ထိုင်းဘုရင်က ကိုယ်လုပ်တော် ဆီနီနတ်ကို မူလအဆောင်အယောင်တွေ ပြန်နှင်းအပ်

4-9-2020-yyl-033.jpg

လွန်ခဲ့တဲ့ တစ်နှစ်တုန်းက အဆောင်အယောင်တွေ ပြန်သိမ်းခံရတဲ့ ကိုယ်လုပ်တော်ကို ထိုင်းဘုရင် ဝဇီရာလောင်ကွန်းက မူလအဆောင်အယောင်တွေ ပြန်လည်နှင်းအပ်လိုက်ပြီလို့ တော်ဝင်ဂေဇက်က ကြေညာခဲ့ပါတယ်။ ဆီနီနတ်ဟာ ကိုယ်လုပ်တော်ရာထူး နှင်းအပ်ခံရပြီး လပိုင်းအကြာဖြစ်တဲ့ ၂၀၁၉ ခုနှစ် အောက်တိုဘာလမှာ အဆောင်အယောင်တွေ ပြန်သိမ်းခံခဲ့ရတာပါ။ ဆီနီနတ်က မိဖုရားဖြစ်လာအောင် ကြိုးစားနေတယ်၊ ကျေးဇူးမသိတတ်ဘူး၊ သစ္စာမဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့အတူ ပြစ်ဒဏ်ချမှတ်ခံခဲ့ရတာပါ။

၁၉၈၅ ခုနှစ်က ထိုင်းနိုင်ငံ မြောက်ပိုင်းမှာ မွေးဖွားခဲ့တဲ့ ဆီနီနတ်ဟာ သူနာပြုတစ်ယောက် ဖြစ်ခဲ့ပေမဲ့ နောက်ပိုင်းမှာတော့ သက်တော်စောင့်၊ ပိုင်းလော့၊ လေထီးစစ်သမီး စတဲ့ ဂုဏ်ပုဒ်တွေ ပိုင်ဆိုင်ခဲ့ပြီး (အဲဒီအချိန်က ထိုင်းအိမ်ရှေ့မင်းသား)ဝဇီရာလောင်ကွန်းနဲ့ ချစ်ကြိုက်ခဲ့ကြတာပါ။ တော်ဝင်သက်စောင့်တပ်ဖွဲ့ဝင်ဖြစ်လာတဲ့ ဆီနီနတ်ဟာ ၂၀၁၉ ခုနှစ်အစောပိုင်းမှာ ဗိုလ်ချုပ်အဖြစ် ခန့်အပ်ခံခဲ့ရပြီး အဲဒီနှစ် ဇူလိုင်လမှာ ဘုရင့်ကိုယ်လုပ်တော်အဖြစ် တင်မြှောက်ခံခဲ့ရပါတယ်။ ဆီနီနတ်ဟာ နှစ် ၁၀၀ ကြာကာလအတွင်း ထိုင်းနိုင်ငံမှာ ပထမဆုံး ဘုရင့်ကိုယ်လုပ်တော် ဖြစ်လာခဲ့သူပါ။ ထိုင်းဘုရင် ဝဇီရာလောင်ကွန်းက စတုတ္ထဇနီးဖြစ်တဲ့ ဆူသီဒါကို မိဖုရားတင်မြှောက်ပြီး လပိုင်းအကြာမှာပဲ ဆီနီနတ်ကို ကိုယ်လုပ်တော်အဖြစ် တင်မြှောက်ခဲ့တာပါ။

Ref: BBC ” Thailand’s king reinstates his consort after her fall from grace”

Nz ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top