ကိုဗစ်ကူးစက်ပြန့်ပွားမှုတွေ ရှိနေသေးပေမယ့် စက်ရုံတချို့ ပြန်လည်ဖွင့်လှစ်

12-10-2020-yyl-016.jpg

ရန်ကုန် အောက်တိုဘာ ၁၂

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရဲ့ လမ်းညွှန်ချက်တွေကို တိကျစွာလိုက်နာပြီး အဆင့်(A)ရရှိတဲ့ အထည်ချုပ်စက်ရုံတချို့ ပြန်လည်ဖွင့်လှစ်နေပြီလို့ အထည်ချုပ်အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်(ယာယီ)တာဝန်ခံ ဒေါ်မိုးစန္ဒာမြင့်က ရိုးရာလေးကို ပြောပါတယ်။

”သိပ်တော့မဖွင့်ရဲကြသေးဘူး။ ဒီနေ့မှာ စဖွင့်တဲ့စက်ရုံက နည်းပါတယ်။ မနက်ဖြန်လောက်တော့ များများဖွင့် ကြမယ်ထင်တယ်။ အလုပ်သမားတွေအနေနဲ့ကတော့ အရမ်းကိုစိုးရိမ်နေကြတယ်။ ဒါပေမဲ့ ဝမ်းရေးအတွက် အလုပ် သွားဖို့က ဦးစားပေးဖြစ်နေတယ်”လို့ ဒေါ်မိုးစန္ဒာမြင့်က ပြောပါတယ်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့ စစ်ဆေးတွေ့ရှိချက်အရ လိုက်နာမှုအဆင့်(A)မရရှိတဲ့ စက်ရုံ၊ အလုပ်ရုံ တွေကို ယာယီရပ်နားခိုင်းမှာဖြစ်ပြီးတော့ အဆင့်(A)ရရှိအောင် ပြန်လည်ပြင်ဆင်ရမှာဖြစ်တယ်လို့ မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များအသင်းက အသိပေးထားပါတယ်။

”စက်ရုံတွေကို လိုက်လံစစ်ဆေးဖို့ကို တိုင်းဒေသကြီးကနေ မညွှန်ကြားသေးဘူး။ အရင်တုန်းက စစ်ပြီးလို့ အဆင့်(A)ရရှိထားတာတွေကို ဖွင့်လှစ်ခွင့်ပေးတာလို့ထင်တယ်။ အဲဒါကြောင့် ထပ်မစစ်ဆေးရသေးပါဘူး”လို့ လှိုင်သာယာမြို့နယ်ကျန်းမာရေးမှူး ဦးမျိုးမင်းက ပြောပါတယ်။
လက်ခစား(CMP) စက်ရုံ၊ အလုပ်ရုံများတွင် တာဝန်ထမ်းဆောင်သည့်သူများကို စက်တင်ဘာ ၂၄ ရက်မှ အောက်တိုဘာ ၇ ရက်အထိ လုပ်ငန်းခွင်သွားရောက်ခွင့်မပြုရန် သတ်မှတ်ချက်ကို အောက်တိုဘာ ၈ ရက်မှ ၂၁ ရက်အထိ သက်တမ်းထပ်တိုးထားတာဖြစ်ပါတယ်။

ဒါပေမဲ့ အဆင့်(A)ရရှိအောင် ပြင်ဆင်ထားရှိတဲ့ ကုန်ကြမ်းယူ၊ ကုန်ချောပေး လက်ခစား(CMP)စက်ရုံ၊ အလုပ်ရုံ တွေကို အောက်တိုဘာ ၁၂ ရက်(ဒီနေ့)ကနေစတင်ပြီး ရန်ကုန်တိုင်းအစိုးရရဲ့ ဆုံးဖြတ်ချက်နဲ့ ပြန်လည်ဖွင့်လှစ်ခွင့် ပေးနိုင်တယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရဲ့ အောက်တိုဘာ ၁၁ ရက်၊ ည ၈ နာရီထုတ်ပြန်ချက်အရ မြန်မာ တစ်နိုင်ငံလုံးအတိုင်းအတာအနေနဲ့ COVID-19 အတည်ပြုလူနာပေါင်း ၂၇၉၇၄ ဦး၊ ဆေးရုံဆင်းခွင့်ရရှိသူ ၉၇၄၂ ဦး၊ သေဆုံးသူ ၆၄၆ ဦးအထိ ရှိနေပါတယ်။

Photo – Myanmar Garment Manufacturers Association

KST(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top