ကပ်ရောဂါဖြစ်ပွားနေချိန်အတွင်း အဝတ်အစားတွေကို လျှော်ဖွတ်နည်း

9-4-2020-yyl-009.jpg

အခုဆိုရင် ကမ္ဘာတစ်ဝှမ်းမှာ COVID-19 ကူးစက်ခံရသူ (၁,၅၁၈,၇၇၃) ဦး ရှိနေပါပြီ။ COVID-19 ကူးစက်ခံရသူဦးရေ ဒီထက်တိုးမလာအောင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ညွှန်ကြားထားတဲ့အတိုင်း လက်ကို မကြာခဏ သန့်စင်ပေးဖို့နဲ့ လူစုလူဝေးနေရာတွေမသွားဘဲ အိမ်မှာ နေဖို့ပါပဲ။ ဗိုင်းရပ်စ်တွေက အဝတ်အစား၊ စတီး၊ ပလတ်စတစ်အပါအဝင် အရာဝတ္တုတွေပေါ်မှာ နာရီအနည်းငယ် (သို့) ရက်အနည်းငယ်ထိ နေနိုင်တယ်လို့ လေ့လာချက်တွေက ဆိုထားပါတယ်။

ကျွန်တော်တို့တွေက တစ်ကိုယ်ရည်သန့်ရှင်းမှုကို လုပ်ဆောင်နေကြပေမဲ့ အဲဒီအရာဝတ္ထုတွေကိုလည်း ဂရုစိုက်ဖို့လိုပါတယ်။ ဗိုင်းရပ်စ်က အဝတ်အစားလို့ နူးညံ့တဲ့အရာကနေ ကူးစက်နိုင်ခြေနည်းတယ်လို့ သုတေသီတွေက ဆိုထားပေမဲ့ ကြိုတင်ကာကွယ်မှုလုပ်ထားသင့်ပါတယ်။ ဒါကြောင့် ကပ်ရောဂါဖြစ်ပွားချိန်မှာ အဝတ်လျှော်ရင် ဘယ်လိုလျှော်ရမလဲဆိုတာကို မျှဝေပေးလိုက်ရပါတယ်။

ဖြစ်နိုင်ရင် မြန်မြန်လျှော်ပါ

အပြင်ကနေ ပြန်ရောက်ပြီးပြီးချင်း ဝတ်ထားတဲ့အဝတ်အစားကို လျှော်ပေးသင့်ပါတယ်။ နိုင်ငံတော်တော်များများမှာ ဝင်ထွက်သွားလာမှုတွေ ကန့်သတ်ထားပေမဲ့လည်း အိမ်အတွက် မရှိမဖြစ်လိုအပ်တဲ့အ့ရာတွေကိုဝယ်ယူဖို့အတွက် အပြင်ထွက်ကြရပါတယ်။ အပြင်က ပြန်ရောက်တာနဲ့ အဝတ်အစားလဲပြီး ချက်ချင်း လျှော်ပစ်ပါ။ ချက်ချင်းမလျှော်ဖြစ်ဘူးဆိုရင် သီးသန့်အိတ်တစ်ခုတည်းမှာထည့်ထားလိုက်ပါ။

သေသေချာချာလျှော်ပါ

အဝတ်အစားတွေကလည်း ဗိုင်းရပ်စ်ကပ်ညှိနိုင်တဲ့အတွက် ပိုးသတ်ဆေးနဲ့စိမ့်ပြီး သေသေချာချာလျှော်ဖွတ်ပေးဖို့ အရေးကြီးပါတယ်။ တန်းလျှော်ရုံနဲ့ မလုံလောက်ပါဘူး။ မလျှော်ဖွတ်ခင်မှာ ဆပ်ပြာမှုန့်နဲ့ အချိန်အနည်းငယ်စိမ့်ထားပေးပါ။

ရေနွေးနွေးနဲ့ လျှော်ပါ

Center for Disease Control အရ ရေနွေးနွေးလေးနဲ့ အဝတ်အစားတွေကို လျှော်ဖို့ အကြံပြုထားပါတယ်။ အဝတ်အစားကို ပိုးသတ်ဖို့ဆိုရင် ရေရဲ့အပူချိန်က ၄၀ ကနေ ၆၀ ဒီဂရီဆဲလ်စီယပ်ကြားဖြစ်ရပါမယ်။ အရည်အသွေးကောင်းတဲ့ ဆပ်ပြာမှုန့်ကိုလည်း အသုံးပြုဖို့ အကြံပြုထားပါတယ်။ အပူချိန်မြင့်တဲ့ရေက အဝတ်လျှော်စက်နဲ့မလျှော်ဘဲ လက်နဲ့လျှော်တဲ့အခါ အရေးကြီးပါတယ်။

အရောင်ချွတ်ဆေးနဲ့ လျှော်ပါ

အရောင်ချွတ်ဆေးကို မာကြောတဲ့ မျက်နှာပြင်တွေကို ပိုးသတ်တဲ့အရာအဖြစ် သိကြပါတယ်။ ဒါပေမဲ့ အဝတ်အစားမှာ အရောင်ချွတ်ဆေးကို အများကြီးသုံးလို့မရပါဘူး။ သင့်ရဲ့အဝတ်အစားကို ပျက်စီးသွားနိုင်ပါတယ်။ အဝတ်အစားတွေအတွက် သီးသန့်ထုတ်လုပ်ထားတဲ့ အရောင်ချွတ်ဆေးကိုအသုံးပြုပါ။ ရောဂါကူးစက်မှုကို ကာကွယ်ဖို့အတွက် အဝတ်အစားလျှော်တဲ့အခါ အမှုန့်အနည်းငယ်ထည့်ပြီး လျှော်ပေးသင့်ပါတယ်။

အခြေခံကြိုတင်ကာကွယ်နည်း

အပေါ်ကအချက်တွေအပြင် လက်ရှိကပ်ရောဂါနဲ့ ပတ်သက်ပြီး အခြေခံကြိုတင်ကာကွယ်နည်းတွေကို လိုက်နာသင့်ပါတယ်။ အပြင်ကပြန်ရောက်တဲ့အခါ အဝတ်အစားကို မလျှော်ဖွတ်ခင် အိမ်ထဲက ဘယ်မျက်နှာပြင်နဲ့မှာ အဝတ်အစားကို မထိမိပါစေနဲ့။ အပြင်က တစ်ခုခုနဲ့ ထိတွေ့မိလာတဲ့အဝတ်အစားတွေကို လျှော်ဖွတ်ပေးပါ။ အဝတ်အစားတွေမလျှော်ခင်မှာ လက်ကို စင်ကြယ်အောင် ဆေးဖို့လည်း အရေးကြီးပါတယ်။

Ref: Coronavirus prevention: Tips on how to wash your clothes during the pandemic

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply