အခက်အခဲကြားက အရည်အချင်း

forensic-scientist-examining-murder-weapon-PJX7X9M-e1563684639544.jpg

ကတ်သရင်း ဖီးလစ် (Katherine Phillips) ဆိုတဲ့ စိတ်ပညာရှင်က ကျောင်းသားတွေကို အစုလိုက်ခွဲပြီး စမ်းသပ်မှု တစ်ခုလုပ်ခဲ့တယ်။ ကျောင်းသားလေးယောက်စီကို အဖွဲ့တစ်ဖွဲ့စီ ဖွဲ့ခိုင်းပြီး လူသတ်တရားခံ ရှာရတဲ့ ဉာဏ်စမ်းမေးခွန်းတွေကို အဖွဲ့လိုက် ဖြေခိုင်းတာပါ။ ဒါပေမယ့် အဖွဲ့ ဖွဲ့တဲ့ နေရာမှာတော့ တချို့အဖွဲ့တွေမှာ အရင်ကတည်းက သိကျွမ်းခင်မင်ပြီးသား ကျောင်းသား ၄ ယောက်နဲ့ပဲ ဖွဲ့ခိုင်းပြီး တချို့ အဖွဲ့တွေမှာတော့ အရင်ကတည်းက အချင်းချင်းသိကြပြီးသား ကျောင်းသား ၃ယောက်၊ သူတို့နဲ့ မသိတဲ့ အပြင်လူတစ်ယောက်နဲ့ အဖွဲ့ ဖွဲ့ပေးပါတယ်။ ဒီလိုနဲ့ ဉာဏ်စမ်းကို အဖြေရှာခိုင်းတဲ့ အခါမှာ သူစိမ်းတစ်ယောက်ပါနေတဲ့ အဖွဲ့တွေက အဖြေကို ပိုမှန်အောင် ဖြေနိုင်တာကို တွေ့ရပါတယ်။

အမှန်တော့ အဖွဲ့တွေမှာ ပါလာတဲ့ အပြင်လူတွေက ရှိပြီးသား လူတွေထက် ပိုတော်နေ၊ တတ်နေလို့ မဟုတ်ပါဘူး။ ဒါပေမယ့် အဖွဲ့သားချင်း အရင်က သိနှင့်ပြီးသား မဟုတ်ကြတဲ့ အခါမှာ တစ်ယောက်နဲ့ တစ်ယောက် တွဲဖက်အလုပ်လုပ်ရတာဟာ ရင်းနှီးသူတွေနဲ့ လုပ်ရတာလောက် အဆင်မချောပါဘူး။ ကိုယ့် အမြင်ကို မှန်ကြောင်းတင်ပြရတဲ့ အခါမှာလည်း သက်သေအထောက်အထားကို ပိုပြည့်စုံဖို့ ကြိုးစားရပြီး သာမန်ထက် ပိုအားစိုက်ရပါတယ်။ မသိကျွမ်းတဲ့ သူတွေ ဖြစ်နေတဲ့ အခါ တခြားသူတွေရဲ့ အဆိုပြုချက်ကိုလည်း လွယ်လွယ်လက်ခံဖို့ ခက်ခဲပြီး အထပ်ထပ် ဝေဖန် စစ်ဆေးရပါတယ်။ ဒီအချက်တွေကြောင့် ပိုပြီး မှန်ကန်တဲ့ အဖြေတွေကို ရလာခဲ့တာပဲ ဖြစ်ပါတယ်။

နောက်ထပ် စိတ်ပညာရှင်တစ်ဦးဖြစ်တဲ့ ဒန်နီယယ် အိုပင်ဟိုင်းမား (Daniel Oppenheimer) ဆိုသူကလည်း အထက်တန်းကျောင်း ဆရာ ဆရာမတွေနဲ့ ပေါင်းပြီး ကျောင်းသားတွေအပေါ်မှာ စမ်းသပ်မှုတစ်ခု လုပ်ခဲ့ပါသေးတယ်။ ကျောင်းသားတွေကို ထုတ်ပေးတဲ့ မှတ်စုစာရွက်တွေထဲက တချို့ စာရွက်တွေကို ဖတ်ရခက်တဲ့ စာလုံးပုံစံ (font) နဲ့ ထုတ်ပေးခဲ့ပြီး တချို့ စာရွက်တွေကိုတော့ ပုံမှန်စာလုံး အနေအထားအတိုင်းပဲ ထုတ်ပေးခဲ့ပါတယ်။ စာမေးပွဲရောက်တဲ့ အခါမှာတော့ ဖတ်ရခက်တဲ့ စာလုံးတွေနဲ့ စာကျက်မှတ်လေ့လာရတဲ့ ကျောင်းသားတွေက စာတွေကို ပိုမှတ်မိနေတာ တွေ့ရပါတယ်။ သူတို့က စာဖတ်ရတာအပြင် ရှုပ်ထွေးတဲ့ စာလုံးအနေအထားတွေကို နားလည်အောင် လုပ်ရတဲ့ အခက်အခဲတစ်ခုလည်း ရှိနေပြီး အဲဒီ အခက်အခဲကို ကျော်လွှားဖို့ ပိုအားစိုက်ထုတ်ခဲ့ရပါတယ်။ ဒီလို အားထုတ်ရင်းနဲ့ပဲ စာတွေကို ပိုမှတ်မိလာတာပါတဲ့။

ကျွန်တော်တို့ နေ့စဉ်ဖြတ်သန်းမှုတွေဟာ အမြဲ အဆင်ပြေနေတာမျိုးတော့ မဖြစ်နိုင်ပါဘူး။ ဒါပေမယ့် အပေါ်က ဥပမာတွေကို သတိရပြီး လွယ်လွယ် အားမလျော့လိုက်ဘဲ ကြုံရတဲ့ အခက်အခဲတွေကို ကျော်လွှားဖို့ သာမန်ထက် ပိုကြိုးစားကြည့်သင့်ပါတယ်။ အကြောင်းကတော့ ကျွန်တော်တို့ရဲ့ အကောင်းဆုံး၊ အမြင့်မားဆုံး စွမ်းရည်တွေဟာ အခက်ခဲဆုံး၊ အကြပ်တည်းဆုံး အခြေအနေတွေမှသာ ထွက်ပေါ်လာတတ်တာမို့ပါပဲ။

Ref : TED Talk : “How frustration can make us more creative” by “Tim Harford”

ကျော်သန့် (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top