လောကမှာ အလှတရားကို ခံစားတတ်တဲ့နေရာမှာ လူသားတွေကို ဘယ်သူမှ မီမယ်မထင်ပါဘူး။ လူသားတွေ အလှကြိုက်တတ်ပုံကတော့ စံတင်လောက်စရာပါပဲ
.. ခုပဲကြည့်လေ.. လှဖို့အရေး အမျိုးမျိုး အပင်ပန်းခံ၊ အနာခံပြီး ကြိုးစားနေကြဆဲမဟုတ်လား… ဒါက ကျွန်တော်တို့ ခေတ်မှ မဟုတ်ပါဘူး။ ဟိုးအရင် ရှေးရှေးက သမိုင်းတွေမှာလည်း လှပဖို့အရေးအတွက် အသည်းအသန်ကြိုးစားခဲ့ကြတာတွေ ရှိတာပေါ့.
ဒါပေမဲ့ အလှစံနှုန်းချင်းမတူတဲ့အခါ သူတို့ လှတယ်လို့ ယူဆထားတာတွေက ကျွန်တော်တို့အတွက် အဆန်းကြီးတွေ၊ ရုပ်ဆိုးကြီးတွေ ဖြစ်လိုဖြစ်၊ နည်းပညာတွေ မတိုးတက်သေးတဲ့အချိန်တုန်းက လုပ်ခဲ့တဲ့ အလှပြုပြင်နည်းတွေကြောင့် အသက်တွေ ဆုံးလိုဆုံး ဖြစ်ခဲ့ကြတာတွေ မနည်းလှပါဘူး။ ဒီတော့ ကျွန်တော်က သူတို့ခေတ်၊ သူတို့အခါတုန်းက လှဖို့အရေး ဘယ်လို ထူးထူးဆန်းဆန်း ပေါက်ကရတွေ (ဒါတော့ ဒီဘက်ခေတ်အမြင်နဲ့ဆို ပေါက်ကရပေါ့လေ.. သူတို့ခေတ်တုန်းကတော့ ဒါတွေက ခေတ်မီနည်းလမ်းတွေပေါ့) လုပ်ခဲ့ကြတယ်ဆိုတာ ရိုးရာလေး ပရိသတ်ကြီးအတွက် တင်ပြပေးလိုက်ပါတယ်။
ပါးချိုင့်ဖော်စက်
အမယ်.. ဒီဘက်ခေတ်မှာ မျက်ရစ်ဖော်ကြတယ်မလား.. ဒါများဘာဆန်းသေးလဲ? ဟိုးအရင် ၁၉၃၆ ခုနှစ်လောက်ကတည်းက ပါးချိုင့်ဖော်စက်ဆိုတာ ခေတ်စားနေတာပါ.. ဒီစက်နာမည်ကတော့ Isabelle Gilbert’s Dimple Machine (အစ္စဘဲလ်ဂီလ်ဘတ် ရဲ့ ပါးချိုင့်ဖော်စက်) တဲ့…
၁၉၃၆ ခုနှစ်လောက်တုန်းက ဈေးကွက်ထဲမှာ အရမ်းကို အောင်မြင်ခဲ့တာပေါ့… ပါးချိုင့်လေးနဲ့ မိန်းကလေးတွေဆို အရမ်းချစ်ဖို့ကောင်းတယ်လို့ ပြောစမှတ်ရှိကြတယ် ဟုတ်? အဲဒီခေတ်တုန်းကလည်း ပါးချိုင့်ပါရင် လှတယ်လို့ ယူဆခဲ့ကြတော့ ပါးချိုင့်မပါတဲ့ မိန်းကလေးတွေက ပါးချိုင့်ပါအောင် လုပ်ယူကြရတော့တာပေါ့…
ဒီစက်မှာ စပရိန်ပါတဲ့ ဘုသီးလေး နှစ်ခု ပါပါတယ်။ ဒီဘုသီးလေးတွေကို ပါးမှာ ထောက်ထားရတာပေါ့။ ဒီတော့ ပါးမှာ အချိုင့်ရာလေး ဖြစ်နေရောလေ.. ပါးချိုင့် ဖြစ်သွားတာ မဟုတ်ဘူးနော်.. ဖိထားတာ ကြာလာတော့ အချိုင့်ဖြစ်သွားတာ.. ဒီတော့လည်း ကြာကြာ ဘယ်ခံပါ့မလဲ… ဖြုတ်ပြီး မကြာခင် ပျောက်သွားရောလေ.. ပြီးတော့ စက်ကို တပ်ထားတဲ့အချိန်မှာလည်း မသက်မသာနဲ့ဆိုတော့ ဒီစက်လည်း ပေါ်ပြီးမကြာပါဘူး.. ကောက်ရိုးမီးလို ဟုန်းကနဲအောင်မြင် ဟုန်းကနဲ ပျောက်ပေါ့။
တုတ်ပြားကောင်အဆီချဆေး
ကျွန်တော်တို့ အခြေခံပညာ (၉) တန်းမှာ ဇီဝဘာသာတွဲ ယူခဲ့သူတွေ တုတ်ပြားကောင်ကို မှတ်မိကြဦးမယ်လို့ ထင်ပါတယ်။ မမှတ်မိလည်း ပြဿနာမရှိဘူး ကျွန်တော် ပြောပြမယ်။ အဲ့အကောင်တွေဟာ လူ့ခန္ဓာကိုယ်ကို အင်မတန် ဒုက္ခပေးတဲ့ တုတ်ပြားကောင်တွေပါ။ ခေါင်းထိပ်မှာ ချိတ်လို အရာလေးပါပြီး အူနံရံကို ချိတ်တွယ်ထားတတ်ပါတယ်။ အဆစ်ပေါင်း ထောင်ကျော်ရှိပြီး အဆစ်တစ်ဆစ်ကို ဖြုတ်ချလိုက်ရင် အကောင်ပေါင်း ထောင်ချီ ပေါက်ပွားနိုင်ပါတယ်။
ရိုးရိုး သန်ချဆေးတွေနဲ့လည်း မသေပါဘူး။ ဝက်တွေကနေ လူတွေဆီ အကူးများပါတယ်။ တော်ရုံ အပူချိန်နဲ့လည်း မသေတဲ့ အမျိုးပါ။ သူတို့တွေက လူတွေရဲ့ အာဟာရတွေကို စုပ်ယူတတ်တာကြောင့် လူတွေမှာ အာဟာရမပြည့်တာတွေ၊ ချို့တဲ့တာတွေ၊ စားသလောက် အားမဖြစ်တာတွေ ဖြစ်တတ်ပါတယ်။ နောက်ဆုံး ကုန်ကုန်ပြောရရင် အသက် အန္တရာယ်ပါ ရှိနိုင်ပါတယ်။ (ရှားပေမဲ့) ဒါကတော့ ကိုးတန်းတုန်းက ကျွန်တော်တို့ သင်ခဲ့ရတဲ့ တုတ်ပြားကောင်အကြောင်းပေါ့။
၁၈၀၀ ပြည့်နှစ်လောက်တုန်းက အင်္ဂလန်မှာ ပိန်ပိန်လေးမှ လှတယ်လို့ ထင်ခဲ့ကြပါရောလား.. ဒီတော့ ထုံးစံအတိုင်း ပိန်အောင်လုပ်ကြတာပေါ့.. ဒီနေ့ခေတ်လိုပဲ သူတို့လည်း ပိန်ဆေးတွေ၊ အဆီကျဆေးတွေ ထုတ်ခဲ့ပါတယ်။ အဲဒီထဲက တစ်မျိုးကတော့ ခုနပြောတဲ့ တုတ်ပြားကောင်ဖြစ်လာမယ့် တုတ်ပြားကောင်လောင်းလေးတွေ ပါတဲ့ ဆေးပါ။ သူ့ကို သောက်ရတယ်ပေါ့.. အဲ့ခါကျ ဆေးအခွံကို အစာအိမ်က ချေဖျက်သွားတော့ တုတ်ပြားကောင်လောင်းလေးတွေက အူထဲရောက်၊ ကြီးလာပြီး အူနံရံကိုတွယ်၊ စားလိုက်သမျှ အားလုံးကို ဒင်းတို့ကရ.. ကြီးသထက် ကြီးလာ.. လူကတော့ ပိန်သထက်ပိန်.. အမလေးလေး… ကြောက်စရာကြီး.. တော်သေးတာပေါ့.. ဒီနည်းလမ်းက အကြာကြီး ခေတ်မစားလိုက်ဘဲ ပျောက်သွားလို့…
မည်းတူးနေတဲ့ သွား
ကြည့်ဖူးကြမှာပါ။ ထိုင်းကားတွေထဲမှာ သွားမည်းမည်းတွေ… အနီးဆုံးပြောရရင် Pee Mak ကားထဲမှာ မြင်သာထင်သာ ရှိမှာပါ.. ကျွန်တော်က အစက အဲ့ခေတ်တုန်းက ကွမ်း အရမ်းစားလို့ သွားတွေ မည်းနေတယ်ထင်တာ 😀 တကယ်တော့ မဟုတ်ဘူးဗျ.. သူတို့က သွားမည်းတာကိုမှ လှတယ် ထင်တာကိုး.. (တစ်နေ့နေ့တစ်ချိန်ချိန်မှာတော့ သွားဝါဝါလေးတွေ လှတယ်ဆိုတာမျိုးလည်း ဖြစ်လာမှာပါ :3 ) ဒီဇာတ်လမ်းအစက ဂျပန်ကတဲ့ဗျ.. မဲအိဂျိ (Meiji) ခေတ်တုန်းက အိမ်ထောင်ကျပြီးတဲ့ ဂျပန်အမျိုးသမီးတွေက သွားကို မည်းအောင် ဆေးဆိုးရသတဲ့လေ..ဒီလို သွားမည်းအောင်လုပ်တာကိုတော့ Ohagura (အိုဟာဂူရာ) လို့ ခေါ်သတဲ့လေ.. သူတို့အယူကတော့ မည်းနေတဲ့သွားတွေက ပုံမှန်သွားတွေထက် ပိုကြာကြာခံတယ် (ပိုကျန်းမာတယ်) လို့ ဆိုပါတယ်။
ဒီသွားမည်းမည်းတွေက ဂျပန်မှာတင် ခေတ်စားတာ မဟုတ်ဘူးရယ်.. ထိုင်း၊ လာအိုနဲ့ ဗီယက်နမ်၊ အင်ဒိုနီးရှားနဲ့ ဖိလစ်ပိုင်တို့မှာလည်း ခေတ်စားသေးသတဲ့… ၁၉၃၈လောက်တုန်းက ပြင်သစ်တွေလုပ်ထားတဲ့ သုတေသနထဲမှာ ဗီယက်နမ်က လူတွေအားလုံးနီးပါး သွားကို အမည်းဆိုးကြသတဲ့လေ.. ဘာနဲ့ဆိုးလဲဆိုတာကတော့ နိုင်ငံအလိုက် ကွာပါတယ်။ အများဆုံးသုံးတာကတော့ မီးသွေးနဲ့ဆိုးတာပါတဲ့.. ဒါပေမဲ့ သိတဲ့အတိုင်း မီးသွေးကတော့ ဘယ်ခံမှာလဲနော်..ဒီတော့ ခဏခဏ ပြန်ဆိုးရတာပေါ့.. ဂျပန်မှာကျတော့ သံမှုန့်တွေကို ဆာကေး ဒါမှမဟုတ် ရေနွေးကြမ်းထဲထည့်လိုက်တဲ့အခါ သံမှုန့်တွေက oxidation (ဓာတ်တိုး) ဖြစ်တာကြောင့် ထည့်လိုက်တဲ့အရည်က မည်းသွားပါသတဲ့.. ဒီအရည်နဲ့ သွားမည်းအောင် ဆိုးကြတာပေါ့..
ရေဒီယိုသတ္တိကြွ မိတ်ကပ်
၁၈၉၈မှာ မာရီကျူရီ နဲ့ ပယ်ရီကျူရီ (Marie and Pierre Curie) ပထမဆုံး ရှာတွေ့ခဲ့တဲ့ ရေဒီယမ်ကို ကျွန်တော်တို့ Periodic ဇယားထဲမှာ သင်ခဲ့ကြရပါတယ်။ ရေဒီယို သတ္တိကြွ ပစ္စည်းတစ်ခု အနေနဲ့ပေါ့..
ဒါပေမဲ့ အဲဒီခေတ်တုန်းကတော့ ရေဒီယမ် ဟာ အလှကုန် ထုတ်လုပ်တဲ့နေရာမှာ သိပ်ကို အသုံးဝင်ခဲ့ပါတယ်တဲ့.. ရေချိုးတဲ့အခါ သုံးတဲ့ ရွှံ့ (ပေါင်းတင်တာပေါ့ ရွှံ့နဲ့) တွေ၊ မျက်နှာလိမ်း ခရင်မ်တွေနဲ့ ဆပ်ပြာတွေမှာတောင် ရေဒီယမ်တွေ ထည့်ခဲ့ကြပါသတဲ့…
ဒီရေဒီယို သတ္တိကြွပစ္စည်းက ထွက်တဲ့ ရောင်ခြည်တွေ (rays) ဟာ လူတွေရဲ့ ခန္ဓာကိုယ်ထဲ ဝင်ပြီး အသားအရေကို နုပျို လန်းဆန်းစေပါတယ်တဲ့လေ… အမလေး.. အဲ့ခေတ်တုန်းက လူမသိ၊ သူမသိ ဒီပစ္စည်းတွေကြောင့် ကင်ဆာဖြစ်ပြီး ဆုံးသွားတဲ့သူတွေ ဘယ်လောက်တောင် များမှာပါလိမ့်..
ခြေသေးမ
ဒါတော့ အားလုံးသိပြီးသားပါပဲ.. မြန်မာလိုတော့ ခြေသေးမလို့ ခေါ်မယ်ထင်ပါတယ်။ တရုတ်ပြည်ရဲ့ ရှေးအယူအဆအရ အမျိုးသမီးတွေကို ငယ်ငယ်လေးကတည်းက ခြေထောက်တွေကို ချိုး၊ ကြပ်စည်းထားပြီး ခြေထောက်လေးတွေ သေးသေးလေးဖြစ်အောင် ပြုပြင်ထားတာမျိုးပေါ့..
ဒီအကြောင်းရေးရင် ဆောင်းပါးတစ်ပုဒ်စာလောက် ထပ်ရဦးမှာမို့ ခြွေတာတဲ့အနေနဲ့ နောက်တစ်ပုဒ် ရေးပေးပါမယ်လို့စ် (ကျွန်တော်လည်း တစ်ပုဒ်စာ ပိုရတာပေါ့ 😛 ) နောက်တာပါ ၊ နောက်တာပါ။ အရှည်ကြီး ရေးရမှာမို့ စာဖတ်သူတွေ ဖတ်ရတာ ရှုပ်သွားမှာစိုးလို့ပါ။ ဒီ ခြေထောက်သေးသေးလေးနဲ့ အမျိုးသမီးကြီးတွေကိုတော့ ယနေ့ထက်တိုင် တွေ့နိုင်ပါသေးတယ်.. (သိပ်တော့ မရှိတော့ပေမဲ့ ကျန်တဲ့သူတွေတော့ ကျန်နေဆဲပါပဲ)
ဒါလောက်ဆို သမိုင်းတစ်လျှောက်မှာ ဘယ်လိုအန္တရာယ်များပြီး ထူးဆန်းတဲ့ နည်းလမ်းတွေနဲ့ အလှအပကို ရှာဖွေခဲ့ကြသလဲဆိုတာ ခန့်မှန်းလို့ ရလောက်ပါပြီ။ ဒါတောင် ခဲနဲ့ လုပ်ထားတဲ့ မိတ်ကပ်တွေ၊ မိချောင်းမစင်နဲ့ ရေချိုးတာတွေ၊ နဖူးဆံစပ်က ဆံပင်တွေ အကုန်နှုတ်ပစ်တာတွေ၊ မျက်တောင်နှုတ်တာတွေ၊ ခေါင်းခွံကို ပုံသွင်းတာတွေ၊ ရှူရှူးနဲ့ မျက်နှာလိမ်း၊ ပါးလုတ်ကျင်းတာတွေ မပြောရသေးဘူးရယ် 😀 အနည်းဆုံးတော့ ရိုးရာလေး ပရိသတ်ကြီး စိတ်အပန်းပြေရင်ကို ကျေနပ်လှပါပြီ။ နောက်များမှ ပြန်ဆုံကြတာပေါ့…
References: Viral Thread “Deadliest Fashion and Beauty Trends Throughout Human History”, Mom.me “Weirdest Beauty Rituals Throughout History”, All That’s Interesting “six-bizarre-beauty-trends”, Travel Dudes “Tooth Blackening”
Angelic Demon (ရိုးရာလေး)