အလုပ်ချိန်အတွင်း ဖုန်းသွားသုံးနေလို့ မရအောင် အိမ်သာထဲ စောင့်ကြည့်ကင်မရာတပ်ခဲ့တဲ့ တရုတ်ကုမ္ပဏီ

9-21-2022-yyl-32.jpg

ရုံးချိန်အတွင်း ဝန်ထမ်းတွေ အိမ်သာထဲသွားပြီး ဖုန်းသုံးနေတာမျိုး မလုပ်ရဲအောင်လို့ တရုတ်ကုမ္ပဏီတစ်ခုက အိမ်သာခေါင်မိုးမှာ စောင့်ကြည့်ကင်မရာ တပ်ဆင်ခဲ့ပါတယ်။အိမ်သာထဲက စောင့်ကြည့်ကင်မရာကနေ ရိုက်ကူးထားတဲ့ ဓာတ်ပုံတွေ တရုတ်လူမှုကွန်ရက်မှာ ပျံ့နှံ့ခဲ့ပြီးနောက် ဓာတ်ပုံထဲက နောက်ခံမြင်ကွင်းကို ကြည့်ပြီး China Aviation Lithium Battery Technology ကုမ္ပဏီ ဖြစ်တယ်လို့ လူမှုကွန်ရက် အသုံးပြုသူတစ်ယောက်က ဖော်ထုတ်ခဲ့တာပါ။

လူမှုကွန်ရက်ပေါ် ထွက်ပေါ်လာတဲ့ ဓာတ်ပုံတွေထဲက ဝန်ထမ်း ၂ ယောက် အလုပ်ဖြုတ်ခံရပြီး နောက်တစ်ယောက်ကတော့ ဒဏ်ငွေ ရိုက်ခံခဲ့ရတယ်၊ လစဉ်စွမ်းဆောင်ရည်မှတ်တမ်းမှာ သုည ထားခံခဲ့ရတယ်လို့ ဆိုပါတယ်။

အဲဒီနောက်မှာတော့ China Aviation Lithium Battery Technology ကုမ္ပဏီက ဖြေရှင်းချက် ထုတ်ပြန်ခဲ့ပြီး အိမ်သာထဲ ဆေးလိပ်ခိုးသောက်သူတွေကို အပြစ်ပေးနိုင်ဖို့ စောင့်ကြည့်ကင်မရာ တပ်ဆင်ခဲ့တာလို့ ဆိုပါတယ်။ အွန်လိုင်းပေါ်က ဓာတ်ပုံတွေထဲမှာ လူ ၂ ယောက်က ဆေးလိပ်လက်ကြားညှပ်ထားတာ တွေ့ရပါတယ်။

ဒါပေမဲ့ အိမ်သာထဲ စောင့်ကြည့်ကင်မရာတပ်တဲ့လုပ်ရပ်က ဘယ်လိုမှ လက်ခံနိုင်စရာ မရှိဘူး၊ ကိုယ်ရေးကိုယ်တာ လွတ်လပ်ခွင့် ဘယ်ရောက်သွားတာလဲ။ လူတွေရဲ့ ဂုဏ်သိက္ခာကို မငဲ့ကွက်၊ လေးစားမှုမရှိဘဲ တိရစ္ဆာန်တွေလို ဆက်ဆံနေတာလားလို့ လူမှုကွန်ရက် အသုံးပြုသူတွေက မေးခွန်းထုတ်ထားပါတယ်။

တရုတ်အစိုးရပိုင် China Aviation Lithium Battery Technology ကုမ္ပဏီဟာ ဖူကျန်းပြည်နယ် ရှားမန်မြို့မှာ တည်ရှိပြီး လစ်သီယမ် ဘက်ထရီတွေ ထုတ်လုပ်တာ ဖြစ်ပါတယ်။

Ref:Company Installs Cameras in Toilet Booths to Monitor Employees’ Toilet Breaks

NZ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top