အိန္ဒိယနိုင်ငံမြောက်ပိုင်းမှာ အံ့ဩဖွယ်မြေမျက်နှာသွင်ပြင်ရှိတဲ့ ကန္တာရဒေသတစ်ခုရှိပါတယ်။ ဒီ အေးစက် ခြောက်သွေ့နေတတ်တဲ့ဒေသမှာ မိုးဟာ မရွာသလောက်ဖြစ်ပြီး အပူချိန်ကလည်း ပူပြင်းချိန်မှာ အလွန်အမင်းပူပြင်းပြီး အေးတဲ့ရာသီများမှာ ရေခဲမှတ်အောက်ရောက်တဲ့အထိ အေးခဲတတ်ပါတယ်။ ဒေသခံတွေပြောကြားချက်အရ နေရောင်အောက် ကြာကြာရပ်နေမယ်ဆို အပူရှပ်ခြင်းနဲ့ နှင်းကိုက်ခြင်းကို တစ်ပြိုင်နက်တည်းခံစားရမယ့် ကမ္ဘာပေါ်က တစ်ခုတည်းသောနေရာလို့ ဆိုပါတယ်။ ဒီနေရာကတော့ လာဒက် (Ladakh) ဒေသဖြစ်ပါတယ်။ ကမ္ဘာ့အမြင့်ဆုံးတောင်တွေဖြစ်တဲ့ ဟိမဝန္တာတောင်နဲ့ ခွန်လွန်တောင်နှစ်ခုကြားက တောင်ကြားဒေသလေးတစ်ခုလည်း ဖြစ်ပါတယ်။
ဒီဒေသဟာ မိုးရေချိန်အလွန်နည်းပါးပြီး ဒေသခံတို့ရဲ့ လယ်ယာမြေတွေဟာ ရေခဲမြစ်တွေဆီက အရည်ပျော်လာတဲ့ရေတွေကို အဓိကအားကိုးပြီး စိုက်ပျိုးကြရပါတယ်။ ဒါပေမယ့် ရာသီဥတုပြောင်းလဲမှုတွေအရ ပိုမိုခြောက်သွေ့လာတာကြောင့် အပင်စိုက်ရာသီတွေမှာ ရေခဲတွေအရည်မပျော်ခင်မှာပဲ ရေမလောက်ငှမှုတွေဖြစ်လာခဲ့ပါတယ်။ ဒါကို လူတစ်ယောက်ကဖြေရှင်းပေးခဲ့ပါတယ်။ သူ့ရဲ့ဖြေရှင်းချက်ကတော့ ရေခဲတွေပိုများလာစေဖို့ပါပဲ။
၂၀၁၄ ခုနှစ်မှစတင်ပြီး ဒေသခံအင်ဂျင်နီယာတစ်ယောက်ဖြစ်တဲ့ ဆိုနမ်ဝမ်ချက် (Sonam Wangchuk)ဟာ လာဒက်ဒေသရဲ့ရေပြဿနာကို ဖြေရှင်းဖို့စတင်အစီအစဉ်ဆွဲပါတယ်။ သဘာဝရေခဲမြစ်တွေဟာ ကမ္ဘာကြီးပူနွေးလာတာတဲ့အမျှ ပိုမိုအရည်ပျော်လာကြပါတယ်။ နွေဦးပိုင်းမှာ နည်းနည်းပဲအရည်ပျော်ပြီး နွေခေါင်ခေါင်ရောက်လာရင်တော့ အရည်ပျော်နှုန်းများပြားလာပါတယ်။ ဝမ်ချက်မှာ ရိုးရှင်းတဲ့အစီအစဉ်တစ်ခုရှိပါတယ်။ သူက ရေခဲတဲ့အချိန်တွေမှာ ရေခဲတွေကိုစုဆောင်းထားပြီး ရေလိုအပ်လာတဲ့ နွေရာသီအထိ သိမ်းဆည်းထားဖို့ပဲဖြစ်ပါတယ်။ “ကျွန်တော်ဟာ မေလရက်တစ်ရက်မှာ တံတားအောက်က ရေခဲအချို့ကိုတွေ့ပြီးတဲ့နောက်မှာ ရေခဲတွေကို အရည်ပျော်စေတာက ပြင်ပအပူချိန်မဟုတ်ပဲ နေရောင်ခြည်ဆိုတာ နားလည်သွားပါတယ်။” လို့ သူကပြောပါတယ်။
“ရေခဲတွေကို အချိန်ကြာကြာထိန်းထားလို့ရသားပဲလို့ ကျွန်တော် သဘောပေါက်သွားတယ်။”။ အဲ့ဒီနောက်မှာတော့ ရေခဲမုန့်ထည့်တဲ့ကတော့ချွန်ပုံစံ နှစ်ထပ်ရှိတဲ့ ရေခဲစေတဲ့ကိရိယာကို စတင်တည်ဆောက်ခဲ့ပါတယ်။ ဘယ်စွမ်းအင်ဘယ်ရေစုပ်စက်တွေမှ မသုံးထားပါဘူး။ ပါဝင်တဲ့အရာတွေက ရေအောက်ဖက်စီးစေဖို့၊ အပေါ်ဘက်စီးစေဖို့ လမ်းကြောင်းတွေနဲ့ ဆင်ခြေလျှောတစ်ခုပါပဲ။ အရင်ဆုံးပိုက်တစ်ခုကို မြေအောက်မှာမြှုပ်ထားပါမယ်။ ရေစီးကြောင်းနဲ့ ရွာတစ်ရွာအနားမှာရှိတဲ့ ရေခဲစေတဲ့ကိရိယာကို ဆက်သွယ်ပေးထားပါမယ်။ ရေက အမြင့်တစ်နေရာကနေစီးဆင်းလာပြီး ဒီကိရိယာဆီရောက်တဲ့အခါ အရှိန်နဲ့ လေထဲ မီတာ၆၀လောက်အထိ ရေပန်းလိုမျိုးပန်းထွက်ပါမယ်။ အေးခဲတဲ့လေထုအပူချိန်အရ ပြန်ကျလာတဲ့လာတဲ့ရေတွေဟာ တဖြည်းဖြည်းအေးခဲပြီး ကတော့ချွန်ပုံစံပေါ်လာပါတော့တယ်။
သူ့ရဲ့ပထမဆုံးရေခဲလုပ်ကိရိယာရဲ့ပုံစံဟာ ပေ၂၀မြင့်ပြီး ရေလီတာတစ်သိန်းခွဲကို ထိန်းထားပေးနိုင်ပါတယ်။ ဒီရေခဲတွေကို ဆောင်းရာသီကနေ ရေအလိုအပ်ဆုံးကာလဖြစ်တဲ့ မေလလယ်လောက်အထိ သိမ်းထားနိုင်ပါတယ်။ မေလကုန်ဆိုရင် မြေအောက်က ရေခဲတွေ အကုန်အရည်ပျော်ပြီး စီးဆင်းလာပါပြီ။ ဒီရေခဲလုပ်ကိရိယာဟာ အပူချိန်နွေးလာခဲ့ရင်တောင် အလုပ်ဖြစ်ပါတယ်။ အရင်ကလည်း အလားတူ ရေခဲလုပ်တဲ့ ကိရိယာတွေရှိပေမယ့် သိပ်အဆင်မပြေခဲ့ပါဘူး။ ဒီ ကတော့ချွန်ပုံစံ ရေခဲလုပ်ကိရိယာလေးကတော့ တော်တော်အလုပ်ဖြစ်တယ်လို့ပြောနိုင်ပါတယ်။
ဝမ်ချက်ကတော့ နည်းပညာတွေထပ်မြှင့်ပြီး ပိုပြီးအဆင်ပြေလာအောင်လုပ်ဖို့ကြိုးစားနေတယ်လို့ ဆိုပါတယ်။ သူဟာ ပီရူးနိုင်ငံမှာလည်း အလားတူတစ်ခုကို စမ်းသပ်နေပါတယ်။ “အခုဆိုရင် ခြောက်သွေ့လွန်းလို့ ဘယ်အပင်မှစိုက်လို့အဆင်မပြေတဲ့နေရာမှာ ကျွန်တော်တို့အပင်တွေ စိုက်နိုင်နေပါပြီ။” လို့ဆိုပါတယ်။ ဝမ်ချက်ရဲ့ ရေခဲလုပ်ကိရိယာဟာ ၂၀၁၆ခုနှစ်မှာ Rolex Award For Enterprise ရရှိခဲ့ပါတယ်။ သူဟာတဖြည်းဖြည်းနဲ့အဆင့်ထပ်မြှင့်မယ်လို့ ပြောပါတယ်။ ဒါတွေကို ခရီးသွားဆွဲဆောင်မှုမှာသုံးရင်း အဲ့ဒီကရတဲ့ ရန်ပုံငွေတွေနဲ့ ထပ်အဆင့်မြှင့်တင်မှာပါ။
Ref: CNN : The artificial glacier growing in the desert
Sophia (ရိုးရာလေး)