မိုက်ခရိုဆော့ဖ်ကို တွဲဖက် တည်ထောင်သူ ပေါလ်အယ်လန် ကွယ်လွန်

44336829_1400560370075705_4914058669617840128_n.jpg

၂၀၀၉ ခုနှစ်ကတည်းက ကုသခဲ့ရတဲ့ (Non-Hodgkin’s Lymphoma) သွေးကင်ဆာပုံစံ တစ်မျိုးဟာ လွန်ခဲ့တဲ့ ၂ ပတ်က ပြန်လည်ဆိုးရွားလာခဲ့တာဖြစ်ပြီး အသက် ၆၅ နှစ်ရှိပြီဖြစ်တဲ့ ပေါလ်နဲ့ သူရဲ့ ဆရာဝန်တွေဟာ ဒီရောဂါကို လက်လျော့ခဲ့ရပါတယ်။ သူ့ရဲ့ တွဲဖက်တည်ထောင်သူဖြစ်တဲ့ ဘီလ်ဂိတ်စ် (Bill Gates) က “အင်မတန် ရင်းနှီးခင်မင် ရတဲ့ မိတ်ဆွေဟောင်းကြီး တစ်ယောက်ကို စွန့်လွှတ်လိုက်ရတဲ့အတွက် တော်တော်လေး စိတ်ထိခိုက်ရပါတယ်။ သူသာမရှိခဲ့ရင် တစ်ကိုယ်ရည်သုံး ကွန်ပြူတာတွေဆိုတာ ပေါ်ပေါက်ခဲ့မှာ မဟုတ်ပါဘူး” လို့ပြောခဲ့ပါတယ်။

သူကွယ်လွန်သွားတာကို ပြီးခဲ့တဲ့ တနင်္လာနေ့ ၊အောက်တိုဘာ ၁၅ ရက်နေ့ နေ့လည်မှာ သူရဲ့ ညီမဖြစ်သူ ဂျိုဒီ (Jody) က အတည်ပြုပြောကြားခဲ့ပြီး ” အရာရာတိုင်းဟာ အမှတ်ရစရာပါပဲ၊ သူ့ရဲ့ မိသားစုနဲ့ သူ့မိတ်ဆွေတွေဟာ သူ့ရဲ့ အသိပညာ၊ အတွေးအခေါ်၊ သဘောထားတွေကို အမှတ်ရအောက်မေ့နေကြပါတယ်။ သူဟာ သူရဲ့ မိသားစုနဲ့ မိတ်ဆွေတွေကို အမြဲတမ်း အချိန်ပေး နေထိုင်ချင်ခဲ့တာပါ” သူရဲ့ ညီမဖြစ်သူ ဂျိုဒီက ပြောပြပါတယ်။

ပေါလ်နဲ့ ဘီလ်ဂိတ်စ်တို့ဟာ ၁၉၇၅ ခုနှစ်က မိုက်ခရိုဆော့ဖ်ကို စတင်ထူထောင်ခဲ့ကြတာ ဖြစ်ပါတယ်။ ဘီလ်ဂိတ်စ်က “လိပ်ခ်ဆိုက်ဓ် (Lakeside) ကျောင်းမှာ စတင်တွေ့ဆုံခဲ့ကြတာက စလို့ မိုက်ခရိုဆော့ဖ် တည်ထောင်ခဲ့ကြတာ၊ နှစ်ပေါင်းများစွာ ပရောဂျက်တွေ လုပ်ခဲ့ရတာတွေကို ဖြတ်သန်းအပြီးမှာတော့ ပေါလ်ဟာ တကယ့်ကို စစ်မှန်တဲ့ မိတ်ဆွေ လုပ်ဖော်ကိုင်ဖက် တစ်ယောက်ဖြစ်ခဲ့ပါတယ်။ သူဟာ ဒီထက်အချိန်များများ ပိုပြီး နေရသင့်ပါတယ်။ ဘာပဲဖြစ်ဖြစ် သူ့လုပ်ခဲ့တဲ့ အရာတွေကတော့ နောက်မျိုးဆက်ပေါင်းများစွာအပေါ် ဆက်လက်အကျိုးရှိနေမှာ ဖြစ်ပါတယ်” လို့ ပြောခဲ့ပါတယ်။

ပေါလ်ဟာ လောလောဆယ်မှာ ကမ္ဘာ့အချမ်းသာဆုံးစာရင်းမှာ ၄၄ ဖြစ်ပြီး ဘီလ်ဂိတ်စ် ကတော့ ၂ ဖြစ်ပါတယ်။ သူဟာ ၁၉၈၃ ခုနှစ်မှာ သူရဲ့ ရောဂါ အခြေအနေကြောင့် မိုက်ခရိုဆော့ဖ်ကို ကျောခိုင်းခဲ့ပါတယ်။ ၁၉၈၆ မှာတော့ မီဒီယာနဲ့ ဆက်သွယ်ရေး ကုမ္ပဏီ ဗော်လ်ကန် (Vulcan) ကို ထူထောင်ခဲ့ပြီး စီးပွားရေးလောကထဲ ပြန်လည်ဝင်ရောက်ခဲ့ပါတယ်။ ပေါလ်ဟာ သူ့ရဲ့ ပိုင်ဆိုင်မှုထဲက ဒေါ်လာ ၂ ဘီလျံ (သန်း ၂၀၀၀ ) ခန့်ကိုလည်း အိမ်ခြေယာမဲ့တွေနဲ့ သိပ္ပံဆိုင်ရာ သုတေသန အတွက် လှူဒါန်းခဲ့ပါသေးတယ်။ အားကစားကိုလည်း ဝါသနာကြီးသူဖြစ်ပြီး Portland Trail Blazes ဘက်စကတ်ဘော အသင်းကိုဝယ်ယူခဲ့သလို မေဂျာလိဂ် ဘောလုံးအသင်း Seattle Sounder ရဲ့ ပိုင်ရှင်လည်းဖြစ်ပါတယ်။

Ref: BBC ”Paul Allen: Microsoft co-founder and billionaire dies aged 65”

Zuluu (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top