ကိုဗစ်ကာလအတွင်း ကိုယ်ပိုင်ဆော့စ်အမျိုးအစား တီထွင်နိုင်ခဲ့တဲ့ ၇တန်း ကျောင်းသူလေး

8-9-2020-yyl-007.jpg

စာဖတ်ပရိသတ်တွေရော ကိုဗစ်ကာလမှာ အိမ်တွင်းအောင်းနေတုန်း ဘာတွေလုပ်ဖြစ်ကြလဲ..။ ကိုယ်ပိုင်တံဆိပ်ပစ္စည်းတစ်ခုခုများ မတီထွင်မိကြဘူးလား။ လူဝီစီယားနားပြည်နယ်က အသက် (၁၂) နှစ်အရွယ် (၇) တန်းကျောင်းသူလေးကတော့ အိမ်တွင်းအောင်းနေချိန်မှာ ကိုယ်ပိုင် BabyJay’s Wing ဆော့စ်အမျိုးအစားကို စမ်းသပ်ထုတ်လုပ်နေခဲ့ပါတယ်။ ရလဒ်ကတော့ တော်တော်လေးကောင်းပါတယ်။ အခုဆိုရင် လူတော်တော်များများက သူ့ရဲ့ဆော့စ်ပုလင်းတွေကို လိုချင်နေကြပါတယ်။

အေ ဂျေဇလာ ဂျွန်ဆန် (A’Jzala Johnson) ဆိုတဲ့ အဲဒီကလေးမလေးက ဖောက်သည်တွေ လိုချင်သွားလောက်စေတဲ့ ဆော့စ်ပြုလုပ်နည်းရှိပါတယ်။ ကပ်ရောဂါဖြစ်ပွားတဲ့အခါမှာ အေ ဂျေဇလာက ဆော့စ်ထုတ်လုပ်ဖို့ စတင်လုပ်ဆောင်ခဲ့တာပါ။ အဲဒီလို စမ်းသပ်ဖော်စပ်ရင်းနဲ့ ဂျေဇလာရဲ့ BabyJay’s Wing Sauce ဖြစ်တည်လာခဲ့တာပါပဲ။ အေ ဂျေဇလာရဲ့အမေ အယ်လီဆီယာက “သမီးက ဆော့စ်ပုလင်းအမျိုးအစားတွေကို ကြိုက်နှစ်သက်တဲ့သူပါ။ ချက်ပြုတ်ရတာလည်း ကြိုက်တယ်။ မေမေ..သမီးရဲ့ဆော့စ်လုပ်နည်းကို အခြားသူတွေခိုးယူတာမလိုချင်ဘူးလို့ သမီးက ပြောရှာတယ်။ သမီးက ဆော့စ်လုပ်နည်းကို ထုတ်မပြချင်ဘူး”လို့ပြောပါတယ်။

အေ ဂျေဇလာကတော့ ဆော့စ်လုပ်နည်းကို အကောင်အထည်ဖော်နိုင်သွားပြီးတဲ့နောက်မှာတော့ မီးဖိုချောင်ထဲမှာ အလုပ်ရှုပ်နေတော့တာပါပဲ။ BabyJay’s Wing Sauce က BBQ & Tangy နဲ့ Hot & Spicy ဆိုပြီး အရသာနှစ်မျိုးနဲ့ ထုတ်လုပ်ထားတာဖြစ်ပါတယ်။ ပြီးခဲ့လတုန်းးက အေ ဂျေဇလာက Lili Beauty Supply နဲ့ AfroLamour Braids Community Event တို့မှာ ဆော့စ်ပုလင်းတွေကို လေလံတင်ရောင်းချခဲ့ပါတယ်။ ပထမဆုံးနေ့မှာပဲ (၅) အောင်စပုလင်း (၄၀) ရောင်းချနိုင်ခဲ့ပါတယ်။ သူက ဆော့စ်ပုလင်းတွေကို ဖေ့စ်ဘွတ်ကနေတဆင့်၊ လူတွေရဲ့ပြောစကားကနေတဆင့် ရောင်းချခဲ့တာပါ။ မကြာသေးခင်ကမှ အေ ဂျေဇလာက ဆော့စ် ဂါလံပုံးတစ်ပုံးကို ဒေါ်လာ ၂၅ နဲ့ စတင်လက်ခံရောင်းချနေပါတယ်။ ဝယ်ယူသူတွေက BabyJay’s Wing Sauce အရသာ (၂) မျိုးကို ရောစပ်ချင်ရင် ဂါလံပုံးတစ်ပုံးအတွက် ဒေါ်လာ ၃၀ ပေးရပါတယ်။

အေ ဂျေဇလာက လူဝီစီယားနားပြည်နယ်အပြင်ဘက် ချီကာဂိုမြို့၊ အတ္တလန္တာမြို့လို နေရာတွေမှာတောင် လုပ်ငန်းချဲ့ထွင်ပြီးသွားပါပြီ။ “သမီး ကြီးကြီးမားမားတစ်ခုရပြီးရင် နောက်ထပ်ကြီးတဲ့လိုချင်တယ်။ အစားအသောက်ကားကို လိုချင်ပြီး ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းထောင်ချင်ပါတယ်”လို့ ပြောပါတယ်။ သူ့ရဲ့ဆော့စ် လူသိများလာခဲ့တာက အရသာကြောင်ဖြစ်တယ်လို့ ဆိုပါတယ်။ အခုဆိုရင် အေ ဂျေဇလာက Hot Cheetos အရသာဆော့စ်အမျိုးအစားကို ဖန်တီးနေပါတယ်။ (၇) တန်းကျောင်းသူလေးရဲ့အိပ်မက်ကတော့ နိုင်ငံတစ်ဝှမ်းက အစားအသောက်ဆိုင်တွေဆီ သူ့ရဲ့ထုတ်ကုန်တွေ ရောက်သွားဖို့ပါပဲ။

Ref: ABCNews “Everyone wants this 7th grader’s secret wing sauce recipe”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top