ဂရုမပြုဘဲ မနေသင့်တဲ့ ကလေးများ ရဲ့ကျန်းမာရေး ဆိုင်ရာ ရောဂါလက္ခဏာများ

childhealth.jpg

မိဘများအနေဖြင့် ကလေးငယ်များ၏ ကျန်းမာခြင်းဟာပထမဦးစားပေးအရာတစ်ခု ဖြစ်ပါတယ်။ ကလေးများ၏ ခန္ဓာကိုယ်တွေဟာ ကြံ့ခိုင်တဲ့ကိုယ်ခံအားကိုတည်ဆောက်နေဆဲ ဖြစ်တဲ့အတွက်မကြာခဏဖျားနာခြင်းနဲ့ ဆရာဝန်ထံပုံမှန်သွားပြရခြင်းတို့ ရှိတတ်ပါတယ်။

ကလေးငယ်များ ပြင်းထန်စွာ ဖျားနာနေရင် မိဘများဟာဖော်မပြနိုင်တဲ့ စကားလုံးများနဲ့ စိတ်တွေ ပူပန်ကြရပါတယ်။ နှာချေခြင်း၊ ချောင်းဆိုးခြင်း၊ ကိုယ်ငွေ့ရှိ၍ အနည်းငယ်ဖျားခြင်းစတဲ့ ကျန်းမာရေး ျ ပဿ နာအသေးစားမျိုးအတွက် သိပ်စိတ်ပူစရာမလိုဘဲ ဆရာဝန်ထံ သွားဖို့လည်း မလိုအပ်ကောင်း မလိုနိုင်ပါဘူး။ ဒါပေမယ့်လည်းဘယ်လိုရောဂါလက္ခဏာမျိုးဟာဆရာဝန်နဲ့ ပြသင့်တယ်ဆိုတာတစ်ခါတစ်ရံမှာဆုံးဖြတ်ရခက်လေ့ ရှိပါတယ်။

ဒါကြောင့် ရောဂါ မပြင်းထန်လာခင်မှာဆရာဝန်နဲ့ ကုသမှုလိုအပ်တဲ့ ကျန်းမာရေးဆိုင်ရာရောဂါလက္ခဏာများနဲ့ ပတ်သက်ပြီးသိရှိနိုင်ဖို့ မိဘများအတွက် အရေးကြီးလှပါတယ်။ ဒါကြောင့် လစ်လျူရှုထားလို့ မသင့်တဲ့ ကလေးငယ်များရဲ့ ကျန်းမာရေးရောဂါလက္ခဏာတွေကိုဖော်ပြပေးလိုက်ပါတယ်။

၁။ အဖျားကြီးခြင်း

ကလေးငယ်များဟာဝမ်းဗိုက်ပိုင်းဆိုင်ရာဗိုင်းရပ်စ်များနဲ့ အသေးစားကူးစက်မှုလေးများကြောင့် မကြာခဏဖျားနာခြင်း ဖြစ်တတ်ပါတယ်။ ဒါပေမယ့် အဖျားကြီးလာပြီဆိုရင်တော့ ဒါဟာပိုမိုပြင်းထန်တဲ့ ဖျားနာမှုဖြစ်ပြီး ကြပ်မတ်တဲ့ ကုသမှုလိုအပ်တာကိုဖော်ပြခြင်းပဲ ဖြစ်ပါတယ်။ သုံးလမှ ၆လအရွယ်ကလေးများအတွက် အဖျား ၁ဝ၁ ဒီဂရီဖာရင်ဟိုက်အထက် ရှိနေပြီဆိုရင် ဒါဟာအဖျားကြီးလို့ ယူဆလို့ရပါတယ်။ ခြောက်လအထက် ကလေးများအတွက် ၁ဝ၃ဒီဂရီဖာရင်ဟိုက်ကို ယူဆနိုင်ပါတယ်။
အဖျားဟာ ၂ရက် ၃ရက် ရှိလာပြီဆိုရင်တော့ ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ ဘတ်တီးရီးယားကူးစက်မှုကြောင့် ဖျားနာခြင်းဖြစ်တယ်ဆိုရင် ပဋိဇီဝဆေးနဲ့ ကုသမှုခံယူဖို့ လိုအပ်ပါလိမ့်မယ်။ ခေါင်းကိုက်ခြင်းပါ အဖျားကြီးခြင်းနဲ့အတူခံစားနေရမယ်ဆိုရင် ကလေးငယ်ဟာမျက်လုံးတွေကိုဖွင့်ထားဖို့ ခဲယဉ်းနေပါလိမ့်မယ်။ ဒါဟာကောင်းတဲ့လက္ခဏာတစ်ရပ်မဟုတ်တော့ပါဘူး။ ဦးနှောက်အမြှေးရောင်ရောဂါရဲ့ လက္ခဏာတစ်ရပ် ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ကြပ်မတ်စွာကုသပေးဖို့ လိုအပ်ပါတယ်။
အခြားဖျားနာခြင်းများဖြစ်တဲ့ တုပ်ကွေးနဲ့ နားတွင်းဗိုင်းရပ်စ် ကူးစက်ခြင်းကြောင့်လည်းအဖျားဝင်နိုင်ပါတယ်။ အချိန်မီရောဂါစစ်ဆေးပြီး ကုသမှုပြုလုပ်ခြင်းကနောက်ထပ်ဖြစ်ပေါ်လာမယ့် ရောဂါတွေကို ကာကွယ်ပေးပြီးအဖျားကြီးခြင်းကြောင့် သေစေခြင်းကိုလည်းကာကွယ်နိုင်မှာ ဖြစ်ပါတယ်။

၂။ ရေကိုအလွန်အမင်းဆာလောင်ခြင်း။

အထူးသဖြင့် ညဘက်အချိန်မျိုးမှာကလေးငယ်ဟာရေကိုသောက်သင့်တာထက် ပိုမိုသောက်ဖို့ တောင်းဆိုလာပြီဆိုရင် ကလေးငယ်ကိုဆရာဝန်နဲ့ ချက်ချင်း ပြသင့်ပါတယ်။
အသက် ၂ဝ အောက်အရွယ် ကလေးငယ်များမှာလည်းဆီးချိုရောဂါ ဖြစ်နိုင်ပါတယ်။ ရေအလွန်အမင်းဆာလောင်ခြင်းဟာဆီးချိုရောဂါလက္ခဏာများထဲကတစ်ခုပဲ ဖြစ်ပါတယ်။
ဆီးချိုရောဂါရှိတဲ့ ကလေးငယ်များ ဖြစ်တတ်တဲ့ ရောဂါလက္ခဏာများကတော့ အလွန်အမင်းရေဆာခြင်း၊ အလွန်အမင်းဆီးသွားခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်းနဲ့ ခန္ဓာကိုယ်အလေးချိန် ကျဆင်းခြင်းတို့ပဲ ဖြစ်ပါတယ်။

၃။ အသက်ရှုရခက်ခဲခြင်း

ကလေးငယ်ဟာအချိန်နဲ့အမျှ တအစ်အစ် အော်မြည်ပြီးညည်းတွားနေမယ်၊ အသက်ရှုမြန်ခြင်းဟာ အဖျားရှိချိန်မှာကလေးငယ်များ ဖြစ်နေကျဖြစ်ရပ်ပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ နေ့စဉ် ကလေးငယ်ဟာအသက်ရှုမြန်နေမယ်ဆိုရင် ဆရာဝန်နဲ့ ပြသင့်ပါတယ်။ကစားနေချိန် ဒါမှမဟုတ် အားကစားလုပ်နေချိန်တွေမှာအသက်ရှုရခက်နေမယ်ဆိုရင် ဒါဟာစိတ်ပူရမယ့် လက္ခဏာရပ်ပါပဲ။ အသက်ရှုထုတ်နေချိန်မှာတရွှီရွှီအသံမျိုးသိသိသာသာ ကြားနေရမယ်ဆိုရင် ဒါဟာပန်းနာရောဂါရဲ့ လက္ခဏာတစ်ရပ်ဖြစ်နိုင်ပါတယ်။ အသက်ရှုပြဿနာနဲ့အတူ နှုတ်ခမ်းများပြာခြင်း ဖြစ်နေမယ်ဆိုရင်တော့ ချောင်းဆိုးရင်ကျပ်နာရောဂါလက္ခဏာ ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ကလေးငယ် အသက်ရှုရခက်ခဲနေတာကိုသတိပြုမိရင် ဆရာဝန်နဲ့ ချက်ချင်းသွားရောက် ဆွေးနွေးသင့်ပါတယ်။

၄။ ကြာရှည်စွာဗိုက်နာခြင်း

ကလေးငယ်များဟာ မကြာခဏဗိုက်နာတတ်လေ့ရှိကြပါတယ်။ တစ်ခါတစ်ရံတကယ်ဗိုက်နာခြင်းမျိုး ဖြစ်ပြီးတော့ တစ်ခါတစ်ရံမှာသူတို့ မကြိုက်တဲ့ အစားအစာကိုမစားရအောင် လုပ်တတ်ခြင်းမျိုး ဖြစ်ပါတယ်။ ဒါပေမဲ့လည်းနာကျင်ခြင်းဟာ ပြင်းထန်လာပြီးတစ်ပတ်လောက် ကလေးငယ်ကညည်းတွားလာပြီဆိုရင်တော့ သေချာဂရုစိုက်သင့်ပါတယ်။ နာကျင်မှုဟာဗိုက်ရဲ့ အောက်ဘက် ညာဘက်ပိုင်းဖြစ်ပြီးဖျားနာခြင်း၊ အန်ခြင်းနဲ့ဝမ်းလျှောခြင်းများပါ ဖြစ်လာပြီဆိုရင်တော့ ဒါဟာအူအတက်ရောင်ခြင်းရဲ့ ရောဂါလက္ခဏာများ ဖြစ်နိုင်ပါတယ်။ ဒီလိုအချိန်မှာဆေးဝါးကုသမှုခံယူဖို့ ချက်ချင်းလိုအပ်ပါလိမ့်မယ်။

၅။ ဆီးသွားလျှင် နာကျင်ခြင်း

ဆီးသွားတဲ့အခါ နာကျင်ခြင်းမျိုးကလေးငယ်မှာခံစားနေရပြီဆိုရင် ကလေးငယ်ဟာ ဆီးလမ်းကြောင်းပိုးကူးစက်ခြင်းခံစားနေရတာ ဖြစ်နိုင်ပါတယ်။ မကြာခဏဖြစ်နေပြီး ပြင်းထန်မယ်ဆိုရင်တော့ ကျောက်ကပ်ပိုင်းမှာအနာရွတ်ဖြစ်ဖို့ အလားအလာရှိနိုင်ပါတယ်။ ဆီးလမ်းကြောင်းပိုးကူးစက်ခြင်းဖြစ်ပွားနေတဲ့ မွေးကာစကလေးငယ်များမှာအဖျားရှိခြင်း၊ အန်ခြင်းနှင့် အစာကျွေးရခက်ခဲခြင်းစတဲ့ ရောဂါလက္ခဏာများ ပြသတတ်ပါတယ်။ နည်းနည်းကြီးသောကလေးငယ်များကတော့ ဆီးသွားစဉ် မသက်မသာဖြစ်ခြင်း၊ ဆီးသွားရန် အားထုတ်ရခြင်း၊ ဆီးအနံ့ဆိုးခြင်းနဲ့ ဖျားနာခြင်းတို့ ဖြစ်တတ်ပါတယ်။
ဆီးသွားစဉ်နာကျင်းခြင်းသည် လိင်အင်္ဂါပိုင်းတွင် အနာတရဖြစ်ခြင်းကြောင့်လည်း ဖြစ်နိုင်ပါသည်။ မိန်းကလေးများတွင်တော့ ဆပ်ပြာမြုပ်များဖြင့် ရေချိုးခြင်း၊ ကြမ်းတမ်းသောဆပ်ပြာများအသုံးပြုခြင်းကြောင့် ဖြစ်ပွားနိုင်သောအမျိုးသမီးအင်္ဂါရောင်ရမ်းခြင်းတို့ကြောင့် ဖြစ်နိုင်ပါသည်။ မည်သို့ပင်ဖြစ်စေဆီးသွားစဉ် နာကျင်ခြင်းဖြစ်စေဆီးမသွားနိုင်ခြင်းဖြစ်စေ ဆရာဝန်ကိုသွားရောက်ပြသသင့်ပါသည်။

၆။ အလွန်အမင်းပင်ပန်းနွမ်းနယ်ခြင်း

ကလေးငယ်သည် ပင်ပန်းနွမ်းနယ်မှု လက္ခဏာကို ပြသ၍ လုံလောက်စွာအနားယူပြီးသည့်အချိန်တွင်တောင်မှ ခွန်အားမရှိသည့်ပုံပေါ်နေလျှင် ၎င်းသည် ပဏာမသတိပေးချက်တစ်ရပ် ဖြစ်နိုင်ပါသည်။ ကျန်းမာရေးနှင့် မညီညွှတ်ဘဲစားသောက်ခြင်းအလေ့အထများ၊ လှုပ်ရှားမှုမရှိသောနေထိုင်မှုပုံစံနှင့် အိပ်စက်မှု ချို့တဲ့ခြင်းတို့ကြောင်းအလွန်အမင်းပင်ပန်းနွမ်းနယ်ခြင်းကို ဖြစ်စေနိုင်ပါသည်။ ပြင်းထန်သော ဖြစ်ပွားမှုများတွင်သွေးအားနည်းရောဂါ၊ စိတ်ဓာတ်ကျခြင်း၊ နှလုံးရောဂါ၊ ကျောက်ကပ်ရောဂါ၊ ဓာတ်မတည့်ခြင်း၊ ပိုးကူးစက်ခြင်း၊ကိုယ်ခံအားရောဂါနှင့် ကင်ဆာရောဂါကိုတောင် ဖြစ်စေနိုင်ပါတယ်။ ကလေးငယ် ပင်ပန်းနွမ်းနယ်ရခြင်း၏ အကြောင်းရင်းကို ရှာဖွေဖော်ထုတ်၍ ကုသမှု ခံယူရန် လိုအပ်ပါသည်။

၇။ အန်လွန်းခြင်း

အန်ခြင်းသည် ဖွံ့ဖြိုးလာသောကလေးငယ်များတွင် ဖြစ်တတ်ပါတယ်။ ချောင်းဆိုးလွန်းခြင်း၊ ငိုလွန်းခြင်း၊ အစားများများစားလွန်းခြင်းနဲ့ ဝမ်းဗိုက်ပြဿနာများကြောင့် ဖြစ်တတ်ပါတယ်။ ဒါပေမဲ့လည်းကလေးငယ်ဟာအရည်တွေကိုတောင် အန်ပစ်မယ်ဆိုရင် ရေဓာတ်ကုန်ခမ်းခြင်းကို ဖြစ်စေနိုင်ပါတယ်။ ရေဓာတ်ကုန်ခမ်းခြင်းရဲ့လက္ခဏာအချို့ကတော့ ဆီးစွန့်မှု နည်းပါးခြင်း၊ မျက်လုံးများဟောက်ပက်ဖြစ်ခြင်း၊ အလွန်အမင်းအိပ်စက်ခြင်း၊ နှုတ်ခမ်းများခြောက်ကပ်ခြင်းနဲ့ မျက်ရည်မထွက်ဘဲငိုခြင်းတို့ ဖြစ်ကြပါတယ်။ အလွန်အမင်းရေဓာတ်လျော့နည်းခြင်းဟာ ကြီးမားတဲ့ပြဿနာကို ဖြစ်စေနိုင်ပေမယ့် IV မှ တဆင့် ရေဓာတ်ပြန်လည်ဖြည့်တင်းပေးခြင်းဖြင့် ကုသပေးနိုင်ပါတယ်။
ဒါ့အပြင် အန်တဲ့အခါ သွေးပါလာပြီဆိုရင်တော့ အသက်အန္တရာယ် စိုးရိမ်ရသောအခြေအနေ ဖြစ်လာပြီဖြစ်တဲ့အတွက် ဆရာဝန်ထံချက်ချင်းသွားရောက် ပြသသင့်ပါတယ်။ အန်ပြီးနောက်မှာလဲကျခြင်း၊ သတိလစ်ခြင်း၊ ရှုပ်ထွေးနောက်ကျိခြင်းများ ဖြစ်လာပြီဆိုရင် ဒါဟာ ပြင်းထန်တဲ့ ဦးခေါင်းပိုင်းထိခိုက်မှုတစ်ခုရဲ့ လက္ခဏာတစ်ရပ် ဖြစ်နိုင်ပါတယ်။

၈။ မျက်နှာရောင်ရမ်းခြင်း

မျက်နှာရောင်ရမ်းခြင်းသည် တစ်ခုခု (အများအားဖြင့် အစားအသောက် မတည့်ခြင်း၊ အဆိပ်ရှိသောအင်းဆက်များကိုက်ခြင်း) နှင့် ဓာတ်မတည့်ခြင်းကြောင့်ဖြစ်ပေါ်သည့် လက္ခဏာတစ်ရပ် ဖြစ်ပါသည်။ လျင်မြန်စွာဆေးစစ်၍ ကုသမှု ခံယူရန် လိုအပ်သည့် လက္ခဏာရပ်မျိုးဖြစ်ပါသည်။ ကလေးများတွင် မျက်နှာရောင်ရမ်းခြင်းသည် ကလေးငယ်၏ မျက်နှာတွင် ပွရောင်းခြင်း၊ ဖောင်းပွခြင်းတို့ ဖြစ်ကြပါတယ်။အခြားဖြစ်ပွားနိုင်ခြေများကတော့ ပါးချိတ်ရောင်နာခြင်းနှင့် အင်းဆက်ကိုက်ခြင်းတို့ကြောင့်လည်းမျက်နှာ ရောင်ရမ်းနိုင်ပါတယ်။

၉။ နှုတ်ခမ်းများပြာခြင်း

အပြာရောင်ဘယ်ရီသီးများ၊ အပြာရောင်ရှိသောသကြားလုံးများစားပြီးနောက် ကလေးငယ်၏ နှုတ်ခမ်းများ ပြာခြင်းသည် စိတ်ပူရမည့်ပြဿနာမဟုတ်ပါ။ အလွန်ချမ်းအေးသည့်အချိန်မျိုးမှာတောင် နှုတ်ခမ်းပြာခြင်းကို ဖြစ်စေနိုင်ပါသည်။ ကလေးငယ်၏နှုတ်ခမ်းများ ပြာခြင်းသည် Cyanosis ၏ လက္ခဏာတစ်ရပ် ဖြစ်ပါသည်။ Cyanosis ဆိုသည်မှာသွေးအတွင်းအောက်ဆီဂျင် ပြတ်လပ်ခြင်းနှင့် သွေးလည်ပတ်မှု ချို့တဲ့ခြင်းတို့ကြောင့် ဖြစ်ပါသည်။ နှလုံးရောဂါ၊ အဆုတ်ရောင်ရောဂါ၊ ပန်းနာရောဂါနှင့် အသက်ရှုရ ခက်ခဲခြင်းကို ဖြစ်စေသောရောဂါများ ကလေးငယ်တွင် ရှိသည့်အခါတွင်လည်း နှုတ်ခမ်းပြာခြင်းကို ဖြစ်ပေါ်စေနိုင်ပါသည်။ နှုတ်ခမ်းပြာခြင်းသည့် ပြင်းထန်ခြင်းအခြေအနေထိ ဖြစ်ပွားနိုင်သောကြောင့် ဖြစ်ပေါ်လာသည့် ရောဂါလက္ခဏာများအားမှတ်သားကာဆရာဝန်ဖြင့် ချက်ချင်းဆွေးနွေးတိုင်ပင်ရန် အရေးကြီးပါသည်။

၁ဝ။ ပြင်းထန်သောအဖုအပိမ့် အနီကွက်များ

အဖုအပိမ့် အနီကွက်များသည် ကလေးများတွင် အဖြစ်များလေ့ရှိပါသည်။ သာမန်အားဖြင့် စိတ်ပူစရာမလိုပါ။သို့သော် ဖျားနာခြင်း၊ အန်ခြင်း၊ လည်ချောင်းနာသံပါခြင်း၊ မျိုချရခက်ခဲခြင်း၊ ဝမ်းဗိုက်နာကျင်ခြင်းနှင့် အသက်ရှုရခက်ခဲစသော ရောဂါလက္ခဏာများနှင့်အတူကလေးငယ်၏ ခန္ဓာကိုယ်တွင် ပြင်းထန်များပြာစွာအဖုအပိမ့် အနီကွက်များကိုသတိပြုမိလျှင် ဆရာဝန်နှင့် ဆွေးနွေးတိုင်ပင်သင့်ပါသည်။
ကလေးငယ်၏ အနီအဖုအပိမ့်များသည် ဖိလိုက်သည့်အခါ ဖြူသွား၍ လွှတ်လိုက်သည့်အခါ အနီရောင် ပြန်ပြောင်းသွားလျှင် ၎င်းသည်ရောဂါပိုးဝင်သောအခြေအနေသို့မဟုတ် ဦးနှောက်အမြှေးရောင် ရောဂါတို့ကြောင့် ဖြစ်နိုင်သည့်အခါအတွက် ချက်ချင်းဆေးဝါးကုသမှု ခံယူရန် လိုအပ်ပါသည်။

HtetHtet Tin Zar (ရိုးရာလေး)
Ref :Health : 10 Children’s Health Symptoms You Shouldn’t Ignore

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top