အမေဇုန်တောထဲက မျိုးနွယ်စုတွေ သေဆုံးလာရတဲ့ အကြောင်းရင်း

Mar19_Part02_02_Tribe-of-500-People-in-the-Amazon-is-Slowly-Dying-728x381.jpg

လူသားတွေရဲ့ လက်တစ်စုံက ကမ္ဘာကြီး တည်ဆောက်ဖို့ မဟုတ်ဘဲ ဖျက်စီးဖို့ ဖြစ်လာပါပြီ။ ဈေးကွက်စီးပွားကို ပိုပိုပြီး လွှမ်းမိုး အုပ်စိုးချင်စိတ်နဲ့လူတွေရဲ့ ပါဝါ အာဏာပြချင်စိတ်တွေကြောင့် ကမ္ဘာကြီးမှာ သန့်ရှင်းမှုတွေ ပျောက်ဆုံးသွားပါတယ်။

ဒီလိုမျိုး လွဲမှားတဲ့ လူသားဆန်မှုတွေက ကျွန်တော်တို့ ချစ်ရတဲ့ ကမ္ဘာမြေကြီးပေါ်က မျိုးစိတ်တွေ ရပ်တည်ရှင်သန်မှုကို ခြိမ်းခြောက်နေသလို လူသားအချင်းချင်းကိုလည်း ခြိမ်းခြောက်နေပါတယ်။ ဒါက အမေဇုန်တောထဲမှာနေတဲ့ ပီရူဗီယန် မျိုးနွယ်စုတွေအတွက် အဓိက ပြသနာပါ။ သူတို့က ပြဒါး အဆိပ်သင့်ခြင်းကို ဆိုးဆိုးရွားရွား ခံစားနေရပြီး မျိုးနွယ်စု တော်တော်များများရဲ့ အသက်တွေ ဆုံးရှုံးရပါတယ်။

Nahua မျိုးနွယ်စုက ၁၉၈၀ အလယ်လောက်ကမှ ခေတ်မီ ယဉ်ကျေးမှုတွေနဲ့ အကျွမ်းဝင်ခဲ့တာဖြစ်ပေမဲ့ သူတို့ရဲ့ ခန္ဓာကိုယ် ခုခံအားစနစ်တွေကတော့ ဒီခေတ်မီမှုကို ခံနိုင်ရည် မရှိတဲ့အတွက် အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါနဲ့ ရောဂါပိုးမွှား ဝင်ရောက်မှုတွေကြောင့် လူဦးရေ တစ်ဝက်နီးပါး သေဆုံးရပါတယ်။ လက်ရှိမှာတော့ မျိုးနွယ်စုထဲမှာ အဖွဲ့ဝင် ၅၀၀ ဝန်းကျင်ပဲ ရှိပါတော့တယ်။

သူတို့က လူ့အဖွဲ့အစည်းနဲ့ သီးခြား ရပ်တည်နေပေမဲ့ ကမ္ဘာပေါ်က အန္တရာယ်အရှိဆုံး အဆိပ်အတောက်ထဲကတစ်ခု အပါအဝင်ဖြစ်တဲ့ ပြဒါးဓာတ်နဲ့တော့ အတူတကွ ယှဉ်တွဲ နေထိုင်ရပါတယ်။ ပြဒါးရဲ့ အဆိပ်အတောက်က ထိတွေ့ ကိုင်တွယ်မှုနဲ့ သတ်မှတ်အရာပေါ်မှာ မူတည်တယ်ဆိုတာ လူတိုင်းသိကြပါတယ်။ မီသိုင်းပြဒါးက အန္တရာယ် အရှိဆုံးဖြစ်ပြီးငါးနှင့် အခွံမာ ရေသတ္တဝါတွေကို စားသုံးခြင်းကနေ အဆိပ်ဖြစ်စေတာပါ။

Nahua လူမျိုးတွေ အဆိပ်အတောက်ဖြစ်ရတဲ့ အကြောင်းရင်းတွေထဲကတစ်ခုက ဓာတ်သတ္တု အသေးစား တူးဖော်မှုကြောင့်ပါ။ ပီရူဗီယန် အမေဇုန်တောထဲက ဓာတ်ငွေ့ကုမ္ပဏီကြောင့် မြေထု ညစ်ညမ်းမှုတွေ ဖြစ်ပါတယ်။ ဒီ ဓာတ်ငွေ့ကုမ္ပဏီတွေက စွန့်ပစ်တဲ့ များပြားလှတဲ့ ပြဒါးပမာဏတွေကြောင့် မျိုးနွယ်စုတွေရဲ့ နေထိုင်ရာအိမ်တွေ ပျက်စီး ဆုံးရှုံးကုန်ပါတယ်။ တကယ်တမ်းကျတော့ လူသားတွေလက်ထဲကနေ အမေဇုန်ကို ကယ်တင်ဖို့အစီအစဉ်တွေ အများကြီး လုပ်ဆောင်ရမှာပါ။

အဆိုးရွားဆုံး ဖြစ်ရပ်တစ်ခုက၂၀၁၄ မှာဖြစ်ပွားခဲ့တာပါ။ ၆ လသား ကလေးလေး အဆုတ်ရောင် ရောဂါဖြစ်လို့ Lima ရှိ ပုဂ္ဂလိက ဆေးခန်းကို ခေါ်ဆောင်သွားခဲ့ပါတယ်။ လသားအရွယ် ကလေးလေးက သွေးအားနည်းရောဂါ ဖြစ်နေပြီး သွေးထဲမှာ ပြဒါးဓာတ် များနေတယ်ဆိုတာ တွေ့ရှိခဲ့ရပါတယ်။ အလားတူပဲ ဒီလိုရောဂါမျိုး ဖြစ်ပွားနေတဲ့ ကလေး၊ သက်ကြီးရွယ်အို၊ အရွယ်ရောက်ပြီးသူတွေလည်း ရှိပါတယ်။

အင်တာဗျူးတစ်ခုမှာ မျိုးနွယ်စုဝင် တစ်ယောက် ပြောကြားသွားတာက “ကျွန်တော်တို့ အကူအညီ လိုနေသလို အကူအညီ ပေးမှုကိုလည်း လိုအပ်နေပါတယ်။ တစ်စုံတစ်ယောက်ကများ အကူအညီပေးနိုင်ရင် ကောင်းမယ်ဗျ။ အများစုက စိုးရိမ်နေကြပေမဲ့ ဒီအဆိပ်သင့်မှုတွေ ရပ်တန့်အောင် လုပ်ပေးနိုင်သူလည်း မရှိကြပါဘူး။ သူတို့ကကျွန်တော်တို့ကို မေ့ထားကြတယ်ဗျ” လို့ ပြောသွားပါတယ်။ အမေဇုန်လို မြို့ပြနဲ့ ဝေးတဲ့နေရာမှာတောင် ဒီလိုဆိုရင် ကျွန်တော်တို့လို စက်မှုလုပ်ငန်းတွေရဲ့ အနီးနားက လူတွေမှာရော အသံတိတ် သက်ရောက်မှုတွေ ဘယ်လောက်တောင်များနေမလဲ တွေးရင်း ရင်လေးစရာပါ။

Ref: Fabiosa:Tribe Of 500 People In The Amazon Is Slowly Dying, And They Inform The World About The Reason

May Moe (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top