လက်နှစ်ဖက်ပြတ်နေတဲ့အဘိုးအိုက သံလက်အတု ကိုယ်တိုင်တီထွင်ပြီး ဘဝတူတွေကို အကူအညီပေးနေ

hand.gif

လက်နှစ်ဖက်လုံးဆုံးရှုံးခဲ့ရပေမယ့် သံလက်အတုတီထွင်နိုင်ခဲ့တဲ့ အဘိုးအိုတစ်ဦးဟာ သူ့လိုမျိုး လက်မရှိသူတွေကို သံလက်အတုတွေလုပ်ပေးနေတဲ့အတွက် ”သံလက်တု ဆန်”လို့ ကျော်ကြားနေပါတယ်။

အဲဒီအဘိုးအို နာမည်က ဆန်ဂျီဖာပါ။ အသက် (၆၃) နှစ် ရှိပါပြီ။ အဘိုးအိုဆန်ဟာ ၁၉၇၄ ခုနှစ်က တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်ကို ဝင်ရောက်အမှုထမ်းခဲ့ပြီး အမြှောက်တပ်မှ အထူးကျွမ်းကျင်တပ်သားဖြစ်လာသလို ဖောက်ခွဲရေးပစ္စည်းတွေကိုလည်း ပိုစိတ်ဝင်စားလာခဲ့ပါတယ်။ ဒါပေမဲ့ ဆန်ဟာ နောက်ငါးနှစ်အကြာမှာ အိမ်ထောင်ပြုဖို့ တပ်ကနေ အနားယူခဲ့ပါတယ်။

၁၉၈၀ ခုနှစ် စက်တင်ဘာလမှာ ကိုယ်ဝန်သည်ဇနီးကို ကျွေးဖို့အတွက် ဆန်ဟာ ငါးဖမ်းဖို့ ကြိုးပမ်းခဲ့ပါတယ်။ ဒါပေမဲ့ သူက ငါးမျှားတံနဲ့ မမျှားဘဲ ဖောက်ခွဲရေးပစ္စည်းနဲ့ ရေကန်ထဲက ငါးတွေကို ဖောက်ခွဲဖို့ လုပ်ခဲ့ပါတယ်။ ဒါပေမဲ့ ဖောက်ခွဲရေးပစ္စည်း တပ်ဆင်နေတုန်းပေါက်ကွဲခဲ့လို့ လက်မောင်းနဲ့ လက်ချောင်းတွေ ပြင်းပြင်းထန်ထန် ဒဏ်ရာရခဲ့ပါတယ်။ ဆန်ဟာ အသက်ရှင်ဖို့အတွက် တံတောင်ဆစ်ကနေ လက်ဖြတ်ခဲ့ရပါတယ်။

အဲဒီအချိန်တုန်းက သူ့အသက် (၂၇) နှစ်ပဲ ရှိပါသေးတယ်။ အဲဒီ မတော်တဆမှုက သူ့ကို အမှောင်ကမ္ဘာထဲရောက်စေခဲ့ပြီး ဆန်ဟာ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ဖို့ ကြိုးပမ်းခဲ့တယ်လို့ ပြောပါတယ်။ ဒါပေမဲ့ နောက်ပိုင်းမှာ မိသားစုနဲ့သူငယ်ချင်းတွေရဲ့အားပေးမှုကြောင့် ဘဝကို အရှုံးပေးမယ့် အတွေးကို စွန့်လွှတ်ခဲ့ပြီး သံမဏိစိတ်ဓာတ်နဲ့ဘဝကို ဖြတ်သန်းဖို့ ပြင်ဆင်ခဲ့ပါတယ်။

ဆန်ဟာ ၁၉၈၄ ခုနှစ်မှာ သံထည်၊ ပလပ်စတစ်၊ ရော်ဘာတို့ကို အသုံးပြုပြီး ပထမဆုံးလက်အတု လုပ်ခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီလက်အတုကို စိတ်မကျေနပ်တာကြောင့် လက်အတုတွေဆက်လုပ်ခဲ့ပြီး လက်အတုပုံစံလေးမျိုး လုပ်ပြီးတဲ့နောက် သူ့စိတ်ကြိုက်လက်အတုကို ရရှိခဲ့ပါတယ်။ ဆန်ဟာ လက်အတုကို သုံးပြီး သွားတိုက်တာ၊ လွှဖြတ်တာ၊ ဂဟေဆော်တာ၊ လယ်ယာလုပ်ငန်းလုပ်တာ၊ ထွန်စက်မောင်းတာ၊ စစ်တုရင် ကစားတာတွေ လုပ်နိုင်ခဲ့ပါတယ်။

ကိုယ်တိုင်တီထွင်တဲ့ လက်အတုနဲ့ ဆန်ဟာ အဆင်ပြေခဲ့ပြီးနောက် ဆန်လိုပဲ လက်မရှိတဲ့ ဒေသခံတွေက သူတို့အတွက် လက်အတုလုပ်ပေးဖို့ ဆန်ကို အကူအညီတောင်းခဲ့ပါတယ်။ တောင်းဆိုသူတွေ များတဲ့အတွက် ဆန်ဟာ လက်အတုစက်ရုံတည်ထောင်ခဲ့ပြီး ခန္ဓာကိုယ်မသန်စွမ်းသူ (၁၀၀၀) ကျော်ကို ကူညီပေးခဲ့ပါတယ်။ ဆန်က အနာဂတ်ကာလမှာ မသန်စွမ်းသူတွေကို ကူညီဖို့ သူ့ရဲ့ဖန်တီးမှုတွေကို အဆင့်မြှင့်သွားမယ်လို့ပြောပါတယ်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top