်တာကုမ္ပဏီက ပြောပါတယ်။ တွစ်တာကုမ္ပဏီဟာ သူတို့ရဲ့ဝန်ထမ်းတွေကို မဖြစ်မနေသွားစရာမလိုတဲ့ လုပ်ငန်းခရီးစဉ်တွေ၊ အခမ်းအနားတွေအားလုံး မတက်ကြဖို့ ပိတ်ပင်လိုက်ပြီးနောက် တစ်ရက်အကြာမှာပဲ ဒီလိုကြေညာခဲ့တာပါ။

“ကျွန်မတို့ရဲ့ ရည်မှန်းချက်ကတော့ ကျွန်မတို့အတွက်ရော၊ ကမ္ဘာကြီးအတွက်ရော Covid-19 ကူးစက်ပျံ့နှံ့နိုင်ခြေကို နိမ့်ချနိုင်ဖို့ပါပဲ’’လို့ တွစ်တာရဲ့ လူသားရင်းမြစ်ဌာန အကြီးအကဲ ဂျနီဖာခရစ္စတီးက ပြောပါတယ်။ တွစ်တာကုမ္ပဏီဟာ သူတို့ရဲ့ဝန်ထမ်းတွေ အိမ်ကနေ အလုပ်လုပ်နိုင်မယ့်နည်းလမ်းတွေကို အချိန်ယူ ပြင်ဆင်ခဲ့တယ်လို့ ဆိုပါတယ်။

တွစ်တာကုမ္ပဏီအမှုဆောင်ချုပ် ဂျက်ဒေါ်ဆေးကလည်း လုပ်ငန်းခွင်ပြင်ပကနေ အလုပ်လုပ်တာကို အားပေးထောက်ခံသူပါ။ သူ့အနေနဲ့ ၂၀၂၀ ပြည့်နှစ်အတွင်း အာဖရိကတိုက်မှာ ၆ လအထိ နေထိုင်သွားဖို့ စီစဉ်ထားတယ်လို့ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလမှာ ကြေညာခဲ့ပါတယ်။

ဝန်ထမ်းတွေကို အိမ်ကနေ အလုပ်လုပ်ခိုင်းတဲ့ တွစ်တာကုမ္ပဏီရဲ့လုပ်ရပ်ဟာ အာရှနိုင်ငံတွေမှာရှိတဲ့ ကုမ္ပဏီတော်တော်များများနဲ့ တူညီနေပါတယ်။ ဖေ့ဘွတ်ခ်နဲ့ တွစ်တာကုမ္ပဏီအပါအဝင် ထိပ်တန်းနည်းပညာကုမ္ပဏီတွေကလည်း အမေရိကန်နိုင်ငံမှာ ကျင်းပမယ့် ဆွေးနွေးပွဲ အခမ်းအနားတွေကို ဖျက်သိမ်းတာ၊ ရွှေ့ဆိုင်းတာတွေ လုပ်ခဲ့ပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top