အအေးမိခြင်း

woman-sneezing-on-bed.jpg

အအေးမိခြင်း ဆိုတာ နှစ်တိုင်းဖြစ်နေကြ ကျန်းမာရေး ပြဿနာတစ်ခုပါ။ တစ်နှစ်ပတ်လုံး ဖြစ်နိုင်ပေမယ့် မိုးတွင်းနဲ့ ဆောင်းတွင်းမှာ အဖြစ်များပါတယ်။ အအေးမိတာက စိုးရိမ်စရာကောင်းလောက်အောင် ပြင်းထန်တဲ့ ရောဂါ မဟုတ်ပေမယ့် နေလို့မကောင်းဘဲ အလုပ်ပျက်၊ ကျောင်းပျက်ဖြစ်ရလို့ စိတ်ရှုပ်စရာကောင်းပါတယ်။ လူကြီးတစ်ယောက်က တစ်နှစ်ကို ၂ခေါက်၊ ၃ခေါက်လောက် အအေးမိတတ်ပါတယ်။ ကလေးဆို ဒီထက်တောင် ပိုများပါတယ်။

အအေးမိဖျားနာဆိုတာ

အအေးမိဖျားနာက ဗိုင်းရပ်စ်ပိုးကြောင့် အဓိက ဖြစ်ပါတယ်။ နာမည်အကြီးဆုံးကတော့ Rhinovirus အမျိုးအစားပါပဲ။ ဒီဗိုင်းရပ်စ်က ခန္ဓာကိုယ်ထဲကို နှာခေါင်း၊ ပါးစပ်၊ မျက်လုံးကနေ တဆင့် ဝင်လာပြီး အသက်ရှူလမ်းကြောင်း အပေါ်ပိုင်းကို ပြဿနာဖြစ်စေပါတယ်။

ပိုးရှိတဲ့ တစ်ယောက်ယောက်က နှာချေ၊ ချောင်းဆိုးလိုက်မယ်ဆိုရင် ထွက်လာတဲ့ အမှုန်အမွှားတွေကို အနားက လူက ရှူမိပြီး ကူးစက်နိုင်ပါတယ်။ ဒီအမှုန်အမွှားတွေ ကပ်နေတဲ့ ပစ္စည်းကို ကိုင်တွယ်ပြီး မျက်နှာကို ထိမယ်ဆိုရင်လည်း ကူးစက်နိုင်ပါတယ်။

အအေးမိဖျားနာဖြစ်ရင် ဘာလက္ခဏာတွေ ခံစားရမှာလဲ။


အဓိကကတော့ အသက်ရှူလမ်းကြောင်း အပေါ်ပိုင်း ပိုးဝင်တဲ့ လက္ခဏာတွေပါပဲ။လည်ပင်းနာတာနဲ့ နှာရည်ယိုတာက ပထမဆုံး လက္ခဏာတွေပါပဲ။
ပြီးရင်တော့ နှာစေးချောင်းဆိုး လိုက်လာပါတယ်။
ကိုယ်လက်ကိုက်တာ
ခေါင်းကိုက်တာ
တငွေ့ငွေ့ဖျားတာ
နုံးတာ စတာတွေလည်း ခံစားရပါတယ်။
ပိုးဝင်ပြီး ၂ရက် ၃ရက်လောက်နေရင် လက္ခဏာတွေ စပြပြီး တစ်ပတ် ၁၀ရက်လောက်ဆို သက်သာသွားပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် ခုခံအားပေါ်မူတည်ပြီး လက္ခဏာတွေ ကွာခြားနိုင်ပါတယ်။

ဘယ်သူတွေ အအေးမိဖျားနာ ပိုဖြစ်နိုင်လဲ။

၆နှစ်အောက် ကလေးတွေ (အထူးသဖြင့် မူကြိုတက်နေပြီး လူစုနဲ့ နေရတဲ့ ကလေးတွေ)
ခုခံအားမကောင်းတဲ့သူတွေ
ဆေးလိပ်သောက်တဲ့သူတွေ
နာတာရှည် ရောဂါအခံရှိတဲ့သူတွေ
လူစုလူဝေးနဲ့ အလုပ်လုပ်ရတဲ့သူတွေက ပိုပြီး ဖြစ်နိုင်ခြေများပါတယ်။

နောက်ဆက်တွဲ ဘာရောဂါတွေ ဖြစ်နိုင်လဲ။

နားပြည်ယိုတာ – ဗိုင်းရပ်စ် ဒါမှမဟုတ် နောက်ဆက်တွဲ ဘက်တီးရီးယားပိုးတွေ ဝင်လာပြီး နားစည်ကို ထိခိုက်စေပါတယ်။ နားကိုက်တာ၊ နားထဲက ပြည်ထွက်တာ၊ အဖျားကြပြီးမှ ပြန်ဖျားတာတွေ ဖြစ်တတ်ပါတယ်။
ပန်းနာရင်ကြပ် – တချို့ပန်းနာရင်ကြပ်သမားတွေက အအေးမိတဲ့အခါ ပိုကြပ်တတ်ပါတယ်။
ထိပ်ကပ်နာ – အအေးမိတာ မပျောက်ဘဲ ကြာနေမယ်ဆိုရင် ထိပ်ကပ်နာ ဖြစ်လာနိုင်ပါတယ်။
နောက်ဆက်တွဲ ပိုးဝင်ပြီး လေပြွန်ရောင်တာ၊ နမိုးနီးယား စတာတွေ ဖြစ်လာတတ်ပါတယ်။

အအေးမိရောဂါမှန်း ဘယ်လိုသိနိုင်မလဲ။

များသောအားဖြင့်တော့ လူနာခံစားရတဲ့ လက္ခဏာကို ကြည့်ပြီးတော့ဘဲ ဆုံးဖြတ်ပါတယ်။ နောက်ဆက်တွဲ ဘက်တီးရီးယားပိုးဝင်တယ်လို့ ယူဆမှသာ လိုအပ်တဲ့ ဆေးစစ်ချက် (ဥပမာ ရင်ဘတ်ဓာတ်မှန်)တွေ ဆက်လုပ်သွားပါတယ်။

အအေးမိဖျားတာကို ဘယ်လိုကုသနိုင်သလဲ။

အအေးမိတာက ဗိုင်းရပ်စ်ကြောင့် ဖြစ်တဲ့အတွက် ပိုးသတ်ဆေးတွေ ပေးလို့ မသက်သာပါဘူး။ နောက်ဆက်တွဲ ပိုးဝင်မှပဲ ပေးပါတယ်။ ခုခံအားနဲ့ပဲ တိုက်ထုတ်ရတာပါ။ တစ်ပတ်နေရင် အလိုလိုသက်သာသွားပါလိမ့်မယ်။

လတ်တလောမှာတော့ လူနာနေသာအောင် ဖျားရင် ပါရာစီတမော၊ ကိုက်တာခဲတာရှိရင် အကိုက်အခဲပျောက်ဆေး၊ နှာစေးရင် နှာစေးပျောက်ဆေး၊ ချောင်းဆိုးရင် ချောင်းဆိုးပျောက်ဆေး စသဖြင့် ခံစားရတာ သက်သာအောင် ကုပေးပါတယ်။

လူနာအနေနဲ့ မြန်မြန်သက်သာအောင်

အိမ်မှာပဲ နားနားနေနေနေပါ။ အလုပ်တွေ၊ ကျောင်းတွေ မသွားပါနဲ့။ သူများကို မကူးစက်အောင် ကာကွယ်ပြီးသားလည်း ဖြစ်ပါတယ်။ ရေများများသောက်ပါ။ ကော်ဖီ၊ လက်ဖက်ရည်၊ အအေးတွေကို ခဏရှောင်ထားပါ။ အာဟာရပြည့်အောင် စားပါ။ စွပ်ပြုတ်လေးတွေ သောက်ပါ။
နွေးနွေးထွေးထွေးနေပါ။ မကြာခဏ လက်ဆေးပါ။

ဘယ်လိုအချိန်မှာ ဆေးခန်းသွားသင့်သလဲ။

အအေးမိဖျားနာက အိမ်မှာ နားရုံနဲ့ သက်သာလို့ တော်ရုံဆို ဆေးခန်းသွားစရာတောင် မလိုပါဘူး။ ဒါပေမယ့် ဒီလိုအခြေအနေဆိုရင်တော့ သွားသင့်ပါတယ်။

လူကြီးတွေ အနေနဲ့

အဖျား 101.3 F (38.5 C)ထက် ပိုဖျားရင်
၅ရက်လောက်ကြာတာတောင် အဖျားမကျရင် ဒါမှမဟုတ် အဖျားကျပြီးမှ ပြန်ဖျားရင်
မောလာရင်
အသက်ရှူတိုင်း တရွှီရွှီနဲ့ ကြပ်လာရင်
လည်ပင်းနာတာ၊ ခေါင်းကိုက်တာ၊ မျက်နှာက လေအိတ်တွေနာတာ ပြင်းထန်လွန်းရင်

ကလေးတွေ အနေနဲ့

၃လသားလေး အဖျားက 100.4 F (38 C) လောက်ရှိနေရင်
အဖျားတက်လာရင် ဒါမှမဟုတ် ၂ရက်ထက် ပိုဖျားရင်
လက္ခဏာတွေ ပိုဆိုးလာရင် ဒါမှမဟုတ် မသက်သာရင်
ခေါင်းကိုက်တာ၊ ချောင်းဆိုးတာ ပြင်းထန်လာရင်
အသက်ရှူတိုင်း တရွှီရွှီနဲ့ ကြပ်လာရင်
နားကိုက်ရင်
ဂျီကျလွန်းရင်
မှိန်းနေရင်
အစားမဝင်ရင်
ဒီအခြေအနေတွေမှာတော့ ဆရာဝန်နဲ့ ပြဖို့ အကြံပြုလိုပါတယ်။

အအေးမိဖျားနာကို ကာကွယ်ချင်တယ်ဆိုရင်

အအေးမိဖျားနာက တုပ်ကွေးလိုမျိုး ကာကွယ်ဆေး မရှိပါဘူး။ ဒါကြောင့် ခုခံအားကောင်းအောင်နေ၊ တစ်ကိုယ်ရည် သန့်ရှင်းရေးကို ဂရုစိုက်ပြီး ရောဂါပိုးမဝင်အောင် ကာကွယ်ရမှာပါ။ ဒါကြောင့်မကြာခဏ လက်ဆေးပေးပါ။ ရေနဲ့ ဆပ်ပြာဖြစ်ဖြစ်၊ လက်သန့်ဆေးသုံးပြီး ဖြစ်ဖြစ် စက္ကန့် ၂၀ကြာအောင် လက်ဆေးပါ။ ပစ္စည်းတွေကို ပိုးသတ်ပါ။ အထူးသဖြင့် အိမ်မှာတစ်ယောက်ယောက် အအေးမိတဲ့အခါ သူ့ကိုင်တွယ်တဲ့ အသုံးအဆောင်ပစ္စည်းတွေ၊ ဖုန်းတွေ၊ စားပွဲတွေ၊ ရေချိုးခန်းဦ အိမ်သာတွေကို သန့်ရှင်းရေး လုပ်ပါ။ ပိုးသတ်ပါ။ ကလေးအရုပ်တွေကိုလည်း ပိုးသတ်ဖို့ မမေ့ပါနဲ့။နှာချေ ချောင်းဆိုးတဲ့အခါ တစ်ရှူးနဲ့အုပ်ပါ၊ ပြီးရင် အမှိုက်ပုံးထဲ စနစ်တကျ စွန့်ပစ်ပါ။ လက်ဆေးပါ။ ဖျားနေတဲ့သူနဲ့ ပန်းကန်ခွက်ယောက်တွေ၊ ဇွန်းတွေ ခွဲသုံးပါ။
ဖျားနေတဲ့ သူနဲ့ ဝေးဝေးနေပါ။ အာဟာရပြည့်အောင် စားပါ။ အိပ်ရေးဝဝအိပ်ပါ။ လှုပ်လှုပ်ရှားရှားနေပါ။

Takeaways

မြန်မာနိုင်ငံမှာ နှစ်တိုင်း အအေးမိတဲ့လူတွေ အများကြီး ရှိပါတယ်။ တစ်ယောက်ဖြစ်ရင်လည်း နောက်တစ်ယောက်ကို ကူးလွယ်ပါတယ်။ ဒါကြောင့် ဖျားတဲ့အခါ အိမ်မှာပဲ နေပါ။ ကိုယ်ခံအားကောင်းအောင်နေပါ။ မကြာခဏလက်ဆေးပါလို့ တိုက်တွန်းလိုပါတယ်။

Ref : hellosayarwon

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win

Team ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top