Covid 19 ဖြစ်ပွားနေချိန် သင့်ရဲ့ကိုယ်ခံအားစနစ်ကို ကျသွားစေနိုင်တဲ့အရာ

17-3-2020-yyl-006.jpg

ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ၊ သေဆုံးသူအရေအတွက် တိုးလာတာနဲ့ လူတော်တော်များများကို ထိတ်လန့်ကြောက်ရွံ့နေရတဲ့အခြေအနေဖြစ်စေပါတယ်။ စတိုးဆိုင်တွေ၊ စူပါမားကတ်တွေမှာလည်း လူတွေ အရမ်းလိုအပ်နေတဲ့ Mask တွေနဲ့ လက်သန့်ဆေးရည်တွေ ပြတ်လပ်နေတာကလည်း လူတွေကို စိုးရိမ်ပူပန်မှုဖြစ်စေပါတယ်။ ရောဂါကူးစက်မခံရဖို့အတွက် ကိုယ်ခံအားစနစ် ကောင်းအောင်နေဖို့လည်း လိုအပ်ပါတယ်။ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မခံရအောင် ကြိုတင်ကာကွယ်မှုတွေ လုပ်နေကြပေမဲ့ ကိုယ်ခံအားစနစ်ကို ကျသွားစေနိုင်တဲ့ အလျင်အမြန်ဆုံးအရာက အကြောက်တရားဖြစ်တယ်ဆိုတာ သင်သိပါသလား။ ဒါကြောင့် ကိုယ့်ကိုယ်ကို ကြိုတင်ကာကွယ်နိုင်မှုတွေ ပြုလုပ်နိုင်ဖို့၊ ကိုယ့်ကိုယ်ကို အန္တရာယ်ကင်းဖို့အတွက် လုပ်ဆောင်ရသလို ကြောက်ရွံ့မနေဖို့လည်း လိုအပ်ပါတယ်။ အခုလိုအခြေအနေမျိုးမှာ လူတိုင်း စိုးရိမ်ပူပန်ကြောက်ရွံ့နေကြမယ်ဆိုတာ သိပေမဲ့လည်း အဲဒါကြောင့် ကိုယ်ခံအားစနစ်ကျမသွားအောင် နေသင့်ပါတယ်။

ကောင်းကောင်းစားသောက်နေထိုင်တာ၊ လက်မကြာခဏဆေးတာ၊ ကောင်းကောင်းအိပ်စက်ပေးတာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မခံရဖို့ ကြိုတင်ကာကွယ်ပေးရာ ရောက်ပါတယ်။ ဒါပေမဲ့ ကြောက်ရွံ့စိတ်ဖြစ်နေရင်တော့ ကိုရိုနာဗိုင်းရပ်စ်ပိုးကို လက်ယက်ခေါ်နေသလို ဖြစ်နေပါလိမ့်မယ်။ ရိုးရှင်းဆုံးပြောရရင်တော့ အကြောက်တရားက သင့်ရဲ့ကိုယ်ခံအားစနစ်ကို ကျသွားစေနိုင်တဲ့ အရာတစ်ခုဖြစ်ပြီး ခံနိုင်ရည်အားမရှိဘဲ သေစေနိုင်လောက်တဲ့ ဗိုင်းရပ်စ်ပိုး ဝင်ရောက်လာစေနိုင်ပါတယ်။

အကြောက်တရား၊ ထိတ်လန့်မှုတွေက သင့်ရဲ့ကိုယ်ခံအားစနစ်ကို ဘယ်လိုကျသွားစေနိုင်လဲဆိုတာ ကြည့်လိုက်ရအောင်..။

ကိုယ်ခံအားစနစ်

ကိုယ်ခံအားစနစ်ဟာ ခန္ဓာကိုယ်အတွင်း လှည့်ပတ်နေတဲ့သွေးကနေ တဆင့်သွားတဲ့ ဘီလျံချီတဲ့ ဆဲလ်တွေရဲ့စုဆောင်းမှုတစ်ခုပါ။ ဒီဆဲလ်တွေက တစ်ရှုးနဲ့ အင်္ဂါအစိတ်အပိုင်းတွေဆီသွားပြီး ဘတ်တီးရီးယား၊ ဗိုင်းရပ်စ်တွေနဲ့ ကင်ဆာဆဲလ်တွေကို မဝင်လာအောင် သင့်ခန္ဓာကိုယ်ကို ကာကွယ်ပေးပါတယ်။

ကိုယ်ခံအားစနစ်ဆဲလ် (lymphocytes သွေးဖြူဥ) အမျိုးအစား (၂) ရှိပါတယ်။ အဲဒါတွေကတော့

B ဆဲလ် – ဒါက ဝင်ရောက်လာတဲ့ ဘတ်တီးရီးယားနဲ့ ဗိုင်းရပ်စ်တွေကို ဖျက်စီးပစ်ဖို့အတွက် ခန္ဓာကိုယ်ဆဲလ်တစ်ဝိုက်မှာ အရည်အဖြစ် ထုတ်လွှတ်ပေးတဲ့ ပဋိပစ္စည်း (သွေးအတွင်းဖြစ်ပေါ်တဲ့ရောဂါကာကွယ်တဲ့ပစ္စည်း) ကို ထုတ်ပေးပါတယ်။

T ဆဲလ် – ဘတ်တီးရီးယားနဲ့ ဗိုင်းရပ်စ်တွေက ဆဲလ်အတွင်း ဝင်ရောက်လာရင် T ဆဲလ်တွေက ရောဂါကူးစက်ခံထားရတဲ့ ဆဲလ်တွေကို ပိတ်လှောင်ပြီး ဖျက်စီးပစ်ပါတယ်။

စိတ်ဖိစီးမှုဟော်မုန်းတွေက ဘာတွေလုပ်ဆောင်လဲ

စိတ်ဖိစီးမှုဟော်မုန်းတွေက သွေးဖြူဥဆဲလ်အရေအတွက် လျော့နည်းစေပြီး ကိုယ်ခံအားစနစ်ရဲ့လုပ်ဆောင်မှုကို သက်ရောက်စေပါတယ်။ ကိုယ်ခံအားစနစ်နည်းလာတာနဲ့ နေမကောင်းဖြစ်ဖို့က အလွယ်ကူဆုံးပါပဲ။ ဒါတင်မကသေးပါဘူး။ စိတ်ဖိစီးမှုဟော်မုန်းက ကိုယ်ခံအားစနစ်ကို ထိခိုက်အောင် တိုက်ရိုက်မဟုတ်ဘဲ သွယ်ဝိုက်တဲ့နည်းနဲ့လည်း လုပ်ဆောင်နိုင်ပါတယ်။ လူတွေက စိတ်ဖိစီးမှုကို လျော့ချဖို့အတွက် ဆေးလိပ်သောက်တာ၊ အရက်သောက်တာတွေလို ကျန်းမာရေးနဲ့ မညီညွှတ်တဲ့နည်းတွေကို လုပ်ဆောင်ဖြစ်ကြပါတယ်။ အဲဒီနည်းတွေကလည်း ကိုယ်ခံအားစနစ်ကို သက်ရောက်စေနိုင်ပါတယ်။

ဒါကြောင့် ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားမှုနဲ့ ပတ်သက်ပြီး စိတ်ဖိစီးတာ၊ စိုးရိမ်ပူပန်တာ၊ ကြောက်ရွံ့တာတွေမဖြစ်အောင်နေပြီး လိုအပ်တဲ့ကြိုတင်ကာကွယ်မှုတွေကိုသာ လုပ်ဆောင်ထားသင့်ပါတယ်နော်.။

Ref: Coronavirus Prevention: This one thing can lower your immunity

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top