“Squid Game” ဒုတိယမြောက်စီးရီးရဲ့ဇာတ်ညွှန်းဖတ်ပွဲကို နောက်အပတ်ထဲ လုပ်မယ်လို့ သတင်းထွက်ရှိ

16.6.2023-yyl-12.jpg

ပရိသတ်တွေ မျှော်လင့်စောင့်ဆိုင်းနေရတဲ့ နာမည်ကြီးစီးရီး “Squid Game”ဒုတိယမြောက်စီးရီးကတော့ မကြာသေးခင်မှာ ရိုက်ကူးရေးစတင်နိုင်ဖွယ်ရှိနေပါတယ်။ နောက်အပတ်ထဲ ဇာတ်ညွှန်းဖတ်ပွဲလုပ်တော့မယ်လို့ သတင်းထွက်ရှိနေလို့ပါပဲ။ “Netflixရဲ့ မူရင်းစီးရီး Squid Game 2 ထုတ်လုပ်ရေးအဖွဲ့က နောက်အပတ် ဇွန်လ ၂၁ ရက်နေ့မှာ သရုပ်ဆောင်တွေအကုန်လုံး ဇာတ်ညွှန်းဖတ်ကြဖို့ စီစဉ်ထားပါတယ်”လို့ ဖျော်ဖြေရေးနယ်ပယ်ထဲက အတွင်းလူတစ်ယောက်က ဇွန်လ ၁၆ ရက်နေ့မှာ Sports Chosun သတင်းဌာနကို ပြောကြားခဲ့တာပါ။

ရိုက်ကူးရေးနဲ့ပတ်သက်ပြီးလျှို့ဝှက်လုပ်ဆောင်နေတဲ့ “Squid Game 2” ရဲ့ထုတ်လုပ်ရေးအဖွဲ့က ဇာတ်ညွှန်းဖတ်တာနဲ့ ရိုက်ကူးရေးကို စတင်သွားမှာပါ။ ဇူလိုင်လအစောပိုင်းမှာ ရိုက်ကူးရေးစတင်ဖို့ စီစဉ်ထားကြပါတယ်။ ထုတ်လုပ်ရေးအဖွဲ့က ဒီစီးရီးအတွက် အသံသရုပ်စစ်ဆေးမှုကြီးကိုလည်း ပြုလုပ်ပြီးခဲ့ပါပြီ။

လူသိများတဲ့ကိုရီးယားသရုပ်ဆောင်တွေက ဗီဒီယိုအသံသရုပ်စစ်ဆေးမှုတွေနဲ့ မျက်နှာချင်းဆိုင်တွေ့ဆုံမှုတွေတောင် လုပ်ခဲ့ကြရပါတယ်။ Squid Game 2 မှာ အဆိုတော်သရုပ်ဆောင်မင်းသားအင်စီဝမ် ပါဝင်မယ်ဆိုတဲ့ ကောလဟာလသတင်းလည်း ထွက်ရှိခဲ့ပါသေးတယ်။ အခုထိတော့ Squid Game 2 နဲ့ပတ်သက်ပြီး အသေးစိတ်ကို ထုတ်မပြောပြထားသေးပါဘူး။ မကြာခင်ထုတ်ပြောလာဖို့ မျှော်လင့်ရပါတယ်။ Squid Game 2 ကို နောက်နှစ်ထဲ ထွက်ရှိလာနိုင်ချေရှိပါတယ်။

Squid Game ပထမစီးရီးကတော့ ၂၀၂၁ခုနှစ် စက်တင်ဘာလမှာ ထွက်ရှိခဲ့တဲ့အချိန် Netflixရဲ့ကြည့်ရှုနှုန်းအမြင့်ဆုံးစီးရီးဖြစ်လာခဲ့ပါတယ်။ ဘဝကိုပြောင်းလဲသွားစေမယ့် ငွေပမာဏ ဒေါ်လာ သန်း ၄၀ ကိုရရှိဖို့အတွက် ငွေကိုလိုချင်ကြတဲ့သူတွေက ကလေးဂိမ်းအမျိုးမျိုးကို ကစားပြီး အသက်ရှင်လွတ်မြောက်ဖို့ ကြိုးစားရတဲ့အကြောင်း ရိုက်ကူးထားတဲ့စီးရီးဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ် the Emmy Awards မှာ ဒီစီးရီးက ဆု (၆) ခု ဆွတ်ခူးရရှိခဲ့တာပါ။ အခြားပြည်တွင်းပြည်ပဆုပေးပွဲတွေမှာလည်း ဆုများစွာရရှိခဲ့ပါတယ်။

Ref: KBIZoom ““Squid Game 2” reportedly holds script reading next week, signaling start of production”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top