သေကြောင်းကြံစည်ဖို့ ကြိုးစားခဲ့တဲ့အမျိုးသမီးတစ်ဦးကို ကယ်တင်ဖို့ တံတားပေါ်က ခုန်ချခဲ့တဲ့ ပစ္စည်းပို့သမား

19.6.2023-yyl-2.jpg

ဟန်ကျိုးမြို့က ပစ္စည်းပို့သမားတစ်ဦးဟာ သေကြောင်းကြံဖို့ ကြိုးစားရင်း ရေနစ်နေတဲ့ အမျိုးသမီးတစ်ဦးကို ကယ်တင်ဖို့ တံတားပေါ်ကနေ Qiantang မြစ်ထဲ ခုန်ချခဲ့ပါတယ်။ အဲဒီပစ္စည်းပို့သမားက အသက် ၃၁ နှစ်အရွယ် ဖန်ချင်လင် ဆိုသူပါ။ သူ့ရဲ့လျှပ်စစ်စက်ဘီးကို စီးပြီး ပစ္စည်းသွားပို့တဲ့လမ်းမှာ တံတားကို ဖြတ်ရင်း အကူအညီတောင်းသံကို ကြားခဲ့ရတာပါ။ ချက်ခြင်းပဲ သူ့ရဲ့မျက်မှန်နဲ့ဖိနပ်တွေချွတ်ပြီး ဖုန်းကို ဘေးဖယ်ထားပြီးတော့ ရေထဲ ခုန်ချခဲ့ပါတယ်။

ရေထဲခုန်ချပြီးကယ်တင်ဖို့ ကြိုးစားတဲ့ ဖန်ချင်လင်ရဲ့ဗီဒီယိုကလည်း လူမှုကွန်ယက်မှာ နာမည်ကြီးသွားခဲ့ပါတယ်။ ဇွန်လ ၁၄ ရက်နေ့မှာ သူ အခုလိုဟီးရိုးဆန်ဆန်ကယ်တင်ဖို့ကြိုးစားပြီးတဲ့နောက် သတင်းဌာနတွေက သူ့ကို အင်တာဗျူးဖြစ်ခဲ့ကြပါတယ်။ အင်တာဗျူးမှာ သူက ရေထဲ ခုန်ချဖို့ ကြောက်တော့ကြောက်ရွံ့မိခဲ့တယ်လို့ ဝန်ခံထားပါတယ်။ “အရမ်းမြင့်တော့ ခုန်ချဖို့ အရမ်းကြောက်လာခဲ့တယ်။ ဒါပေမဲ့ ရေထဲက အမျိုးသမီးကို မြင်ခဲ့တယ်”

ဒါကြောင့် ရွေးချယ်စရာမရှိဘဲဖန်ချင်လင်က တံတားပေါ်ကနေ ၁၀ မီတာကျော်ကျော်ခုန်ချခဲ့ပြီး ရေထဲရောက်တဲ့အချိန်မှာ သူ့ရဲ့ပါးစပ်ကစပြီး နားအထိ ရေတွေဝင်တော့ ခံရခက်ခဲ့ပေမဲ့ သူ ခုန်ချပြီးသွားတဲ့အတွက် အဲဒီအမျိုးသမီးကို သေချာပေါက် ကယ်တင်ရမယ်လို့ သူ တွေးခဲ့တယ်။ ဒါကြောင့် ဖန်က ရေကူးပြီး ရေနစ်နေတဲ့အမျိုးသမီးကို သူ့ဆီ လှမ်းဆွဲခဲ့တယ်။ နောက်တော့ ကယ်ဆယ်ရေးအဖွဲ့က သူတို့နှစ်ဦးကို မော်တော်ဘုတ်နဲ့လာပြီး ကယ်တင်ခဲ့တယ်။ သူတို့နှစ်ဦးကို မော်တော်ဘုတ်နဲ့ သယ်ဆောင်သွားပြီးနောက် ဒေသတွင်းဆေးရုံတစ်ရုံကို ပို့ဆောင်ပေးခဲ့တာပါ။

ဖန်ချင်လင်က ခုန်ချရာမှာ ကျောရိုးထိသွားတဲ့အတွက် ၇ ရက်၊ ၁၀ ရက်လောက် ဆေးရုံတက်ရဦးမှာပါ။ ရဲတပ်ဖွဲ့က သူ့ကို ပထမတန်းစားပြည်သူ့ဂုဏ်ရည်ဆုတံဆိပ်နဲ့ ငွေသား ကန်ဒေါ်လာ ၄ ထောင်ကျော် ချီးမြှင့်ခဲ့ပါတယ်။ သူ့ရဲ့ပစ္စည်းပို့ဆောင်ရေးကုမ္ပဏီ Meituan ကလည်း သူ့ရဲ့ကြိုးစားအားထုတ်မှုအတွက် “Pioneer Rider” အဖြစ် သတ်မှတ်ခဲ့ပြီး ငွေသား ကန်ဒေါ်လာ ၇ ထောင်နီးပါး ပေးအပ်ခဲ့ပါတယ်။

ဖန်ချင်လင်ကယ်တင်ခဲ့တဲ့ အမျိုးသမီးက အသက် ၂၉ နှစ်အရွယ်ဖြစ်ပြီး အမည်ဖော်ပြထားခြင်းမရှိပါဘူး။ ဘဝရဲ့စိတ်ဖိစီးမှုတွေကြောင့် သူ့ဘဝကို အဆုံးသတ်ချင်ခဲ့တယ်လို့ အဲဒီအမျိုးသမီးက ဝန်ခံခဲ့ပါတယ်။ သူ့ကို လာကယ်မယ့်သူရှိမယ်လို့ မမျှော်လင့်မိခဲ့ဖူးဘူးလို့ ပြောပြီးတော့ ငိုလည်းငိုခဲ့ပါတယ်။ သူက ဖန်ချင်လင်ကိုလည်း သူ့အသက်ကို ကယ်တင်ပေးခဲ့တဲ့အတွက် ကျေးဇူးတင်ခဲ့ပါတယ်။

Ref: Delivery rider in China jumps more than 10m from bridge to save woman who attempted suicide

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top