Facebook ရဲ့အမှားများနဲ့ ပတ်သတ်ပြီး တောင်းပန်လိုက်တဲ့ မာခ်ဇူကာဘာဂ်ျ

170524112903-russia-facebook-ads-election-fec-democrat-ellen-weintraub-00011714-1024x576.jpg

ဂျူးလူမျိုးတွေရဲ့ ဘာသာရေးနေ့တစ်နေ့ဖြစ်ပြီး အပြစ်များအတွက် တောင်းပန်ဝန်ချမှုတွေကို ပြုလုပ်ကြတဲ့ ယွမ်ကစ်ပူးလ် (Yom Kippur) နေ့မှာ Facebook တည်ထောင်သူ မာခ်ဇူကာဘာဂ်ျက Facebook ရဲ့ မှားယွင်းမှုတွေနဲ့ ပတ်သတ်ပြီး တောင်းပန်ခဲ့ပါတယ်။

ဂျူးလူမျိုးဓလေ့တွေနဲ့ ရင်းနှီးတဲ့ ဇူကာဘာဂ်ျဟာ သူ့ရဲ့ Facebook အကောင့်ကနေပြီး “ဒီနေ့ဟာ ယွမ်ကစ်ပူးလ်နေ့ပြီးဆုံးတဲ့ နေ့ဖြစ်ပါတယ်။ ယွမ်ကစ်ပူးလ်နေ့ဟာ နှစ်တစ်နှစ်မှာ ဂျူးလူမျိုးတွေအတွက် အမြင့်မြတ်ဆုံးနေ့ ဖြစ်ပြီး အဲ့ဒီနေ့မှာ ကျွန်တော်တို့ အတိတ်မှာ ဘာလုပ်ခဲ့လဲဆိုတာ ပြန်စဉ်းစားပြီး အမှားတွေအတွက် ပြန်လည်ဝန်ချတောင်းပန်ရတဲ့နေ့လည်း ဖြစ်ပါတယ်။ ဒီနှစ်အတွက် ကျွန်တော် ထိခိုက်မိအောင်လုပ်ခဲ့တဲ့ လူတွေအတွက် ကျွန်တော် တောင်းပန်ချင်ပြီး ပိုမိုကောင်းမွန်အောင် လုပ်ဆောင်သွားမယ်လို့လည်း ကတိပေးပါတယ်။ ကျွန်တော်တည်ထောင်ထားတဲ့ အရာတစ်ခုက လူတွေကို ပိုနီးကပ်စေဖို့  ရည်ရွယ်ချက်နဲ့လုပ်ထားတာ ဖြစ်ပေမဲ့ ပိုဝေးကွာသွားစေမိတဲ့အတွက် တောင်းပန်ပါတယ်။ ကျွန်တော်တို့တွေအားလုံး နောက်နှစ်မှာ ပိုမိုကောင်းမွန်အောင် လုပ်ဆောင်သွားမှာဖြစ်ပြီး သင်တို့အားလုံးလည်း ဘဝမှတ်တမ်းမှာ ကမ္ပည်းထိုးနိုင်ကြတဲ့သူတွေ ဖြစ်ပါစေလို့ ကျွန်တော်ပြောချင်ပါတယ်။” လို့ ရေးခဲ့တာဖြစ်ပါတယ်။

မာခ်ဇူကာဘာဂ်ျ တောင်းပန်ရခြင်း အကြောင်းရင်းတွေထဲက အဓိက ၂ ချက်ကတော့ ရုရှားတွေကို ဒေါ်နယ်ထရမ့်ရဲ့  ၂၀၁၆ ရွေးကောက်ပွဲ မဲဆွယ်ရာမှာသုံးဖို့အတွက် ကြော်ငြာ ရောင်းချခဲ့မိတာရယ်၊ မုန်းတီးရေးစကားတွေကို Facebook မှာ ဖြန့်ဖို့အတွက် ကြော်ငြာ ရောင်းချမိခဲ့တာရယ် ဖြစ်ပါတယ်။

၂၀၁၆ ခုနှစ်တုန်းကလည်း Facebook မှာ သတင်းအမှားများနဲ့ လိမ်ညာတဲ့ သတင်းများ များပြားနေတဲ့အတွက် Facebook ဟာ ဝေဖန်ခံခဲ့ရပြီး အဲ့ဒီတုန်းကတော့ facebook ဟာ အချိန်ပိုင်း အယ်ဒီတာများကို ငှားရမ်းခဲ့ပြီး facebook ပေါ်က သတင်းအမှားများကို လျှော့ချဖို့အတွက် လုပ်ဆောင်ခဲ့ပါသေးတယ်။ ၂၀၁၆ ရွေးကောက်ပွဲအပြီးတုန်းကလည်း Facebook ဟာ သတင်းအမှားများကို လျှော့ချပြီး အသုံးပြုတွေထံကို သတင်းအမှန်များသာ ရောက်ရှိအောင် လုပ်ဆောင်ပေးမယ်လို့ ကတိပေးခဲ့ပေမဲ့ Facebook ရဲ့ သတင်းများကို ပယ်ဖျက်ပုံဟာ User များရဲ့ သတင်းပို့ချက်ရမှ ပယ်ဖျက်ပေးတာ ဖြစ်တဲ့အတွက် သတင်းအမှားစီးဆင်းမှုကို မရပ်တန့်နိုင်ခဲ့ပါဘူး။

ဒီလို သတင်းမှားတွေနဲ့ ပတ်သတ်တဲ့ကိစ္စကို facebook အနေနဲ့ ဘယ်လိုကိုင်တွယ်သွားမလဲဆိုတာ မသိရသေးတဲ့ အချိန်မှာ facebook ဟာ ကြော်ငြာကိစ္စအမှားများနဲ့ ပတ်သတ်ပြီး တောင်းပန်ခဲ့တာ ဖြစ်ပါတယ်။ ရုရှားတွေကို ကြော်ငြာတွေ ရောင်းခဲ့တဲ့အတွက် facebook ကို လက်ရှိအချိန်မှာ အမေရိက ကွန်ဂရက်က စစ်ဆေးမှုပြုလုပ်နေပြီး ကြော်ငြာနဲ့ပတ်သတ်တဲ့ အချက်အလက်တွေ အကုန်လုံး ပေးရမှာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ အပတ်အထိ facebook ဟာ သူ့ရဲ့ ကြော်ငြာရောင်းချမှုစာရင်းများနဲ့ ပတ်သတ်ပြီး ကွန်ဂရက် စုံစမ်းရေး အရာရှိများထံ လွှဲပြောင်းပေးနေဆဲ ဖြစ်ပါတယ်။

ဇူကာဘာဂ်ျကတော့ “ကျွန်တော် ဒီမိုကရေစီဝါဒနဲ့ ပတ်သတ်ပြီး အရမ်းဂရုစိုက်သလို ဒီမိုကရေစီဝါဒရဲ့ ဂုဏ်သိက္ခာကိုလည်း ကာကွယ်သွားမှာပါ။ ဒီမိုကရေစီဝါဒကို လျော့ပါးအောင် လုပ်ဖို့ ကျွန်တော်တို့ တီထွင်ထားတာတွေ အသုံးပြုခွင့်ပေးမှာ မဟုတ်ပါဘူး ”လို့ပြီးခဲ့တဲ့ လကပြောဆိုခဲ့ပါတယ်။

ရုရှားနိုင်ငံဟာ ဒေါ်လာ ၁သိန်းဖိုး တန်ဖိုးရှိ ကြော်ငြာများကို အမေရိကန် ရွေးကောက်ပွဲမှာ လွှမ်းမိုးနိုင်ဖို့အတွက် ဝယ်ယူခဲ့တာ ဖြစ်ပြီး လက်ရှိအချိန်မှာတော့ ဒီ ကြော်ငြာကိစ္စတွေကို အမေရိကန် တရားမျှတရေး ဝန်ကြီးဌာနနဲ့ ကွန်ဂရက် စုံစမ်းရေးကော်မတီများက စစ်ဆေးလျက်ရှိနေပါတယ်။

Ref : News : Mark Zuckerberg wants to repent for Facebook’s sins

လူမို (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top