မြန်မာနိုင်ငံမှာ လက်ရှိအချိန်ထိ COVID-19 ရောဂါဖြစ်ပွားသူလူနာကိုမတွေ့ရှိသေးပေမယ့် ရောဂါဖြစ်ပွားသူ အများအပြားကို ရုတ်တရက်တစ်ပြိုင်နက်တည်း တွေ့လာနိုင်တဲ့အတွက် လူစုလူဝေးများပြားတဲ့နေရာတွေကို ရှောင်ကြဉ်ကြဖို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက အသိပေးနှိုးဆော်စာထုတ်ပြန်လိုက်ပါတယ်။
COVID-19 ရောဂါလူနာတွေနဲ့ အနီးကပ်ထိတွေ့ခဲ့ခြင်းမရှိသူ(သို့မဟုတ်) ရောဂါဖြစ်ပွားရာဒေသ၊ နိုင်ငံ တွေကို လတ်တလောသွားရောက်ခဲ့တဲ့ ခရီးသွားရာဇဝင်မရှိသူတွေမှာလည်း ရောဂါကူးစက်ဖြစ်ပွားတဲ့ဖြစ်စဉ်တွေ နိုင်ငံအချို့မှာ တွေ့ရှိနေရတယ်လို့ ထုတ်ပြန်ချက်က ဆိုပါတယ်။
မြန်မာနိုင်ငံအတွင်းမှာလည်း ရောဂါဖြစ်ပွားသူအများအပြားကို ရုတ်တရက်တစ်ပြိုင်နက်တည်း တွေ့ရှိလာ နိုင်ပြီး ပြည်သူတွေအတွင်း ကူးစက်ဖြစ်ပွားနိုင်တဲ့အတွက်ကြောင့် ပြည်သူတွေနဲ့ လူမှုရေးအဖွဲ့အစည်းတွေကို အခုလို အသိပေးနှိုးဆော်ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။
ဒီထုတ်ပြန်ချက်အရ လူစုလူဝေးများပြားတဲ့နေရာတွေမှာ COVID-19 ရောဂါဖြစ်ပွားသူ(သို့မဟုတ်) ရောဂါလက္ခဏာမပြသေးပေမယ့် ရောဂါရှိသူ(Asymptomatic Carrier)တစ်ဦးထံကနေ အခြားသူတွေထံကို ရောဂါကူးစက်ပြန့်ပွားနိုင်တယ်လို့ သိရပါတယ်။
အဲဒီအတွက် အခုကာလအတွင်းမှာ လူစုလူဝေးများပြားရာနေရာတွေနဲ့ ပွဲလမ်းသဘင်ရှိရာနေရာတွေကို အတတ်နိုင်ဆုံးရှောင်ကြဉ်ကြဖို့၊ မဖြစ်မနေကျင်းပရမယ့် လူစုလူဝေးနဲ့ ပွဲလမ်းသဘင်တွေကိုသာ ပြုလုပ်ကြဖို့၊ အသိပေးနှိုးဆော်ချက်တွေကို တိကျစွာလိုက်နာကြဖို့ ဝန်ကြီးဌာနက ပန်ကြားထားပါတယ်။ COVID-19 ရောဂါစတင်ဖြစ်ပွားတဲ့ တရုတ်နိုင်ငံအပြင် အီတလီ၊ အီရန်နဲ့ ကိုရီးယားနိုင်ငံတို့မှာ အရှိန် အဟုန်နဲ့ ရောဂါကူးစက်ဖြစ်ပွားနေပါတယ်။
အဲဒီနိုင်ငံကခရီးသွားတွေဟာ လေကြောင်းခရီးနဲ့ တိုက်ရိုက်သော်လည်းကောင်း၊ အခြားနိုင်ငံတွေမှာ ရပ်နားဖြတ်သန်းပြီးသော်လည်းကောင်း မြန်မာနိုင်ငံအတွင်းကို ဝင်ရောက်နိုင်တဲ့ အခြေအနေများစွာ ရှိနေပါတယ်။ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအနေနဲ့လည်း အပြည်ပြည်ဆိုင်ရာလေဆိပ်တွေမှာ ရောဂါကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းတွေကို သက်ဆိုင်ရာဝန်ကြီးဌာနတွေနဲ့ ပူးပေါင်းဆောင်ရွက်နေတယ်လို့ သိရပါတယ်။
KST(ရိုးရာလေး)