(၂) နှစ်သမီးလေးကို ကျောပိုးပြီး အပြေးပြိုင်ပွဲတွေ ဝင်ပြိုင်တဲ့ အမျိုးသား

5-12-2022-yyl-4.jpg

ဖခင်တစ်ယောက်ကတော့ သူ့ရဲ့(၂) နှစ်သမီးလေးကို ကျောမှာပိုးပြီး ခရီးရှည်ကြီး ပြေးပြီးတော့ သူတို့သားအဖကြားက သံယောဇဉ်နှောင်ကြိုးကို ချည်နှောင်ကြတယ်တဲ့။ သူကတော့ အင်္ဂလန်နိုင်ငံ၊ စတော့်ပို့တ်မြို့လေးက အသက် ၃၆ နှစ်အရွယ် ခရစ် ဂရင်းဘန့်ခ်လို့အမည်ရတဲ့ ကျောက်ဆစ်သမားတစ်ယောက်ပါ။
သူက သူ့သမီးလေးပါတဲ့ အထူးတောင်တက်ကယ်ရီယာကို ကျောမှာပိုးပြီး မာရသွန်တစ်ဝက်ပြိုင်ပွဲကိုတောင် ပြီးမြောက်အောင် စွမ်းဆောင်နိုင်ခဲ့တာပါ။

Single father ဖြစ်တဲ့ ခရစ်ဟာ အရင်က စိုးရိမ်ပူပန်မှုတွေ ကြုံတွေ့ခံစားခဲ့ရတာပါ။ သူက စိတ်ပိုင်းဆိုင်ရာကျန်းမာရေးပံ့ပိုးကူညီရေးအဖွဲ့ Project 23 အတွက် ရန်ပုံငွေရှာပေးနေပါတယ်။ စိုးရိမ်ပူပန်မှုနဲ့ စိတ်ပိုင်းဆိုင်ရာကျန်းမာရေးပြဿနာတွေရှိတဲ့သူတွေကို ကူညီပေးတဲ့ အဲဒီအဖွဲ့ကို ခရစ်ရဲ့သူငယ်ချင်း မက်ခ် စပရိုတန်က ဖွဲ့စည်းတည်ထောင်ခဲ့တာပါ။

မကြာသေးခင်က Runnorthwests Festive 10k မှာ ပြေးခဲ့တာက ခရစ်ရဲ့စတုတ္ထမြောက်အပြေးပြိုင်ပွဲဖြစ်ပါတယ်။ နွေဦးရာသီမှာ သူ့သမီးလေးက အရမ်းလေးလာမှာဖြစ်တဲ့အတွက် အဲဒီအပြေးပြိုင်ပွဲက သူနဲ့သူ့သမီးတို့ရဲ့နောက်ဆုံးပြိုင်ပွဲဖြစ်ဖို့များတယ်လို့ သူက ဆိုပါတယ်။

အဲဒီပြိုင်ပွဲမှာ ခရစ်က ခရစ္စမတ်အင်္ကျီကို ဝတ်ဆင်ခဲ့ပြီး အမည်မဖော်ပြထားတဲ့ သူ့သမီးဖြစ်သူက ခရစ္စမတ်ဦးထုပ်ကို ဆောင်းခဲ့ပါတယ်။ ရာသီဥတုက သူ့သမီးလေးကို အရမ်းများချမ်းနေစေမလားလို့ နည်းနည်းစိုးရိမ်မိခဲ့တယ်လို့ ခရစ်က ပြောပါတယ်။

အခုဆို ခရစ်တို့သားအဖက ဆုတံဆိပ် (၄) ခုရထားပြီး စုစုပေါင်း ၅၁ ကီလိုမီတာ ပြေးခဲ့ပြီးပါပြီ။ အခုနှစ် ဇူလိုင်လက the Wilmslow 10k ပြိုင်ပွဲကို ဝင်ပြိုင်ခဲ့သလို အောက်တိုဘာလက Chester Zoo 10k ကိုလည်း ဝင်ပြိုင်ခဲ့တာပါ။ အောက်တိုဘာလမှာပဲ သူ့သမီးနဲ့အတူ ၃ နာရီအတွင်း Manchester Half Marathon ပြိုင်ပွဲကိုလည်း ပြီးမြောက်ခဲ့ပါတယ်။

အပြေးပြိုင်ပွဲတစ်လျှောက်လုံး သူ့သမီးလေးက သူ့ရဲ့လက်ကို သူ့ပခုံးပေါ်မှာ ထားထားတယ်လို့ ခရစ်က ပြောပါတယ်။ သူ့သမီးလေးက အပြေးပြိုင်ပွဲဝင်ပြိုင်ရတာကို ကြိုက်ပါတယ်တဲ့။ လူတွေဟာ သူတို့မှာ ကလေးတွေရှိနေတဲ့အတွက် လေ့ကျင့်ခန်းမလုပ်နိုင်ဘူးဆိုတဲ့ အကြောင်းပြချက်မရှိသင့်ဘူးလို့ ခရစ်က ဆိုပါတယ်။

သူ ရန်ပုံငွေရှာတာနဲ့ပတ်သက်ပြီး အခုလိုပြောပါတယ်။ “ရန်ပုံငွေတွေက စိတ်ပိုင်းဆိုင်ရာကျန်းမာရေးအခြအနေကို ရုန်းကန်နေရတဲ့၊ ငွေရေးကြေးရေးအခက်အခဲတွေကို ကျော်လွှားနေရတဲ့လူတွေအတွက်ဖြစ်ပါတယ်။ ကြီးမားတဲ့အကျိုးသက်ရောက်မှုကို ရရှိစေဖို့ ကူညီချင်တယ်”

ခရစ်က ရုန်းကန်နေရတဲ့လူတွေကို သူတို့ရဲ့တွေးခေါ်မှုလုပ်ငန်းစဉ်ကို ပြန်လည်သတ်မှတ်ဖို့နဲ့ ဘဝလမ်းပြဖို့ အကူအညီပေးဖို့အတွက် အထောက်အကူပြုကိရိယာတွေနဲ့ နည်းဗျူဟာတွေကို ပေးဆောင်တဲ့ mindset နည်းပြတွေ ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်း Unbreakable Mindset Academy ရဲ့ အဖွဲ့ဝင်တစ်ဦးလည်းဖြစ်ပါတယ်။

Ref: TheMirror “Dad runs races with daughter, 2, on his back and even manages to complete half marathon”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top