အသက် ၃၄ နှစ်အရွယ် ဒစ်ဂျစ်တယ်ငွေကြေးစွန့်ဦးတီထွင်လုပ်ငန်းရှင် ဂျက်စတင် ဆန်းက ငှက်ပျောသီးကို နံရံမှာ တိပ်ကပ်ထားတဲ့ အနုပညာလက်ရာကို ကန်ဒေါ်လာ ၆.၂ မီလျံနဲ့ လေလံအောင်လာပြီး ၁ ပတ်ကျော်အကြာ နိုဝင်ဘာ ၂၉ ရက်နေ့မှာတော့ အနုပညာလက်ရာက ငှက်ပျောသီးကို စားပစ်ခဲ့ပါတယ်။ သူ ပထမတစ်ကိုက်ကိုက်ပြီးနောက် အခြားငှက်ပျောသီးတွေထက် ဒီငှက်ပျောသီးက ပိုကောင်းတယ်လို့ သူက ဆိုပါတယ်။
သူဟာ အဲ့ဒီငှက်ပျောသီးကို စားမပစ်ခင် ဟောင်ကောင်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ အယူအဆဆိုင်ရာအနုပညာနဲ့ ဒစ်ဂျစ်တယ်ငွေကြေးကြား တူညီမှုအကြောင်း မိန့်ခွန်းပြောကြားခဲ့ပါသေးတယ်။
ဂျက်စတင်က အီတလီအနုပညာရှင် ကက်တီလန်ရဲ့လက်ရာဖြစ်တဲ့ လူရွှင်တော်အမည်ရတဲ့ ငှက်ပျောသီးတိပ်ကပ်လက်ရာကို နိုဝင်ဘာ ၂၀ ရက်နေ့က နယူးယောက်ရှိ Sotheby’s Auction မှာ အခြားလူ ၆ ဦးထက် ဈေးပိုပေးခဲ့တာပါ။
သူဟာ အဲ့ဒီလက်ရာကို လေလံအောင်ပြီးနောက် ငှက်ပျောသီးကို စားမယ်လို့ ဆုံးဖြတ်ခဲ့တာပါ။ ငှက်ပျောသီးကို စားပစ်တာက အနုပညာသမိုင်းရဲ့တစ်စိတ်တစ်ပိုင်းဖြစ်လာနိုင်တယ်လို့ သူက သတင်းစာရှင်းလင်းပွဲတစ်ခုမှာရှင်းလင်းပြောဆိုခဲ့ပါတယ်။
ဂျက်စတင်က အဲ့ဒီလက်ရာကို လေလံအောင်တာဖြစ်တဲ့အတွက် အဲ့ဒီလက်ရာကို တပ်ဆင်ပြသခွင့်ရှိသလို ငှက်ပျောသီးမကောင်းတော့ရင် ဘယ်လိုအစားထိုးရမယ်ဆိုတဲ့လမ်းညွှန်ချက်လည်းရခဲ့တာပါ။
အီတလီအနုပညာရှင် ကက်တီလန်ရဲ့ငှက်ပျောသီးတိပ်ကပ်လက်ရာက ငှက်ပျောသီးကို စားခံရတာ ဒါဟာ ပထမဆုံးအကြိမ်တော့မဟုတ်ပါဘူး။ ၂၀၁၉ ခုနှစ်က လူနောက်အနုပညာရှင်တစ်ဦးဟာ စားခဲ့သလို ၂၀၂၃ ခုနှစ်တုန်းက ကိုရီးယားကျောင်းသားတစ်ဦးဟာလည်း စားပစ်ခဲ့တာပါ။
ဂျက်စတင်ဆန်းက လက်ရှိမှာတော့ သူ့ရဲ့ ဒစ်ဂျစ်တယ်ငွေကြေးလုပ်ငန်း TRON Network မှာ ရင်းနှီးမြှုပ်နှံသူတွေကို အတုအယောင်ကုန်သွယ်မှုနဲ့ လိမ်လည်လှည့်ဖြားတယ်ဆိုတဲ့ စွဲချက်နဲ့ U.S. Securities and Exchange Commission ကနေ တရားစွဲခံနေရပါတယ်။
Ref: Crypto boss eats banana art he bought for S$8.3 million
WL(ရိုးရာလေး)