ခန္ဓာကိုယ်မှာ ရေမွှေးအနံ့အကြာကြီးစွဲနေစေဖို့အတွက်

29-1-2021-yyl-01.jpg

ရေမွှေးအနံ့က ခန္ဓာကိုယ်မှာ အကြာကြီးစွဲမနေဘဲ မြန်မြန်အနံ့ပျောက်သွားနေလို့ စိတ်ညစ်နေလား။ အဲဒါဆိုရင်တော့ ရေမွှေးစွပ်တာ နည်းလမ်းမမှန်တာဖြစ်နိုင်ပါတယ်။ ကျွန်မတို့တွေက ရေမွှေးစွပ်ထားရင် ခန္ဓာကိုယ်မှာ တစ်နေ့လုံးစွဲနေတာကို လိုချင်ကြတာပါ။ ရေမွှေးစွပ်တာ နေရာမမှန်တာ၊ ရေမွှေးပုလင်းထားတဲ့နေရာမမှန်တာကြောင့် ရေမွှေးအနံ့ တစ်နေ့လုံးမစွဲတာလို့ ပြောလို့ရနိုင်ပါတယ်။ ကဲ…ဒါဆိုရင် ရေမွှေးအနံ့ အကြာကြီးစွဲနေစေဖို့အတွက် ဘယ်လိုလုပ်ရမလဲဆိုတာကို ဆက်လက်ဖတ်ရှုကြည့်ရအောင်..။

ရေမွှေးနဲ့ ချွေးနံ့ပျောက်ဆေးတို့ကို တစ်ချိန်တည်းသုံးတာကနေ ရှောင်ပါ

သင်က ခန္ဓာကိုယ်ရနံ့လေး သင်းနေစေဖို့အတွက် ရေမွှေးစွပ်မယ်ဆိုရင် ချွေးနံ့ပျောက်ဆေးကို မသုံးတော့ပါနဲ့။ နှစ်မျိုးလုံးကို သုံးမယ်ဆိုရင် ရေမွှေးအနံ့က တစ်နေ့လုံး စွဲနေမှာမဟုတ်တော့ပါဘူး။ အနံ့ (၂) မျိုးလုံးရောသွားပြီး နှာခေါင်းက အမွှေးရနံ့မရသလို ဖြစ်သွားနိုင်ပါတယ်။ ဒါကြောင့် ရေမွှေးတစ်မျိုးတည်းကိုပဲ အသုံးပြုပါ။

ရေမွှေးကို အဝတ်အစားတွေမှာလည်း ဖြန်းပေးပါ

ရေမွှေးကို သင့်ခန္ဓာကိုယ်မှာတင်မဟုတ်ဘဲ သင့်ရဲ့အဝတ်အစားတွေမှာလည်း နည်းနည်းဖြန်းပေးသင့်ပါတယ်။ ဒါမှ ရေမွှေးအနံ့က အချိန်အကြာကြီး စွဲနေမှာဖြစ်ပါတယ်။

အဝေးကနေ ရေမွှေးမဖြန်းပါနဲ့

တချို့တွေက ရေမွှေးဖြန်းတဲ့အခါမှာ ရေမွှေးပုလင်းကို အကွာအဝေးအနည်းငယ်ထားပြီး ဖြန်းတတ်ကြပါတယ်။ အဝေးကနေ ရေမွှေးဖြန်းတာက ရေမွှေးအနံ့အကြာကြီးခံမှာမဟုတ်ပါဘူး။ သင့်အသားရေပေါ် တိုက်ရိုက်ရေမွှေးစွပ်ပေးသင့်ပါတယ်။

နားကိုလည်း ရေမွှေးစွပ်‌ပေးဖို့မမေ့ပါနဲ့

နားရွက်တွေကိုလည်း ရေမွှေးစွပ်ပေးသင့်ပါတယ်။ နားရွက်ကို ရေမွှေးစွပ်တဲ့အခါ နားနောက်ကို စွပ်မယ့်အစား နားရွက်ထိပ်ကို ဖြန်းပေးတာက ရေမွှေးအနံ့စွဲနေမှာဖြစ်ပါတယ်။

စိုစွတ်တဲ့နေရာ (သို့) နေရောင်ခြည်ကျတဲ့နေရာတွေမှာ ရေမွှေးပုလင်းမထားပါနဲ့

သင့်ရဲ့ရေမွှေးအာနိသင်တွေ ပျယ်မသွားစေဖို့အတွက် ရေမွှေးပုလင်းကို စိုစွတ်တဲ့နေရာနဲ့ နေရောင်ခြည်ကျရောက်တဲ့နေရာတွေမှာ မထားပါနဲ့။ သင့်ရဲ့အိပ်ခန်းထဲမှာပဲ အခန်းတွင်းအပူချိန်နဲ့ ထားပေးသင့်ပါတယ်။

ရေချိုးပြီးနောက် ရေမွှေးစွပ်ပေးပါ

ရေမွှေးစွပ်ဖို့အတွက် အကောင်းဆုံးအချိန်က ရေချိုးပြီးတဲ့နောက်ပါပဲ။ အဲဒီအချိန်မှာ ရေမွှေးစွပ်ပေးတာက ခန္ဓာကိုယ်မှာ ရေမွှေးအနံ့အကြာကြီးစွဲနေအောင် ကူညီပေးမှာဖြစ်ပါတယ်။

လက်ကောက်ဝတ်မှာ ရေမွှေးစွပ်ပြီးရင် မပွတ်ပစ်ပါနဲ့

လက်ကောက်ဝတ်မှာ ရေမွှေးစွပ်ပြီးရင် လက်ကောက်ဝတ်အချင်းချင်းပွတ်ပစ်တာမျိုးမလုပ်ပါနဲ့။ အဲဒီလိုလုပ်တာက ရေမွှေးအနံ့ကို မြန်မြန်ဆန်ဆန်ပျောက်သွားစေနိုင်ပါတယ်။ လက်ကောက်ဝတ်တွေမှာ ရေမွှေးစွပ်ပြီးရင် ဒီအတိုင်းထားလိုက်ပါ။

သွေးခုန်နှုန်းရှိတဲ့နေရာတွေကို စွပ်ပါ

လက်ကောက်ဝတ်၊ လည်ပင်းနဲ့ ဒူးခေါင်းနောက်လို သွေးခုန်နှုန်းရှိတဲ့နေရာတွေက ရေမွှေးစွပ်လို့ အကောင်းဆုံးနေရာတွေပါ။ ရေမွှေးအနံ့ကို အကြာကြီးစွဲနေစေမှာဖြစ်ပါတယ်။

ဘီးတွေမှာလည်း ဖြန်းပေးလို့ရပါတယ်

သင့်ဆံပင်မှာ ရေမွှေးတိုက်ရိုက်မဖြန်းပါနဲ့။ ခေါင်းဘီးတွေမှာပဲ ရေမွှေးဖြန်းပေးသင့်ပါတယ်။ ခေါင်းဘီးမှာရှိတဲ့ ရေမွှေးအနံ့က သင့်ဆံပင်မှာ စွဲနေပါလိမ့်မယ်။

Ref: Perfume hacks to make the fragrance last longer
WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top