သားဖြစ်သူအားမငယ်ရအောင် သူ့ရဲ့မွေးရာပါအမှတ်နဲ့ပုံစံတူ တက်တူးထိုးခဲ့တဲ့ ဖခင်

15-12-2020-yyl15.jpg

မိဘတွေဆိုတာ သားသမီးတွေအတွက် အကောင်းဆုံးဖြစ်စေချင်တာ သဘာဝပါပဲ။ အကောင်းတကာအကောင်းဆုံးတွေဖန်တီးပေးတဲ့အပြင် သားသမီးတွေရဲ့ပြဿနာတွေကို သူတို့ရဲ့ပြဿနာတွေလိုမျိုး သဘောထားကာ ဖြေရှင်းကြပါတယ်။ ကနေဒါနိုင်ငံ၊ Stony Plain ဆိုတဲ့ မြို့လေးမှာ နေထိုင်တဲ့ မိဘတစ်ဦးကလည်း သားသမီးနဲ့ပတ်သက်ရင် အရာရာကို မျှဝေခံစားချင်ခဲ့တာပါ။ ဒဲရစ် ပီရူး (Derek Prue) ဆိုတဲ့ ဖခင်တစ်ဦးက သူ့သားလေးတစ်ယောက်တည်းဖြစ်နေတယ်လို့မခံစားရအောင် သူ့သားလေးရဲ့မွေးရာပါအမှတ်နဲ့ပုံစံတူတက်တူး ထိုးခဲ့ပါတယ်။

ဒဲရစ်ရဲ့သားလေးဟာ လွန်ခဲ့တဲ့ (၈) နှစ်က သူ့ရဲ့ဘယ်ဖက်ရင်ဘတ်အောက်ဖတ်ခြမ်းမှာ ကြီးမားတဲ့မွေးရာပါအမှတ်နဲ့မွေးဖွားလာခဲ့တာပါ။ သူ့သားလေးက သူ့ရဲ့မွေးရာပါအမှတ်နဲ့ပတ်သက်ပြီး အမြဲလိုလိုဂုဏ်ယူတတ်ခဲ့ပေမဲ့ နောက်ပိုင်းမှာ မွေးရာပါအမှတ်ကို ပြဖို့ ယုံကြည်ချက်နည်းလာပြီး တုံ့ဆိုင်းလာခဲ့တာကို ဒဲရစ် သတိထားမိလာခဲ့ပါတယ်။ ရေကူးကန်သွားတဲ့အခါမှာလည်း အင်္ကျီမချွတ်ရဲဖြစ်နေပြီး မွေးရာပါအမှတ်ကို အခြားသူတွေမမြင်အောင်ဖုံးကွယ်နေတာကို သိလာခဲ့ပါတယ်။ သူ့ရဲ့သားဟာ မွေးရာပါအမှတ်နဲ့ပတ်သက်ပြီး ကိုယ့်ကိုယ်ကိုယ်ယုံကြည်ချက်မရှိဖြစ်နေတယ်လို့ ယုံကြည်လာခဲ့ပါတယ်။

အဲဒါကြောင့် ဖခင်ဖြစ်သူ ဒဲရစ်က သူ့သားလေး ကိုယ့်ကိုယ်ကိုယ်ယုံကြည်ချက်ရှိဖို့အတွက် မွေးရာပါအမှတ်နဲ့ပုံစံတူတက်တူးကို ထိုးဖို့အတွက် ဆုံးဖြတ်ခဲ့ပါတော့တယ်။ သူဟာ သူ့သားလိုပဲ ဘယ်ဖက်ရင်ဘတ်အောက်ဖက်ခြမ်းနားမှာပဲ မွေးရာပါအမှတ်နဲ့ပုံစံတူတက်တူးကို Juicy Quill Tattoo ဆိုင်ရဲ့အကူအညီနဲ့ထိုးခဲ့ပါတယ်။ သူ့သားရဲ့မွေးရာပါအမှတ်အတိုင်း တက်တူးထိုးနိုင်လားမထိုးနိုင်ဘူးလားသိရဖို့အတွက် တက်တူးဆိုင်နဲ့အရင်ဆုံး အဆက်အသွယ်လုပ်ခဲ့ပါတယ်။ တက်တူးဆရာကလည်း နှစ်တော်တော်တက်တူးထိုးခဲ့ပေမဲ့ အဲဒီလိုပုံစံတက်တူးမျိုးမထိုးခဲ့ဖူးတဲ့အတွက် ထိုးပေးဖို့တောင်းဆိုလာတော့ တအံ့တသြဖြစ်ခဲ့ရပါတယ်။

မွေးရာပါအမှတ်နဲ့ပုံစံတူတက်တူးဖြစ်ဖို့အတွက် နာရီ (၃၀) လောက် အချိန်ယူပြီး ထိုးခဲ့ရတာပါ။ နာရီ (၃၀) အကြာမှာ လုံးဝပုံစံတူတက်တူးကို ရရှိခဲ့ပြီး သူ့သားတစ်ယောက်တည်း မွေးရာပါအမှတ်ရှိတာမဟုတ်ဘူးဆိုတာ ခံစားမိအောင် ဒဲရစ်က ပြဖို့ အဆင်သင့်ဖြစ်ခဲ့ပါတယ်။ တစ်နေ့တော့ ဒဲရစ်ရဲ့သားလေးက သူ့အစ်မတွေနဲ့အတူ ရေကူးကန်မှာ ရေကစားနေတုန်း ဒဲရစ်က သူ့ရဲ့မွေးရာပါအမှတ်တက်တူးကို ပြဖို့အတွက် အင်္ကျီချွတ်ပြခဲ့ပါတယ်။ အဲဒီအချိန်မှာ သူ့သားလေးရဲ့ အရမ်းပျော်ရွှင်တဲ့အပြုံးကို မြင်တွေ့ခဲ့ရပါတယ်။

ဒီလိုမျိုးတက်တူးရဖို့အတွက် နံရိုးနဲ့ရင်ဘတ်တစ်ဝိုက်က အရေပြားတွေ နာရီ (၃၀) ကြာအောင် အနာခံခဲ့ရပေမဲ့ ဒီတက်တူးက တကယ်ကို ထိုးဖို့ ထိုက်တန်ပါတယ်လို့ ဒဲရစ်က ဆိုပါတယ်။ တက်တူးဆရာကလည်း တက်တူးထိုးရတဲ့နေရာကအထိခိုက်မခံတဲ့နေရာဖြစ်တဲ့အတွက် စိန်ခေါ်မှုအများဆုံးပါပဲလို့ ပြောပါတယ်။ အခုဆိုရင် သူတို့သားအဖနှစ်ဦးမှာ ပုံစံတူအမှတ်အသားတွေရှိနေပြီဖြစ်တဲ့အတွက် ဒဲရစ်ရဲ့သားလေးလည်း ယုံကြည်ချက်ရှိရှိနဲ့ အင်္ကျီချွတ်ရဲသွားပါပြီ။ အင်တာနက်အသုံးပြုသူတွေကလည်း ဒဲရစ်ကို သူ့ရဲ့လုပ်ရပ်ကြောင့် ဟီးရိုးတစ်ယောက်လို သတ်မှတ်ကာလေးစားနေကြတဲ့အပြင် တချို့က သားသမီးအတွက် ဘာမဆိုလုပ်ရဲတဲ့ဖခင်တစ်ယောက်ရဲ့ချစ်ခြင်းမေတ္တာတရားကို ဖော်ပြနေတယ်လို့လည်း ပြောနေကြပါတယ်။

Ref: Boredpanda “Dad Sits For 30 Hours Straight To Get Identical Tattoo To His 8-Year-Old’s Birthmark”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top