(၄) နှစ်အကြာမှာ ဒေါက်တာဘွဲ့ရရှိခဲ့တဲ့ မလေးရှားလူမျိုးပစ္စည်းပို့သမား

8-10-2021yyl02.png

မလေးရှားနိုင်ငံရဲ့ဖက်ဒရယ်ပြည်နယ် Pahang မှာ ပစ္စည်းပို့သမားတစ်ဉီးဟာ ဒေါက်တာဘွဲ့ရရှိခဲ့ပါတယ်။ အဲဒီလိုရရှိခဲ့တဲ့အတွက် အင်တာနက်အသုံးပြုသူတွေရဲ့စိတ်ဝင်စားခြင်းကို ခံနေရပါတယ်။ မို့ဒ် အာကမယ် အက်ဇဟာ (Mohd Akmal Azhar) လို့အမည်ရတဲ့ ပစ္စည်းပို့သမားဟာ “Foodpanda Rider Malaysia” ဆိုတဲ့ ဖေ့စ်ဘွတ်ခ်ဂရုမှာ ဒေါက်တာဘွဲ့ရကြောင်းကို သူကိုယ်တိုင် ပုံတွေတင်ခဲ့တာပါ။ “နောက်ဆုံးတော့ (၄) နှစ်နီးပါးအကြာမှာ ဒေါက်တာဘွဲ့ရရှိသွားခဲ့ပြီ” လို့လည်း ရေးသားခဲ့ပါတယ်။ ဖေ့စ်ဘွတ်ခ်ဂရုမှာ တင်ခဲ့တဲ့ သူ့ရဲ့ပို့စ်ကို လူစိတ်ဝင်စားမှုများလာခဲ့ပါတော့တယ်။

မို့ဒ်က Foodpanda အစားအစာပို့သမားအဖြစ် လွန်ခဲ့တဲ့ (၁) နှစ်က စတင်လုပ်ကိုင်ခဲ့တာပါ။ University of Malaysia Pahang ကနေ ဆေးဝါးနဲ့ဓာတုထုတ်လုပ်ရေးနည်းပညာနဲ့ ဒေါက်တာဘွဲ့ကို မကြာသေးခင်ကမှ ရရှိခဲ့တာဖြစ်ပါတယ်။ အသက် ၃၆ နှစ်ရှိပြီဖြစ်တဲ့ မို့ဒ်က “သွားလာမှုတွေထိန်းချုပ်လိုက်ကတည်းက ပစ္စည်းပို့သမားအဖြစ် အချိန်ပြည့်လုပ်ကိုင်နေခဲ့တာပါ။ ဒီအလုပ်က လူတွေနဲ့ ဆက်ဆံပြောဆိုနည်းတွေ၊ စိတ်ရှည်သည်းခံနိုင်စွမ်းနဲ့ အချိန်စီမံခန့်ခွဲနိုင်စွမ်းတွေကို သိလာအောင် တော်တော်များများ သင်ကြားပေးခဲ့တာပါ။ အမြဲလိုလို မနက်ခင်းဆိုရင် ကျွန်တော် အလုပ်အတွက် အချိန်ပေးတယ်။ ညနေခင်းဆိုရင် Thesis ရေးတယ်။ တက္ကသိုလ်မှာ တင်ပြစရာရှိရင် ကျွန်တော် ခွင့်ယူတယ်။ အလာရှင်က ကျွန်တော့်အတွက် အရာအားလုံးကို ကူညီပေးခဲ့တယ်” လို့ ဆိုပါတယ်။

ပစ္စည်းပို့သမားအဖြစ်အလုပ်လုပ်တာက သူ့ဝင်ငွေရဲ့အဓိကအရင်းအမြစ်ဖြစ်ပြီး အချိန်နဲ့ခွန်အားတွေ ဟန်ချက်ညီအောင် ရုန်းကန်ခဲ့ရတယ်လို့လည်း ဆိုပါတယ်။ သူ့ရဲ့Thesis က အစာအိမ်မှာ အက်ဆစ်ခံနိုင်စွမ်းရှိတဲ့ ဆေးတောင့်ပုံစံထဲက ပရိုဘိုင်အိုတစ်ထုတ်ကုန်အသုံးပြုမှုကို ခွဲခြမ်းစိတ်ဖြာတာဖြစ်တယ်လို့ မို့ဒ်က ရှင်းပြထားပါတယ်။ ဒီခေါင်းစဉ်ကို သူ့ရဲ့Thesisကြီးကြပ်တဲ့ဆရာနဲ့ ဆွေးနွေးတိုင်ပင်ပြီး ရွေးချယ်ခဲ့တာဖြစ်ပြီး အဲဒီနယ်ပယ်ကိုလည်း သူက အရမ်းစိတ်ဝင်စားတာပါ။ သူ့ရဲ့Thesis က စာမျက်နှာ ၁၅၀ ရှိပါတယ်။

မို့ဒ်ရဲ့အောင်မြင်မှုကို မလေးရှားဘုရင်က သတိထားမိသွားခဲ့ပြီး နန်းတော်ကို ဖိတ်ကြားခဲ့ပါတယ်။ မို့ဒ်နဲ့ မလေးရှားဘုရင် တန်ကူ ဟက်ဆနယ် အီဘရာဟင် အလန် ရှချ် (Tengku Hassanal Ibrahim Alam Shah) နဲ့ ပုံတွေကိုလည်း နန်းတော်ရဲ့တရားဝင် ဖေ့စ်ဘွတ်ခ်ပေ့ချ်မှာ တင်ခဲ့ပါသေးတယ်။ မို့ဒ်ရဲ့ကြိုးစားအားထုတ်မှုကို လေးစားတဲ့အနေနဲ့ တော်ဝင်မိသားစုက မို့ဒ်ကို ဂုဏ်ပြုခဲ့ပြီး လှူဒါန်းငွေပေးအပ်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ မို့ဒ်နဲ့ မလေးရှားဘုရင်တန်ကူတို့ တွေ့ဆုံစဉ်အတွင်းမှာလည်း တန်ကူက မို့ဒ်ကို အားပေးစကားဆိုခဲ့ပြီး အောင်မြင်မှုရဖို့လည်း ဆုတောင်းပေးခဲ့ပါတယ်။

Ref: SAYS “Delivery Rider In Pahang Finally Completes Thesis & Obtains PhD After 4 Years Of Hard Work”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top