ဒေါ်အောင်ဆန်းစုကြည်၏ မိန့်ခွန်းကောက်နုတ်ချက် သတင်းများ

17-3-2020-yyl-005.jpg

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဆိုင်ရာကိစ္စရပ်များနဲ့ စပ်လျဉ်းပြီး ပြည်သူလူထုသို့ အစီရင်ခံတင်ပြတဲ့ မိန့်ခွန်းကို မြန်မာ့အသံနှင့် ရုပ်မြင်သံကြားရဲ့ ဒီနေ့ည ၈ နာရီပြည်တွင်းသတင်းအပြီးမှာ ပြောကြားခဲ့ပါတယ်။

ဒီမိန့်ခွန်းကောက်နုတ်ချက်သတင်းတွေကို ရိုးရာလေးပရိသတ်အတွက် တင်ပြပေးလိုက်ပါတယ်။

COVID-19 ရန်ပုံငွေတစ်ရပ် ထူထောင်သွားမယ့်သတင်း

ပြည်သူပြည်သားများကိုယ်တိုင် တတ်နိုင်သမျှ ပူးပေါင်းပါဝင်ထည့်ဝင်နိုင်စေမယ့် COVID-19 ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးဆိုင်ရာ ရန်ပုံငွေတစ်ရပ်ကို ထူထောင်သွားမှာဖြစ်တယ်လို့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားပါတယ်။

အခုလို ရန်ပုံငွေတစ်ရပ်ကို ထူထောင်သွားမှာဖြစ်တဲ့အတွက် စေတနာရှင်ပြည်သူပြည်သားများအနေနဲ့ မိမိတို့တတ်နိုင်သမျှ ပူးပေါင်းပါဝင်ထည့်ဝင်လှူဒါန်းကြဖို့ကိုလည်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က တိုက်တွန်း နှိုးဆော်ခဲ့ပါတယ်။

COVID-19 ရောဂါကြောင့် ဖြစ်နိုင်ခြေရှိတဲ့ကိစ္စအရပ်ရပ်ကို ပိုမိုထိရောက်ကျယ်ပြန့်စွာ သုံးသပ်ကိုင်တွယ် နိုင်ဖို့အတွက် ဇန်နဝါရီ ၃၀ ရက်က ဖွဲ့စည်းခဲ့တဲ့ ဗဟိုကော်မတီကို မတ် ၁၃ ရက် မှာ အမျိုးသားအဆင့်သို့ မြှင့်တင် ဖွဲ့စည်းခဲ့ပြီး ကော်မတီဥက္ကဋ္ဌအဖြစ် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် တာဝန်ယူဆောင်ရွက်နေတာ ဖြစ်ပါတယ်။

ပို့ကုန်လုပ်ငန်းအတွက် ဝင်ငွေခွန် ၂ ရာခိုင်နှုန်း ကင်းလွတ်ခွင့်ပေးသွားမယ့်သတင်း

စီးပွားရေးနဲ့ပတ်သက်ပြီး ပြည်သူပြည်သားများ မနစ်နာစေဖို့အတွက် ပို့ကုန်လုပ်ငန်းတွေကနေ ကြိုတင် ကောက်ခံတဲ့ ဝင်ငွေခွန် ၂ ရာခိုင်နှုန်းကို အခုဘဏ္ဍာနှစ်ကုန်အထိ ကင်းလွတ်ခွင့်ပေးသွားမှာဖြစ်တယ်လို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။

ဒါ့အပြင် CMP လို့ခေါ်တဲ့ ကုန်ကြမ်းပေး၊ ကုန်ချောယူ၊ လက်ခစားလုပ်ငန်းတွေ၊ ဟိုတယ်နှင့် ခရီးသွားလာ ရေးလုပ်ငန်းတွေ၊ အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းတွေအတွက် အထူးသက်သာတဲ့အတိုးနှုန်း ချေးငွေနဲ့ အခွန်ကင်းလွတ်ခွင့်ရရှိနိုင်ရေးတွေကိုလည်း စီမံပေးသွားမှာလို့လည်း ဆိုပါတယ်။

ပြည်သူပြည်သားများမနစ်နာစေဖို့၊ အလုပ်သမားများ အလုပ်လက်မဲ့မဖြစ်စေဖို့၊ အလုပ်ရုံများ ဆက်လက် လည်ပတ်နိုင်ဖို့နဲ့ နိုင်ငံ့စီးပွားရေးလည်ပတ်မှုကို ထိခိုက်မှုအနည်းဆုံးဖြစ်စေဖို့တို့ကို ရည်ရွယ်ပြီးတော့ အခွန် အကောက်ဖြေလျှော့တာ၊ အတိုးနှုန်းလျှော့ချတာတွေကို ဆောင်ရွက်တာ ဖြစ်ပါတယ်။

မလိုအပ်ဘဲ လူစုလူဝေးမဖြစ်စေဖို့က ပြည်သူတွေသာအဓိကလို့ ပြောကြားတဲ့သတင်း

ကျန်းမာရေးလိုအပ်ချက်အရ မလိုအပ်ဘဲ လူစုလူဝေးမဖြစ်အောင် လိုက်နာဆောင်ရွက်ဖို့က ပြည်သူတွေက အဓိကဖြစ်တယ်လို့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။

ကျန်းမာရေးဝန်ကြီးဌာနရဲ့ ညွှန်ကြားချက်တွေကို တိတိကျကျလိုက်နာရေး၊ မမှန်ကန်တဲ့သတင်းတွေ မပြန့်ပွားရေးနဲ့ ရိက္ခာစုဆောင်းခြင်းကဲ့သို့သော မတည်မငြိမ်ဖြစ်စေမယ့် လုပ်ရပ်များ မဖြစ်ပေါ်ရေးတို့မှာလည်း ပြည်သူတွေသာ အဓိကဖြစ်တယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာ အခုထိ COVID-19 ရောဂါဖြစ်ပွားသူ တစ်ဦးတစ်ယောက်မှ မတွေ့ရသေးတဲ့အပြင် ဒီကိစ္စနဲ့ ပတ်သက်ပြီး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနကလည်း အချိန်နဲ့တပြေးညီ သတင်းထုတ်ပြန်ပေးနေတာ ဖြစ်ပါတယ်။

ပြည်သူတွေသာ အပြည့်အဝပူးပေါင်းဆောင်ရွက်နိုင်မယ်ဆိုရင် COVID-19 ကာကွယ်၊ ထိန်းချုပ်ရေး အစီအစဉ်တွေကို အောင်အောင်မြင်မြင် အကောင်အထည်ဖော်သွားနိုင်မှာ ဖြစ်တယ်လို့လည်း အသိပေးလိုက် ပါတယ်။

KST(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top