တစ်ခါတုန်းက အင်မတန်တော်တဲ့ စက်မှုလက်မှုကျွမ်းကျင်တဲ့သူ တစ်ယောက်ရှိတယ်။ တစ်နေ့တော့ သူက လူတွေပြောစမှတ်ဖြစ်လောက်မယ့် သူ့ကိုအားလုံး ဝိုင်းပြီး ချီးကျူးမယ့် အလုပ်တစ်ခုကို လုပ်ပြချင်စိတ်ဖြစ်လာတယ်။
အဲ့ဒါနဲ့ သူက ကြိုးကြာဌက်ရုပ်တစ်ခုကို ဆောက်ပါလေရော။ ပထမဆုံး သူက ကောင်းမွန်တဲ့ သစ်သားအကြမ်းကို ရှာပြီး ကြိုးကြာရုပ်တစ်ခု ထုလုပ်ရတာပေါ့။
ပုံကြမ်းလေးပေါ်လာတယ်ဆိုရင်ပဲ သူ့အိမ်ရှေ့က ဖြတ်သွားကြတဲ့လူတွေက ဝင်ဝင်လာကြည့်ပြီး အမျိုးမျိုးကဲ့ရဲ့သတဲ့။ ပန်းပုဆရာတွေကလည်း ဒီလိုထုတာ နည်းစနစ်မမှန်ဘူး။ ပန်းချီနည်း နည်း ဆွဲတတ်တဲ့လူတွေကလည်း ရုပ်ဆိုးလွန်းတယ်။ နွားကျောင်းသားတွေကအစ ကျွန်တော်တို့ မြင်ဖူးတဲ့ ကြိုးကြာဌက်ပုံနဲ့လဲ မတူဘူး စသဖြင့်ပေါ့။ ပညာရှင်ကတော့ ဘာတစ်ခွန်းမှ ပြန်မပြောပါဘူး။
ဘယ်သူတွေ ဘာပြောပြော သူ့ရဲ့ ကြိုးကြာဌက်ရုပ်ကိုပဲ ဆက်ပြီးလုပ်နေတယ်။ ဝေဖန်တဲ့လူတွေကလည်း စက်ယန္တရားထည့်သွင်းတဲ့အချိန်မှာလည်း လာဝေဖန်၊ ကြိုးကြာရုပ်ကို ဆေးချယ်တော့လည်း လာဝေဖန်ကြတာပါပဲ။ နောက်ဆုံးတော့ လအနည်းငယ်ကြာတဲ့အခါမှာ ကြိုးကြာရုပ် လုံးဝပြီးစီးသွားခဲ့တယ်။ သူ့ရဲ့ ကြိုးကြာရုပ်ဟာ စက်နဲ့ဖွင့်ပြီး ပျံခိုင်းရင် ငါးရက်တိတိ မနားဘဲ ပျံနိုင်တယ်။ ကြိုးကြာဌက်သံလဲ ထွက်နိုင်တယ်။ လှလည်း လှတယ်။ အဲ့ဒီတော့မှ အရင်ဝေဖန်ခဲ့တဲ့ လူတွေကပါ သူ့ကို ဝိုင်းပြီး ချီးကျူးသလို အနယ်နယ်အရပ်ရပ်ကို သတင်းရောက်သွားပြီး လာကြည့်ကြရလို့ နာမည်ကျော်တစ်ယောက် ဖြစ်သွားပါတော့တယ်။
ဒီဇာတ်လမ်းလေးကနေ တဆင့် ပြောပြချင်တဲ့ အဓိက သင်ခန်းစာကတော့ ကိုယ်က တစ်ခုခုလုပ်နေတဲ့ အချိန်မှာ လူတွေက သူတို့ရဲ့ ရှုထောင့်အမျိုးမျိုးကနေ ဝေဖန်ကဲ့ရဲ့မှာပဲ။ အကြံပေးတာနဲ့ ဝေဖန်တာကို ကွဲကွဲပြားပြားသိပြီး ကိုယ့်အလုပ်ကိုယ် အောင်မြင်အောင် လုပ်နိုင်ရင် ကိုယ့်ကို ဝေဖန်တဲ့လူတွေကပါ ချီးကျူးကြရလိမ့်မယ်။ ဘယ်လောက်ပဲ တတ်ကျွမ်းတဲ့လူရဲ့ အလုပ်ဖြစ်ဖြစ် ဝေဖန်တဲ့လူကတော့ ရှိမှာပဲ။ ဒါကို ဝေဖန်နေတာကိုပဲ ကြည့်ပြီး အားငယ်ပြီး အလုပ်ရပ်ထားလို့မရပါဘူး။ ကိုယ်လုပ်ရမယ့် အလုပ်ကိုသာ အကောင်းဆုံး ဆက်လုပ်ဖို့က အရေးအကြီးဆုံးပါပဲ။
Jong Kin (ရိုးရာလေး)