ကိုယ်တိုင်မီးမဖွားခင်အချိန်အတွင်း လူနာကိုကလေးမွေးပေးခဲ့တဲ့ သားဖွားဆရာဝန်မ

170728-leah-hadley-mn-1200_e6e49a9096a84c0185a942eb47f1ef0d.nbcnews-ux-2880-1000.jpg

အမေရိကန်နိုင်ငံ အရှေ့တောင်အလယ်ပိုင်းရှိ ကင်တပ်ကီ (Kentucky) ပြည်နယ်တွင် သားဖွားဆရာဝန်မတစ်ယောက်ဟာ သူမကိုယ်တိုင် မီးမဖွားခင်  အချိန်လေးမှာပဲ လူနာအမျိုးသမီးကို အောင်မြင်စွာ ကလေးမွေးပေးနိုင်ခဲ့ပါတယ်။ သားဖွားဆရာဝန်မရဲ့ နာမည်ဟာ ဒေါက်တာ အာမန်ဒါ ဟပ်စ်(Dr. Amanda  Hess) လို့ခေါ်ပြီး ဇူလိုင်လ ၃၀ ရက်နေ့မှာ သူမရဲ့ ဒုတိယမြောက်ကလေးကို မီးဖွားဖို့ ရက်ချိန်းသတ်မှတ်ပြီးသားဖြစ်ပါတယ်။ ထိုအချိန်မှာပဲ လူနာတစ်ဦးဖြစ်သူ လိဒ်ဟာလီဒေး ဂျွန်ဆင် (Leah Halliday Johnson) ကလည်း သူမရဲ့ စတုတ္ထမြောက်ကလေးကို မီးဖွားရမယ့်ရက်လည်း ဖြစ်ပါတယ်။

ဒေါက်တာ အာမန်ဒါဟပ်စ်ဟာ လူနာဟာလီဒေး ဂျွန်ဆင်ကို ကိုယ်ဝန်ဆောင်နေချိန်မှာ စစ်ဆေးဖူးခဲ့ပေမဲ့ ဒေါက်တာ အာမန်ဒါဟစ်ကိုယ်တိုင်  ကိုယ်ဝန်ဆောင်ထားရတဲ့အတွက် မွေးဖွားပေးမယ့် ဆရာဝန်အဖွဲ့တွေထဲမှာတော့မပါဝင်ပါဘူး။ ဒေါက်တာ အာမန်ဒါဟပ်စ်ဟာ ကင်တပ်ကီပြည်နယ် ဖရန်ဖို့ (Frankfort) မြို့ရှိ Frankfort Regional Medical Center ဆေးရုံမှာ မီးဖွားဖို့အတွက် ဆေးရုံတက်နေတာဖြစ်ပြီး အဲ့ဒီဆေးရုံမှာ ဟာလီဒေးဂျွန်ဆင်လည်း  မီးဖွားဖို့ပြင်ဆင်နေတာ ဖြစ်ပါတယ်။ ဟာလီဒေး ဂျွန်ဆင်အတွက် တာဝန်ယူထားတဲ့ ဆရာဝန်ကလည်း ဆေးရုံမှာမရှိနေခဲ့ပဲနောက်ကျနေပြီး မီးဖွားရတာအခက်ခဲ ဖြစ်နေတဲ့အတွက်  ဒေါက်တာအာမန်ဒါဟပ်စ်က ဝင်ရောက်ကူညီပေးခဲ့တာ ဖြစ်ပါတယ်။

ဒေါက်တာ အာမန်ဒါဟပ်စ်ဟာ မီးဖွားဖို့စောင့်နေစဉ်မှာပဲ ခွဲစိတ်ခန်းဝတ်စုံကို ဝတ်ဆင်ခဲ့ပြီး “ကျွန်မရဲ့ တာဝန်ချိန်တော့မဟုတ်ပါဘူး။ ဒါပေမဲ့ ကျွန်မ ကလေးတစ်ယောက်ကို လူလောကထဲ ခေါ်လာသင့်တယ် လို့ ယူဆလို့ကျွန်မ ခွဲစိတ်ခန်းဝတ်စုံ ဝတ်ပြီး ကူညီမွေးဖွားပေးခဲ့တာ ဖြစ်ပါတယ်။ ” လို့ဒေါက်တာအာမန်ဒါဟပ်စ် က NBC News နဲ့အင်တာဗျူးတစ်ခုမှာ ပြောဆိုခဲ့ပါတယ်။

ဟာလီဒေး ဂျွန်ဆင်ကတော့ သူမကို လာရောက်ကူညီခဲ့သူ ဒေါက်တာဟပ်စ်လည်း မီးဖွားခါနီးမှန်း ဆိုတာကို နောက်မှ သိခဲ့ရပြီး ဟပ်စ်ဟာ ဆရာဝန်ဝန်တစ်ဦးရဲ့  ကိုယ်ကျင့်တရား အပြည့်ရှိကြောင်းပြောဆိုခဲ့ပါတယ်။ သူမ မီးဖွားရမယ့်နေ့မှာပဲ အလုပ်ဆင်းနေခဲ့တဲ့ ဒေါက်တာဟပ်စ်ဟာ ကံကောင်းထောက်မစွာနဲ့ပဲ ဟာလီဒေးဂျွန်ဆင် ကိုမွေးဖွားပေးခဲ့ပြီး မိနစ်အနည်းငယ်မှာပဲ ဗိုက်နာလာခဲ့တာဖြစ်ပြီး သူမလည်း အောင်မြင်စွာ မွေးဖွားနိုင်ခဲ့ပါတယ်။

ဟာလီဒေး ဂျွန်ဆင်ကတော့ သူမကို ဒေါက်တာဟပ်စ်ဝင်ရောက်ကူညီပေးခဲ့တဲ့အတွက် ကျေးဇူးတင်နေပြီး “ဒေါက်တာဟပ်စ်ဟာ သူ့ရဲ့ အရေးကြီးနေတဲ့အချိန်မှာတောင် တာဝန်သိစိတ်ရှိခဲ့သူတစ်ယောက်ပါ။ ကျွန်မရဲ့ မိသားစုအတွက် သူကူညီပေးခဲ့တာကို ကျွန်မ တကယ်ကျေးဇူးတင်ပါတယ်။ ဒါ့အပြင် အမျိုးသမီးတစ်ယောက်လည်းဖြစ်ပြီး ကိုယ်ဝန်ဆောင် တစ်ဦးလည်းဖြစ်တဲ့ သားဖွားဆရာဝန်က ကျွန်မကို မီးဖွားပေးခဲ့တာ တော်တော်ကံကောင်းပါတယ်။ ”လို့ ပြောဆိုခဲ့ပါတယ်။

Ref : NBC News : Kentucky Doctor Delivers Patient’s Baby Right Before Giving Birth to Daughter

လူမို (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top