ဒူဘိုင်းလေဆိပ်က ခရီးသည်တွေကို ကိုရိုနာဗိုင်းရပ်စ်ကို (၉၂) ရာခိုင်နှုန်းလောက် အနံ့ခံနိုင်တဲ့ ခွေးတွေနဲ့ စစ်ဆေး

6-8-2002-yyl-013.jpg

ဒူဘိုင်းလေဆိပ်ဟာ ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုးရှိတဲ့ ခရီးသည်တွေကို (၉၂) ရာခိုင်နှုန်းလောက် အနံ့ခံဖော်ထုတ်နိုင်စွမ်းရှိတဲ့ ခွေးတွေကို လေဆိပ်မှာ ထားရှိထားပါတယ်။ ဒါကြောင့် ဒူဘိုင်းလေဆိပ်က COVID-19 ရောဂါကူးစက်ခံနေရတဲ့ခရီးသည်တွေကို ဖော်ထုတ်ဖို့အတွက် ခွေးတွေကို ထိထိရောက်ရောက်အသုံးပြုထားတဲ့ ပထမဆုံးလေဆိပ်ဖြစ်လာခဲ့ပါတယ်။ မိနစ်အနည်းငယ်အတွင်းမှာ ဗိုင်းရပ်စ်ရှိတဲ့ခရီးသည်တွေကို ရှာဖွေနိုင်ဖို့ ခွေးတွေကို လေ့ကျင့်ပေးထားတာဖြစ်ပါတယ်။

“COVID-19 လူနာကို ဖော်ထုတ်နိုင်မှုက အားလုံးချုံငုံကြည့်ရင် (၉၂) ရာခိုင်နှုန်းလောက် တိကျမှုရှိတယ်ဆိုတာကို ဒေတာနဲ့လေ့လာချက်တွေက ပြနေတာပါ။ လူစုလူဝေးများတဲ့နေရာတွေနဲ့ ပတ်သက်ရင် ခွေးတွေက မြန်မြန်ဆန်ဆန်ပဲ ရောဂါပိုးရှိသူတွေကို ဖော်ထုတ်နိုင်တယ်။ အဓိကနေရာတွေကိုလည်း ကာကွယ်ပေးနိုင်ဖို့ ကူညီပေးတယ်”လို့ ဒူဘိုင်းရဲ့အစိုးရအေဂျင်စီက ပြောပါတယ်။ ခရီးသည်တွေဆီကနေ နှာခေါင်းတို့ဖတ်၊ အာခေါင်တို့ဖတ်တို့မယူခင်မှာ ဒူဘိုင်းကို အလည်လာမယ့် ခရီးသည်တွေရဲ့ချိုင်းကြားကနေ အနံ့ခံဖို့အတွက်နမူနာယူမှာဖြစ်တယ်။ အဲဒီနောက် သီးသန့်အခန်းထဲထည့်ထားတဲ့ နမူနာတွေကို လေ့ကျင့်ပေးထားတဲ့ခွေးတွေက ကတော့ပေါက်ကနေတဆင့် အနံ့ခံမှာဖြစ်ပါတယ်။ ခွေးတွေက ကိုရိုနာဗိုင်းရပ်စ်ကို ညွှန်ပြနေရင် ခရီးသည်တွေက ကိုရိုနာဗိုင်းရပ်စ်ပိုးစစ်ဆေးရမှာဖြစ်တယ်လို့ သတင်းတွေအရ သိရပါတယ်။

UKမှာလည်း မေလက ခွေးတွေကို ရောဂါလက္ခဏာမပြခင်မှာတောင် ရောဂါဖော်ထုတ်ဖို့အတွက် အသုံးပြုလို့ရလား၊ ကိုရိုနာဗိုင်းရပ်စ်ကို ဖော်ထုတ်ဖို့ သတိပေးနိုင်လားဆိုတဲ့ လေ့လာချက်အသစ်ကို လုပ်ဆောင်ခဲ့ကြပါတယ်။ London School of Hygiene & Tropical Medicine မှာ သုတေသီတွေက Medical Detection Dogs၊ Durham University တို့နဲ့ ပူးပေါင်းပြီး ပထမအဆင့် လက်တွေ့စမ်းသပ်စစ်ဆေးမှုတစ်ခု ဆောင်ရွက်ခဲ့ကြပါတယ်။ ဒီလက်တွေ့စမ်းသပ်စစ်ဆေးမှုကို ကင်ဆာ၊ ငှက်ဖျားရောဂါနဲ့ ပါကင်ဆန်ရောဂါလို လူသားတွေမှာဖြစ်တဲ့ ရောဂါအမျိုးမျိုးရဲ့အနံ့ကို ဖော်ထုတ်ဖို့အတွက် ခွေးတွေကို လေ့ကျင့်ပေးထားတဲ့ Medical Detection Dogs နဲ့ အတူ ရောဂါထိန်းချုပ်ရေးကျွမ်းကျင်ပညာရှင်တွေက ဦးဆောင်လုပ်ဆောင်ခဲ့ပါတယ်။

Medical Detection Dogs က စုဆောင်းထားတဲ့ လွန်ခဲ့တဲ့ (၁၀) နှစ်ကျော်က သုတေသနပြုချက်ကလည်း တစ်နာရီကို လူ (၂၅၀) စမ်းသပ်နိုင်တဲ့ ခွေးတွေကို ရောဂါရဲ့အနံ့ကို ဖော်ထုတ်ဖို့အတွက် အောင်အောင်မြင်မြင်နဲ့ လေ့ကျင့်ပေးနိုင်ခဲ့တယ်ဆိုတာကို ပြသခဲ့ဖူးပါတယ်။ “ရောဂါရှာဖွေတဲ့ခွေးတွေက ကင်ဆာရောဂါတွေကို ဖော်ထုတ်ခဲ့ပါတယ်။ ဒီနည်းက ကျယ်ပြန့်တဲ့ရောဂါစစ်ဆေးတဲ့ နည်းဗျူဟာရဲ့တစ်စိတ်တစ်ပိုင်းအဖြစ် မြန်ဆန်တဲ့ရလဒ်ကို ပေးစွမ်းနိုင်မယ်လို့ ကျွန်တော်တို့ယုံကြည်တယ်။ တိကျဖို့ဆိုတာ အရေးကြီးပါတယ်။

ဒါကြောင့် ဒီလက်တွေ့စမ်းသပ်စစ်ဆေးမှုက ကိုဗစ်ရောဂါရှာဖွေရေးခွေးတွေက ဗိုင်းရပ်စ်ကို ဖော်ထုတ်နိုင်မလား၊ ပျံ့နှံ့မှုကို ရပ်တန့်နိုင်မလားဆိုတာကို ကျွန်တော်တို့ကို ပြောပြသွားမှာပါ”လို့ ဆန်းသစ်တီထွင်မှုဝန်ကြီး လော့တ် ဘီသယ်လ် (Lord Bethell) ကပြောပါတယ်။ “အစိုးရက COVID-19 တိုက်ဖျက်ဖို့အတွက် ခွေးတွေကို အဓိကနေရာမှာ ပါဝင်သရုပ်ပြဖို့ အခွင့်အရေးပေးခဲ့တဲ့အတွက် ကျွန်တော်တို့ ဝမ်းသာမိပါတယ်။ ခွေးတွေက လူတွေကို မြန်မြန်ဆန်ဆန်ပဲ စစ်ဆေးနိုင်ဖို့အတွက် ကူညီပေးနိုင်တဲ့အလားလာရှိပါတယ်”လို့ Medical Detection Dogs ရဲ့စီအီးအိုက ပြောပါတယ်။

Ref: Coronavirus-Sniffing Dogs Capable Of Smelling 92 Percent Of Cases Check Passengers At Dubai Airport

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top