ထိုင်းနိုင်ငံမှာ ပျောက်ဆုံးနေတဲ့ ဂျာမန်စီးပွားရေးလုပ်ငန်းရှင်ရဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေကို ရေခဲသေတ္တာထဲကနေ ပြန်တွေ့

12.7.23-yyl-17.jpg

ဂျာမန်စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်ရဲ့ ခုတ်ထစ်ပိုင်းဖြတ်ခံထားရတဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေကို ထိုင်းရဲတပ်ဖွဲ့က ရေခဲသေတ္တာထဲကနေ ရှာဖွေတွေ့ရှိခဲ့ပါတယ်။ အသက် ၆၂ နှစ်အရွယ် ဂျာမန်စီးပွားရေးလုပ်ငန်းရှင် ဟန်ပီတာမက်ခ်ဟာ ပတ္တရားကမ်းခြေ အရှေ့ပိုင်းမှာရှိတဲ့ Nong Prue မြို့မှာ ထိုင်းနိုင်ငံသူ ဇနီးသည်နဲ့အတူ နေထိုင်သူပါ။ သူဟာ ဇူလိုင်လ ၄ ရက်ကတည်းက ပျောက်ဆုံးသွားခဲ့တာဖြစ်ပြီး သူ့ကို ရှာဖွေပေးနိုင်ရင် ဘတ် ၃ သန်း ချီးမြှင့်မယ်လို့ မိသားစုက ဆုကြေးငွေ ထုတ်ထားပါတယ်။

ဟန်ပီတာမက်ခ်ကို ပတ္တရားကမ်းခြေမှာ မာစီးဒီးစ် ဆီဒင်ကား မောင်းနေတာ နောက်ဆုံးမြင်တွေ့လိုက်ရတာပါ။ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က Nong Prue မြို့ ကွန်ဒိုတစ်ခုရဲ့ ကားပါကင်မှာ ဟန်ပီတာမက်ခ်ရဲ့ ကားကို တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ အဲဒီနေရာတစ်ဝိုက်က စောင့်ကြည့်ကင်မရာ မှတ်တမ်းတွေကို စစ်ဆေးခဲ့ပြီးနောက် အိမ်တစ်လုံးရဲ့ ရေခဲသေတ္တာထဲကနေ သူ့ရဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေကို တွေ့ခဲ့တာပါ။

စုံစမ်းစစ်ဆေးသူတွေဟာ ကြိုးမဲ့လွှစက်၊ ခြံစည်းရိုး ဖြတ်ညှိစက် ၂ လုံးနဲ့ ပလတ်စတစ်လိပ်တွေကို တွေ့ရှိခဲ့ပါတယ်။ ဟန်ပီတာမက်ခ်ရဲ့ ကားအတွင်း ကားထိုင်ခုံတွေ၊ dashboard ၊ စတီယာရင်နဲ့ တခြားနေရာတွေမှာ ဆေးကြောဖို့ အသုံးပြုတဲ့အရည်တစ်မျိုး တွေ့ရပါတယ်။ ယခုတွေ့ရှိတဲ့ အထောက်အထားတွေအရ အလောင်းဖျောက်ဖို့ ကြိုးစားမှုဖြစ်တယ်လို့ ထိုင်းရဲမှူးချုပ် သီရာချိုင်က ဆိုပါတယ်။

ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး သံသယဖြစ်ဖွယ်ရှိတဲ့ ဂျာမန်နိုင်ငံသားနှစ်ယောက်ကို ဖမ်းဆီးထားပါတယ်။ ဟန်ပီတာမက်ခ်ဟာ အိမ်ခြံမြေအကျိုးဆောင်တစ်ဦးဖြစ်ပါတယ်။ သူ ပျောက်ဆုံးသွားတဲ့နေ့မှာ ဇနီးသည်က ဖုန်းဆက်ခဲ့ပေမဲ့ ဖုန်းမကိုင်ခဲ့ဘဲ ” နောက်မှ ပြန်ခေါ်လိုက်မယ်”လို့ မက်ဆေ့ ပြန်ပို့ခဲ့ပါတယ်။ အဲဒီည ၁၀ နာရီအချိန်မှာ ” ဝယ်လက်နဲ့ စကားပြောနေတုန်း” ဆိုတဲ့ နောက်ထပ်မက်ဆေ့ တစ်ခု ထပ်ရောက်လာခဲ့ကြောင်း ဇနီးသည်က ဆိုပါတယ်။ ဟန်ပီတာမက်ခ်နဲ့ ၅ နှစ်ကြာ ပေါင်းသင်းနေထိုင်ခဲ့တဲ့ကာလအတွင်း အဲဒီလို တစ်ခါမှ မက်ဆေ့ မပို့ခဲ့ဖူးတာကြောင့် ဇနီးသည်က သံသယဖြစ်ပြီး လူပျောက်တိုင်ချက် ဖွင့်ခဲ့တာပါ။

Ref: Missing German man’s remains found in Thailand freezer

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top