အမေရိကန်နိုင်ငံမှ ဒယ်တာလေကြောင်းလိုင်း(Delta Airlines)ဟာ လေကြောင်းနဲ့ အာကာသလုပ်ငန်းမှာ ပါဝင်လုပ်ကိုင်ဖို့ ဆန္ဒရှိတဲ့ လူမည်းကျောင်းသား/သူလေးတွေရဲ့ အိပ်မက်ကို အထောက်အပံ့ဖြစ်စေဖို့အတွက် နှစ်စဉ်နှစ်တိုင်း ” အိပ်မက်ခရီးစဉ် (Dream Flight)”ကို ပြေးဆွဲပေးလေ့ရှိပါတယ်။
ဒီနှစ်ကတော့ ဒယ်တာလေကြောင်းလိုင်းရဲ့ အိပ်မက်ခရီးစဉ် ၂၅ ကြိမ်မြောက်ဖြစ်ပြီး လူမည်းကျောင်းသား/သူ ၁၀၀ ကို အတ္တလန္တာမြို့ ဟတ်စ်ဖီးလ်ဂျက်ဆင် နိုင်ငံတကာလေဆိပ်မှ တင်ဆောင်ကာ ဖလော်ရီဒါပြည်နယ်မှာရှိတဲ့ နာဆာ ကနေဒီအာကာသစင်တာကို ပို့ဆောင်ပေးခဲ့တာ ဖြစ်ပါတယ်။
ကျောင်းသား/သူတွေဟာ နာဆာရဲ့ ခရီးစဉ်ဟောင်းတွေမှာ အသုံးပြုခဲ့ဖူးတဲ့ သမိုင်းဝင် ဒုံးပျံတွေ၊ လွန်းပျံယာဉ်တွေ၊ simulator တွေကို လေ့လာခွင့် ရခဲ့ပြီး လေယာဉ်မောင်းနှင်နေတဲ့အချိန် လေထုမငြိမ်သက်မှုဖြစ်ရင် ဘယ်လို ကိုင်တွယ်ရမလဲ၊ ဘဝမှာ အခက်အခဲတွေကြုံရင် ဘယ်လို ကျော်လွှားရမလဲဆိုတာကို လေကြောင်းနှင့်အာကာသဆိုင်ရာ လူမည်းပညာရှင်များအစည်းအရုံးနဲ့ အာကာသယာဉ်မှူးတွေရဲ့ ရှင်းလင်းပြောကြားချက်တွေကို နားထောင်ခွင့် ရခဲ့ပါတယ်။
ဒယ်တာလေကြောင်းလိုင်းဟာ ၂၀၀၁ ခုနှစ်မှာ ပထမဆုံး လူမည်းအမျိုးသမီး ပိုင်းလော့ကို စတင်ခန့်အပ်ခဲ့တာပါ။ သူတို့ရဲ့ အိပ်မက်လေကြောင်းခရီးစဉ် ၂၅ ကြိမ်မှာ ကျောင်းသား/သူပေါင်း ၄၀၀၀ ကျော်ကို လေ့လာရေးခရီးစဉ် ပို့ဆောင်ပေးနိုင်ခဲ့ပြီး ဖြစ်တယ်လို့ သိရပါတယ်။
Ref: Delta Airlines Treats Teens to Free ‘Dream Flights’ Inspiring Many to Become Pilots and Engineers
NZ ( ရိုးရာလေး)

