စမ်းသပ်ထိုးနှံခံသူတစ်ဦး ဖျားနာခဲ့လို့ အောက်စဖို့ဒ်တက္ကသိုလ်ရဲ့ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေး စမ်းသပ်ထိုးနှံမှုတွေကို ဆိုင်းငံ့

9-9-2020-yyl-020.jpg

ဗြိတိန်နိုင်ငံမှာ ကာကွယ်ဆေးစမ်းသပ်ထိုးနှံမှု ခံယူသူတစ်ဦး ဖျားနာခဲ့ပြီးနောက် AstraZeneca ဆေးဝါးကုမ္ပဏီနဲ့ အောက်စဖို့ဒ်တက္ကသိုလ်က ဖော်စပ်ထားတဲ့ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးအတွက် နောက်ဆုံးစမ်းသပ်ထိုးနှံမှုတွေကို ဆိုင်းငံ့လိုက်ပါပြီ။ ဖြေရှင်းနိုင်ခြင်းမရှိသေးတဲ့ ဖျားနာမှုအတွက် လုပ်ရိုးလုပ်စဉ်အတိုင်း ကာကွယ်ဆေး စမ်းသပ်ထိုးနှံမှုတွေကို ဆိုင်းငံ့လိုက်တာလို့ AstraZeneca ကုမ္ပဏီက ပြောပါတယ်။

AstraZeneca ကုမ္ပဏီနဲ့ အောက်စဖို့ဒ်တက္ကသိုလ်တို့ ပူးပေါင်းဖော်စပ်တဲ့ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးဟာ ကမ္ဘာတစ်ဝန်းမှာ ဖော်စပ်နေတဲ့ တခြားကာကွယ်ဆေးတွေမှာ အများဆုံး မျှော်လင့်ခံထားရတဲ့ ဆေးဝါးတစ်မျိုးဖြစ်ပြီး စမ်းသပ်ထိုးနှံမှုရလဒ်တွေကို ကမ္ဘာတစ်ဝန်းက မျက်ခြည်မပြတ် စောင့်ကြည့်နေကြတာပါ။ ပထမအဆင့်နဲ့ ဒုတိယအဆင့် စမ်းသပ်မှုတွေ အောင်မြင်ခဲ့လို့ အဲဒီကာကွယ်ဆေးက ဈေးကွက်ထဲ ပထမဆုံး ရောက်ရှိလာမယ့် ကာကွယ်ဆေးတစ်မျိုး ဖြစ်မယ်လို့ မျှော်လင့်ခဲ့ကြပါတယ်။

ပြီးခဲ့တဲ့သီတင်းပတ်တွေအတွင်း အမေရိကန်နိုင်ငံမှာ တတိယအဆင့် စမ်းသပ်ထိုးနှံမှုလုပ်ခဲ့ပြီး စမ်းသပ်ထိုးနှံခံသူ ၃၀၀၀၀ နီးပါး ပါဝင်ခဲ့ပါတယ်။ ဒါ့အပြင် ဗြိတိန်၊ ဘရာဇီးနဲ့ တောင်အာဖရိကနိုင်ငံတွေမှာလည်း စမ်းသပ်ထိုးနှံမှုလုပ်ခဲ့ကြပါတယ်။ ကာကွယ်ဆေးတွေအတွက် တတိယအဆင့် ထိုးနှံမှုလုပ်ရင် စမ်းသပ်ထိုးနှံမှုခံယူသူ ထောင်ချီ ပါဝင်ပြီး နှစ်ရှည်ကြာမြင့်လေ့ရှိပါတယ်။ ကာကွယ်ဆေးထုတ်လုပ်မှုဆိုင်ရာ စည်းမျဉ်းရေးဆွဲသူတွေက စမ်းသပ်ထိုးနှံမှု ပြန်စတင်နိုင်ခြင်း ရှိ၊ မရှိ မဆုံးဖြတ်ခင်မှာ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့က ဘေးအန္တရာယ်ကင်းရှင်းရေးဆိုင်ရာ အချက်အလက်တွေကို ပြန်လည်သုံးသပ်နေပြီး လက်ရှိအချိန်မှာ နိုင်ငံတကာစမ်းသပ်ထိုးနှံမှုအားလုံးကို ရပ်ဆိုင်းထားပါတယ်။ အောက်စဖို့ဒ်တက္ကသိုလ်က ဖော်စပ်တဲ့ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေး စမ်းသပ်ထိုးနှံမှုကို ရပ်ဆိုင်းရတာဟာ ဒုတိယအကြိမ်ဖြစ်ပါတယ်။ ဒါပေမဲ့ ဆေးဝါးဆိုင်ရာ စမ်းသပ်ထိုးနှံမှုတွေမှာ အခုလို ဆိုင်းငံ့တာမျိုးက ဖြစ်ရိုးဖြစ်စဉ်ကိစ္စပါပဲ။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က နိုဝင်ဘာလ ၃ ရက်နေ့မတိုင်ခင် အမေရိကန်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေး လိုချင်တယ်လို့ ပြောထားပါတယ်။ အဲဒီအတွက် ကာကွယ်ဆေး ထုတ်ရာမှာ ဘေးအန္တရာယ်ကင်းရှင်းရေးထက် နိုင်ငံရေးကို အဓိကဦးစားပေးဖွယ်ရှိတယ်ဆိုတဲ့ စိုးရိမ်ပူပန်မှုတွေ မြင့်တက်လာခဲ့ပါတယ်။ ပြီးခဲ့တဲ့အင်္ဂါနေ့မှာတော့ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေး ဖော်စပ်နေတဲ့ အဖွဲ့(၉)ဖွဲ့က ကာကွယ်ဆေးဖော်စပ်ရာမှာ သိပ္ပံဆိုင်ရာနဲ့ ကျင့်ဝတ်ဆိုင်ရာ စံနှုန်းတွေကို ထိန်းသိမ်းမယ်လို့ သမိုင်းဝင်ကတိပြုခဲ့ပါတယ်။ အဲဒီလို ကတိပြုခဲ့တဲ့ ဆေးဝါးကုမ္ပဏီ ၉ ခုမှာ AstraZeneca ကုမ္ပဏီလည်း ပါဝင်နေပါတယ်။ ကမ္ဘာတစ်ဝန်းမှာ ဖော်စပ်နေတဲ့ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေး ၁၈၀ နီးပါး ရှိပေမဲ့ စမ်းသပ်ထိုးနှံမှုအဆင့်အားလုံး ပြီးမြောက်အောင်မြင်တဲ့ ကာကွယ်ဆေးမရှိသေးဘူးလို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ် (WHO)က ပြောပါတယ်။

Ref: BBC ” Coronavirus: Oxford University vaccine trial paused after participant falls ill”

Nz ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top