အိန္ဒိယနိုင်ငံမှာ ကိုဗစ်-၁၉ ကာကွယ်ဆေးတွေကို မောင်းသူမဲ့ယာဉ်နဲ့ ဖြန့်ဖြူး

8-10-2021yyl06.jpg

ကာကွယ်ဆေး ထိုးနှံရေးလုပ်ငန်းစဉ် အရှိန်မြှင့်တင်ဖို့အတွက် အိန္ဒိယနိုင်ငံမှာ ကိုဗစ်-၁၉ ကာကွယ်ဆေးတွေကို မောင်းသူမဲ့ယာဉ်တွေနဲ့ စတင်ဖြန့်ဝေနေပြီလို့ အိန္ဒိယနိုင်ငံ ဆေးသုတေသနကောင်စီရဲ့ ကူးစက်ရောဂါဆိုင်ရာ အကြီးအကဲ ဒေါက်တာပန်ဒါက ပြောပါတယ်။

အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်း တောင်တန်းဒေသတွေမှာ ကိုဗစ်ကာကွယ်ဆေးတွေကို မောင်းသူမဲ့ယာဉ်တွေနဲ့ ဖြန့်ဖြူးပေးခဲ့တာပါ။ ပြီးခဲ့တဲ့တနင်္လာနေ့က မဏိပူရ်ပြည်နယ်မှာ မောင်းသူမဲ့ယာဉ် အသုံးပြုပြီး ကိုဗစ်ကာကွယ်ဆေး ဖြန့်ဖြူးမှုလုပ်ငန်း စတင်ခဲ့တာပါ။

ကိုဗစ်ကာကွယ်ဆေး ၁၀ ဖုံ တင်ဆောင်လာတဲ့ မောင်းသူမဲ့ယာဉ်ဟာ ဘစ်ရှ်နူပူရ်ကနေ ကာရန်းကျွန်းကို ၁၂ မိနစ်အတွင်း အရောက်ပျံသန်းနိုင်ခဲ့ပါတယ်။ ပုံမှန်အားဖြင့် ဒီခရီးကို ရေလမ်း၊ ကုန်းလမ်းကနေ သွားမယ်ဆိုရင် ၄ နာရီလောက် ကြာမြင့်လေ့ရှိပါတယ်။

အိန္ဒိယဟာ ၂၀၂၁ ခုနှစ်အကုန်မှာ ကာကွယ်ဆေးထိုးနှံခွင့်ရှိတဲ့ နိုင်ငံသားအားလုံးကို ကာကွယ်ဆေးထိုးနှံဖို့ ရည်ရွယ်ထားပါတယ်။ ဒါပေမဲ့ လျာထားချိန်အမီ ကာကွယ်ဆေးထိုးနှံမှုလုပ်ငန်း ပြီးမြောက်ဖို့အတွက် အရှိန်မြှင့်ဆောင်ရွက်ရမယ်လို့ ကျွမ်းကျင်ပညာရှင်တွေက ပြောပါတယ်။ လက်ရှိအချိန်အထိ အိန္ဒိယနိုင်ငံမှာ ခွင့်ပြုချက်ရရှိထားတဲ့ ကာကွယ်ဆေး (၃)မျိုး ရှိနေပြီး အဖုံရေ (၉၂၅)သန်းကျော် ထိုးနှံပေးခဲ့ပြီးပါပြီ။

အိန္ဒိယနိုင်ငံမှာ ကာကွယ်ဆေးထိုးနှံခွင့်ရှိတဲ့ လူဦးရေရဲ့ ၇၀ ရာခိုင်နှုန်းနီးပါးဟာ အနည်းဆုံး ကိုဗစ်ကာကွယ်ဆေး တစ်ကြိမ် ထိုးနှံပြီးခဲ့ပြီလို့ အစိုးရရဲ့မှတ်တမ်းတွေမှာ ဖော်ပြထားပါတယ်။ အိန္ဒိယနိုင်ငံမှာ အမေရိကန်ပြီးရင် ကမ္ဘာပေါ်မှာ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရမှု ဒုတိယအများဆုံးဖြစ်ပြီး ကူးစက်ခံရသူ ၃၃ သန်းကျော်ရှိကာ သေဆုံးသူ ၄၄၀,၀၀၀ ကျော် ရှိနေပါတယ်။

Ref: BBC ” Covid vaccine: India drones deliver Covid jabs to remote areas “
Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top