ပစ်ခတ်မှုဖြစ်နေချိန်မှာ ရဲတွေက စာသင်ကျောင်းထဲဝင်ဖို့ တွန့်ဆုတ်နေလို့ ပြည်သူတွေက အထဲဝင်ဖို့ ဝိုင်းအော်ခဲ့

26-5-2022-yyl-09.jpg

အမေရိကန်နိုင်ငံ တက္ကဆက်ပြည်နယ်က ရော့ဘ်မူလတန်းကျောင်း ပစ်ခတ်မှု ဖြစ်ပွားနေချိန်မှာ ရဲတပ်ဖွဲ့ဝင်တွေက ကျောင်းဝန်းထဲမဝင်ဘဲ တွန့်ဆုတ်တွန့်ဆုတ်လုပ်နေလို့ အနီးနားမှာ ရပ်ကြည့်နေတဲ့ ပြည်သူတွေက ကျောင်းထဲဝင်ဖို့ အော်ဟစ်တိုက်တွန်းခဲ့ရတယ်လို့ သတင်းတွေက ဖော်ပြပါတယ်။

ပစ်ခတ်မှု ဖြစ်ပွားပြီး သိပ်မကြာခင် ရဲအရာရှိတွေ ရောက်လာပေမဲ့ ကျောင်းဝန်းအပြင်ဘက်မှာ ရပ်နေကြလို့ အနီးနားမှာ ရပ်ကြည့်နေတဲ့ အမျိုးသမီးတွေက ” အထဲ ဝင်ကြလေ၊ အထဲ ဝင်ကြပါတော့ဟဲ့”လို့ အော်ဟစ်ခဲ့ကြောင်း သူ့အိမ်အပြင်ဘက်ကနေ ဒီဖြစ်ရပ်ကို ရပ်ကြည့်နေတဲ့ မျက်မြင်သက်သေ ဟွန်ကာရန်ဇာက ပြောပါတယ်။ အမျိုးသမီးတွေက အော်နေကြပေမဲ့ ရဲတွေကတော့ အထဲမဝင်ကြဘူးလို့ သူက ဆိုပါတယ်။

” ရဲတွေက သူတို့လုပ်ရမယ့်တာဝန်ကို မလုပ်ကြလို့ အနီးနားက လူတွေစုပြီး ကျောင်းထဲပြေးဝင်သွားကြဖို့ ကျွန်တော် တိုက်တွန်းခဲ့ပါသေးတယ်။ ရဲတွေအနေနဲ့ ဒီထက်ပိုပြီး လုပ်ပေးနိုင်ခဲ့ရမှာပါ။ သူတို့က ဘာမှ ကြိုတင်ပြင်ဆင်မှုမရှိခဲ့ဘူး” လို့ မျက်မြင်သက်သေတစ်ဦးဖြစ်တဲ့ ကာဇာရက်ဇ်က ပြောပါတယ်။ ရော့ဘ်မူလတန်းကျောင်း ပစ်ခတ်ခံရမှုကြောင့် ကွယ်လွန်ခဲ့တဲ့ ကျောင်းသား/သူတွေထဲမှာ ကာဇာရက်ဇ်ရဲ့သမီးငယ်လည်း ပါဝင်ခဲ့ပါတယ်။

သေနတ်သမားက ရော့ဘ်မူလတန်းကျောင်း ပရိဝုဏ်အတွင်း ဝင်ရောက်ပစ်ခတ်ပြီး မိနစ် ၄၀ ကနေ တစ်နာရီကြား ကြာပြီးမှသာ ရဲတပ်ဖွဲ့ဝင်တွေ ကျောင်းထဲဝင်လာခဲ့တာလို့ တက္ကဆက်ပြည်နယ် ပြည်သူ့လုံခြုံရေးဌာန ညွှန်ကြားရေးမှူး စတီဗင်မက်ခရောက ပြောပါတယ်။

ရော့ဘ်မူလတန်းကျောင်းမှာ ကျောင်းသား/သူ ၁၉ ယောက်နဲ့ ဆရာမ ၂ ယောက်ကို ပစ်သတ်ခဲ့တဲ့ အသက် ၁၈ နှစ်အရွယ် သေနတ်သမား ဆာဗေးဒိုးရာမို့စ်ဟာ ပစ်ခတ်တိုက်ခိုက်မှုမလုပ်ခင် မိနစ်ပိုင်းအလိုမှာ သူ့ရဲ့အစီအစဉ်နဲ့ပတ်သက်ပြီး ဂျာမနီနိုင်ငံ ဖရန့်ဖတ်မြို့က မိန်းကလေးငယ်တစ်ဦးထံ စာပို့ခဲ့တယ်လို့ CNN သတင်းဌာနက ဖော်ပြပါတယ်။

ဖုန်းဘေကိစ္စကြောင့် သူ့ကို ဆူပူခဲ့တဲ့ အဘွားဖြစ်သူရဲ့ ခေါင်းကို ပစ်ခတ်လိုက်ပြီဆိုတဲ့အကြောင်း မက်ဆေ့ ပို့ခဲ့ပြီး စက္ကန့်ပိုင်းအကြာမှာတော့ ” ငါ အခု မူလတန်းကျောင်းကို သွားပစ်တော့မယ်” လို့ စာထပ်ပို့ခဲ့တာပါ။ နောက်ဆုံးမက်ဆေ့ကို အင်္ဂါနေ့ တက္ကဆက်ပြည်နယ် ဒေသစံတော်ချိန် ၁၁း၂၁ မိနစ်မှာ ပို့ခဲ့တာဖြစ်ပြီး နောက်ထပ် ၁၁ မိနစ်အကြာမှာတော့ စာသင်ကျောင်းမှာ စတင်ပစ်ခတ်ခဲ့တာ ဖြစ်ပါတယ်။

Ref: BBC ” Live Reporting”

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top