ရွှေ့ပြောင်း အခြေချသူများနဲ့ ကျွမ်းကျင်သူများကို ကွဲကွဲပြားပြား အသုံးပြုထားတဲ့ လူတန်းစား ခွဲခြားမှု

young-asian-male-professional-at-desk-smiling-to-RU9HW36-e1564404185192.jpg

ကျွန်တော်ဟာ အမေရိကားကိုရောက်တော့ Kansas မြို့ငယ်လေးက အိမ်တစ်အိမ်မှာ ညစာစားဖို့ အဖိတ်ကြားခံရပါတယ်။ သူတို့ လင်မယားနှစ်ဦးကတော့ အမေရိကန်မှာ မွေးဖွားကြီးပြင်းတဲ့ အမေရိကန် စစ်စစ်တွေ ဖြစ်ပါတယ်။ စကားတွေ ဖောင်ဖွဲ့ပြောရင်းနဲ့ အမေရိကန်မှာ အချို့နေရာမှာ လူတန်းစား ခွဲခြားမှု အနည်းငယ်ရှိသေးတဲ့ အကြောင်းကို ပြောဖြစ်ကြတယ်။ နောက်တော့ ပြောရင်းနဲ့ အမေရိကန်မှာ လူမဲတွေတင် မကဘူး လူနီ သို့မဟုတ် လူဝါလို့လည်းခေါ်တဲ့ အာရှသားတွေ (Asian People) တွေဟာလည်း လူတန်းစား ခွဲခြားခံရကြောင်း ပြောရင်းနဲ့ တစ်ယောက်နဲ့ တစ်ယောက် ထောက်ခံကြတယ်။ အမှန်တော့ အမေရိကန်ဟာ ကမ္ဘာမှာ အတိုးတက်ဆုံးနဲ့ အစည်းလုံး ညီညွတ်ဆုံး တိုင်းပြည်ကြီး တစ်ခုလို့ပဲ သိထားကြတာပေါ့။ တကယ်လည်း ဟုတ်ပါတယ်။ ကမ္ဘာအရပ်ရပ်က လူမျိုးပေါင်း မြောက်များစွာ လာရောက် နေထိုင်ပြီး လူတိုင်းဟာ အမေရိကန်အိပ်မက် (American Dream) ဆိုတာကို ဖြစ်အောင် ဖန်တီးခွ့င်ရှိပါတယ်။ လူတိုင်း ကြိုးစားရင် ကြိုးစားသလောက် ဖြစ်နိုင်တယ်ဆိုတာလေးပေါ့။

ဒါနဲ့ အမေရိကန်မှာတင်မကပဲ အနောက်တိုင်း အုပ်စုကြီးတစ်ခုလုံးက အာရှနဲ့ အခြားသော ဆင်းရဲတဲ့ တိုင်းပြည်တွေကို လူတန်းစားခွဲခြားကြောင်း ရွှေ့ပြောင်းအခြေချသူများ (Immigrant) နဲ့ ကျွမ်းကျင်သူများ (expat) အသုံးနှုန်းက အဓိပ္ပါယ် ဖော်ပြကြောင်း ကျွန်တော်လည်း အတွေးဝင်တော့ ပြောကြည့်မိပါတယ်။ သူတို့လည်း စဉ်းစားရခက်အောင် ဖြစ်သွားပါတယ်။ ဘာကြောင့်လဲဆိုတော့ အနောက်တိုင်း (အမေရိကန်၊ ဥရောပ) တို့မှ လူဖြူတွေဟာ မြန်မာ၊ အိန္ဒိယနဲ့ အာရှနိုင်ငံတွေမှာ လာရောက် အလုပ်လုပ်ရင် ရွှေ့ပြောင်းအခြေချသူများလို့ အခေါ်မခံရပါဘူး။ သူတို့ဟာ ရွှေ့ပြောင်းအခြေချသူများလို့ အခေါ်မခံရပဲ ကျွမ်းကျင်သူများလို့ အခေါ်ခံရပါတယ်။

မြန်မာပြည်က ကျွန်တော့်ရဲ့ လုပ်ဖော်ကိုင်ဖက် နိုင်ငံခြားသားတွေဟာလည်း ကျွမ်းကျင်သူများလို့ အခေါ်ခံရပါတယ်။ ကျွမ်းကျင်သူများကတော့ လက်တင် ဘာသာစကားကနေလာတဲ့ အသုံးနှုန်းဖြစ်ပြီး နိုင်ငံ နေရာ တစ်နေရာကနေ ထွက်ခွာပြီးတော့ အလုပ် လုပ်သူလို့ အဓိပ္ပါယ်ရပါတယ်။ ဒီတော့ ရွှေ့ပြောင်းအခြေချသူများကလည်း နိုင်ငံတစ်နိုင်ငံကနေ ထွက်ပြီးတော့ အလုပ် လုပ်သူပါပဲ။ ဒါပေမယ့် ကျွန်တော်တို့ မြန်မာတွေ၊ အင်ဒိုနီးရှားတွေ၊ ဖိလစ်ပိုင်တွေ၊ ထိုင်းတွေ၊ ဗီယက်နမ်တွေဟာ ဘယ်နိုင်ငံသွားလုပ်လုပ် ရွှေ့ပြောင်းအခြေချသူများသာ ဖြစ်ပါတယ်။ ကျွမ်းကျင်သူများ မဟုတ်ပါ။ အနောက်တိုင်း လူဖြူတွေကတော့ ဘယ်နိုင်ငံသွားလုပ်လုပ် အိမ်သုတ်ဆေးသမား ဖြစ်ရင်တောင် ကျွမ်းကျင်သူများ ဖြစ်ပါတယ်။ အာရှသားဆိုရင် ပါရဂူဖြစ်နေလည်း ရွှေ့ပြောင်းအခြေချသူများ ဖြစ်ပါတယ်။

ဒီတော့ ကျွမ်းကျင်သူများဆိုတာ မိမိတိုင်းပြည်က ပြီးပြည့်စုံနေပြီး အခြားနိုင်ငံ တစ်ခုခုကို ဖိတ်ကြားလို့ သို့မဟုတ် ကုမ္ပဏီတစ်ခုက စေလွတ်လို့ သွားလုပ်ရတာမျိုးဆိုရင် ကျွမ်းကျင်သူများလို့ အမည်ရပါတယ်။ ဥပမာ အမေရိကန်နိုင်ငံသား တစ်ယောက်က မြန်မာပြည် ကုမ္ပဏီတစ်ခုက လှမ်းခေါ်လို့ လာလုပ်ရရင် သူဟာ ပညာရှင်အဖြစ် အခေါ်ခံ၊ အပို့ခံရတာကြောင့် ကျွမ်းကျင်သူများ ဖြစ်သတဲ့။ ရွှေ့ပြောင်းအခြေချသူများဆိုတာကတော့ ဘယ်သူပဲ ခေါ်ခေါ် ကိုယ့်တိုင်းပြည်က ဆင်းရဲနေတာကြောင့် ရေကောင်းမြေကောင်းအတွက်သော်လည်းကောင်း၊ လစာငွေအတွက်သော်လည်းကောင်း သွားတာမျိုးဆိုရင် ရွှေ့ပြောင်းအခြေချသူများဖြစ်ကြောင်း ဆိုပါတယ်။

ဒါကြောင့် စင်္ကာပူတွေဟာ သူတို့ကိုယ် သူတို့ ကျွမ်းကျင်သူများအဖြစ် ခံယူပြီး ဟောင်ကောင်လည်း ထိုနည်းလည်းကောင်း ပါပဲ။ ဒါပေမယ့် အနောက်တိုင်းကတော့ စင်္ကာပူကပဲ ဖြစ်ဖြစ် ဟောင်ကောင်ကပဲ ဖြစ်ဖြစ် အာရှဖြစ်တာကြောင့် ရောကြိတ်ပြီး ရွှေ့ပြောင်းအခြေချသူများလို့ သတ်မှတ်ပါတယ်။ ဂျပန်နဲ့ တောင်ကိုရီးယား တို့ကျပြန်တော့ ကျွမ်းကျင်သူများ ပြန်ဖြစ်သွားပါတယ်။ အထူးသဖြင့် ဂျပန်ပါ။ ကမ္ဘာ့အချမ်းသာဆုံး တိုင်းပြည်ဖြစ်နေတာ နှစ်ပေါင်းများစွာ ရှိနေပြီ ဖြစ်ပြီး ကိုယ်တိုင်ကလည်း ပညာရှင်များအဖြစ် နှစ်စဉ်ထွက်ရှိနေတော့ သူတို့ကိုကျ ကျွမ်းကျင်သူများအဖြစ် အနောက်တိုင်းက လက်ခံကြ ပါတယ်။ ဒါတောင် အချို့ ဂျပန်တွေကို ရွှေ့ပြောင်းအခြေချသူများအဖြစ် သတ်မှတ်တာမျိုးလည်း အချို့က လုပ်ကြပါသေးတယ်။

ဒါကတော့ လက်ရှိအချိန်မှာ ဖြစ်နေတဲ့ ကမ္ဘာလုံးဆိုင်ရာ ခွဲခြားမှုကြီး တစ်ခုပဲ ဖြစ်ပါတယ်။

Ref : The Gurdian : “Why are white people expats when the rest of us are immigrants?  ”

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top