“အဖေ့…သား ညီမလေးကို ကယ်တင်လိုက်တယ်မလား”
ဒီစကားကတော့ အရှေ့မြောက်ပိုင်း ဖီလာဒဲလ်ဖီးယားမှာ လေယာဉ်ပျက်ကျမှုကြောင့် လွင့်စင်လာတဲ့ အပျက်အစီးတွေကြောင့် ထိခိုက်ဒဏ်ရာရခဲ့တဲ့ ၁၀ နှစ်အရွယ် ကောင်လေးရဲ့ ဦးနှောက်ခွဲစိတ်မှုခံယူအပြီး ပြောလာတဲ့စကားတွေထဲက တစ်ခွန်းပါပဲ။
အန်ဒရီ ထရေး ဟိုဝတ် ဆိုတဲ့ အဲ့ဒီကလေးလေးဟာ ဇန်နဝါရီ ၃၁ ရက်နေ့က Roosevelt Mall ကုန်တိုက်အနီးနားမှာ ပျက်ကျတဲ့ ဆေးဘက်ဆိုင်ရာသယ်ယူပို့ဆောင်ရေးလေယာဉ်တစ်စင်းကြောင့် ထိခိုက်ဒဏ်ရာရခဲ့တာပါ။ အဲ့ဒီမတောတဆမှုအတွင်း အနည်းဆုံး ၂၄ ဦး ထိခိုက်ဒဏ်ရာရပြီး ၇ ဦး သေဆုံးခဲ့ပါတယ်။ သေဆုံးတဲ့ ၇ ဦးမှာ ၆ ဦးက လေယာဉ်ပေါ်လိုက်ပါစီးနှင်လာသူဖြစ်ပြီး ၁ ဦးဟာ မြေပြင်ကဖြစ်ပါတယ်။

ထရေးဟာ မြေပြင်မှာရှိနေခဲ့တာဖြစ်ပြီး လွင့်စင်လာတဲ့ လေယာဉ်အပျက်အစီးဟာ ဦးခေါင်းကို ထိမှန်ခဲ့ပြီး Jefferson Torresdale Hospitalမှာ ဦးနှောက်ခွဲစိတ်ကုသမှုခံယူခဲ့ရပါတယ်။ အသက်မရှင်နိုင်ဖို့များတယ်လို့ မိသားစုဝင်တွေက သိထားခဲ့တာပါ။
ဒါပေမဲ့ အံ့ဩစရာကောင်းလောက်အောင် ထရေးက နိုးလာခဲ့ပါတယ်။ သူ နိုးလာတော့ သူ့ညီမလေးရဲ့ဘေးကင်းမှုနဲ့ Philadelphia Eagles နဲ့ Kansas City Chiefs တို့ကြား လာမယ့် Super Bowl ပွဲစဉ်အကြောင်း မေးလာခဲ့တာပါ။
သူ ညီမလေးကို သူ ကယ်လိုက်နိုင်ခဲ့တယ်မလား မေးတော့ သူ့အဖေ မျက်ရည်ကျခဲ့ရပါတယ်။ ထရေးက သူ့ညီမလေးကိုပဲ ကူညီကယ်တင်ဖို့ ကြိုးစားနေခဲ့တယ်။ သူ သေပြီလို့တောင် ထင်ခဲ့တာလို့ ထရေးက ဆေးရုံမှာ ပြောလာခဲ့ပါတယ်။
ထရေးနိုးလာပြီးတဲ့နောက် သူ အကြိုက်ဆုံး NBA ကစားသမားတွေထဲက တစ်ဦးဖြစ်တဲ့ Tyrese Maxeyက သူ့ဆီ အလည်လာခဲ့ပါတယ်။ ထရေးက ငိုပြီးတော့ “ဒယ်ဒီ… ကျွန်တော် ဆယ်လီဖြစ်ပြီ”တဲ့။ သူ့အဖေက သူ့ကို “မဟုတ်ဘူး… ဆယ်လီထက်တောင် ပိုတာပေါ့။ သားက စူပါဟီးရိုးတစ်ယောက်ပါပဲ”တဲ့။
အခုဆို ထရေးက Children’s Hospital of Philadelphia မှာ သက်သာလာနေပါပြီ။
မတော်တဆဖြစ်တဲ့အချိန်မှာ ထရေးနဲ့ သူ့ညီမလေးတွေက သူ့အဖေနဲ့အတူ ကားထဲမှာရှိနေခဲ့တာပါ။ ကျည်ဆန်ပစ်လိုက်သလို အသံမျိုးကြားခဲ့ရပြီး သတ္တုအစိတ်အပိုင်းတွေက ကားကို ထိမှန်ခဲ့တာပါ။ အပျက်အစီးအပိုင်းအစတွေ နေရာအနှံ့လွင့်စင်နေတဲ့အတွက် ထရေးက သူ့ညီမလေးကို ကားထဲက ထွက်လာခဲ့ဆိုပြီး ဆွဲခေါ်ခဲ့တယ်။ သူ့အဖေ ပြန်လှည့်ကြည့်လိုက်တော့ လေယာဉ်အပိုင်းအစက သူ့သားရဲ့ခေါင်းမှာ စိုက်ဝင်နေခဲ့ပါပြီ။
သူ့အဖေလည်း အသုံးပြုပြီးသားခြေအိတ်တစ်စုံ၊ အခြားအမျိုးသားတစ်ဦးရဲ့ရှပ်အင်္ကျီတို့နဲ့ သွေးတိတ်အောင်လုပ်ဖို့ ကြိုးစားခဲ့တယ်။ ရဲတွေလည်း ထရေးဆီ အပြေးလာပြီး ဆေးရုံပို့ဆောင်ပေးခဲ့တာပါပဲ။
Ref: Dad of Boy Who Protected Sister from Philly Plane Crash Shares Son’s First Words After Brain Surgery
WL (ရိုးရာလေး)