ညဘက်အိပ်ရေးပျက်ထားသူတွေအတွက် ဆောင်ရန်ရှောင်ရန်များ

sleep.png

ဟိုးခေတ်က ညမှောင်တာနဲ့ စောစောအိပ်ကြတယ်၊ မနက်အာရုံတက်မှာ အိပ်ရာထပြီး ဆွမ်းချက်တာကစလို့ တစ်နေ့တာအလုပ်တွေစတင်ကြတာ အိမ်တိုင်းလိုလိုပါပဲ။ တိုးတက်လာတဲ့ဒီဘက်ခေတ်မှာတော့ ညအစောပိုင်းအိပ်ဖို့နေနေသာသာ အချိန်တောင်မလောက်လို့ အိပ်ချိန်တွေဖဲ့ပေးနေကြရတာ အများကြီးရယ်။ အလုပ်တွေရှိလို့ညနက်သူတွေရှိသလို ညဘက်အပြင်ထွက်ကြတဲ့ night out အစီအစဉ်တွေကလည်း လူငယ်တွေအတွက် ရေပန်းစားနေကြပြီပေါ့။ အိပ်ချိန်နောက်ကျတဲ့ နောက်တစ်မျိုးကတော့ ညဘက် အိမ်မှာရုပ်ရှင်ကြည့်၊ ဂိမ်းဆော့၊ အင်တာနက်သုံးကြတဲ့ ဇီးကွက်လေးတွေပါ။ ဒီထဲက ဘယ်အကြောင်းကြောင့်ပဲဖြစ်ဖြစ် အိပ်ချိန်မမှန်၊ အိပ်ချိန်မလုံလောက်ရင် ကျန်းမာရေးကို အနည်းနဲ့အများထိခိုက်မှာပါပဲ။ ဒါ့ကြောင့် အိပ်ရေးပျက်ထားတယ်ဆို ပြန်ကုစားမှ နောက်ပိုင်းကျန်းမာရေးကို စိတ်မပူရမှာဖြစ်ပါတယ်။

ညကကောင်းကောင်းအိပ်မပျော်ခဲ့ရတဲ့အခါ နောက်တစ်နေ့ကျ အလုပ်မှာဘာမှမလုပ်နိုင်တော့ဘူး၊ ခေါင်းတွေကိုက်တာ၊ အာရုံစိုက်မရတာ၊ စိတ်မကြည်တာတွေဖြစ်လာတတ်ပါတယ်။ ဒါပေမယ့် အိပ်ရေးပျက်ထားတဲ့ ခန္ဓာကိုယ်ကို ပြန်ဖြည့်ဆည်းပေးရမယ့်အစား ပိုဆိုးစေမယ့် အရာတွေလုပ်မိရင် သွားပြီလေ။ လူက လုံးဝ ဒေါင်းသွားပါလိမ့်မယ်။

မဒေါင်းချင်ရင်တော့ ဒီအချက်တွေ သိထားဖို့လိုမယ်နော်။ အိပ်ရေးပျက်ထားရင် နောက်တစ်နေ့မှာ –

အချိန်လွန်အောင်မအိပ်ပါနဲ့

ညကအိပ်ရေးပျက်ထားလို့ဆိုပြီး နောက်တစ်နေ့ နေ့လည်ပိုင်းလောက်မှ အိပ်ရာကထတာမျိုး လုပ်တတ်ပါတယ်။ ခေါင်းမူးလို့ဆက်အိပ်တယ်ဆိုပေမယ့် အဲဒါကပိုဆိုးစေတယ်ဆိုတာ သိပါရဲ့လား။ ခန္ဓာကိုယ်ရဲ့ဇီဝနာရီကို မပျက်ယွင်းစေဖို့ကို နိုင်သလောက်ထိန်းပေးရပါမယ်။ အိပ်ရာဝင်ချိန်၊အိပ်ချိန်နဲ့ အိပ်ရာထချိန်တွေက နေ့တိုင်း အချိန်မှန်နေသင့်ပါတယ်။ ညဘက်မှာပျက်လိုက်ပေမယ့် နောက်နေ့တွေမှာ အဲဒီအချိန်တွေကို ပြန်ထိန်းရပါမယ်။ နောက်ကျတဲ့အထိ ပိုအိပ်လိုက်လို့ အိပ်ရေးပျက်ထားတာကိုပြန်မဖြည့်ဆည်းနိုင်ပါဘူး။ ခေါင်းထဲအုံခဲနေတာပဲ အဖတ်တင်ပါလိမ့်မယ်။

နေရောင်ခြည်ခံယူပါ

နေရောင်ခြည်က စိတ်ကိုလန်းဆန်းစေပြီး နောက်ထပ်အိပ်မပျော်တာမဖြစ်အောင် ဦးနှောက်ကိုအထောက်အကူပေးပါတယ်။ ဒါ့ကြောင့် ပထမရက်ကအိပ်ရေးပျက်ထားတာကို နောက်ရက်မှာ ကောင်းကောင်းအိပ်ပျော်ချင်ရင် အိပ်ရာထတာနဲ့ နေရောင်ခြည်ခံယူပါ။ နေ့လယ်ဘက်ဆိုလည်း လမ်းခဏထွက်လျှောက်တာမျိုးပေါ့။ နေပူထဲလျှောက်သွားဖို့မဟုတ်ဘူးနော်။ နားနားနေနေပဲ အပြင်ထွက်ပေးရုံနဲ့ရပါတယ်။

ကဖင်းတွေအများကြီးမသောက်ပါနဲ့

အိပ်ရေးပျက်ထားတယ်ဆို အစားတွေပိုစားချင်တယ်၊ ကော်ဖီ။လက်ဖက်ရည်တွေချည်းလှိမ့်သောက်ချင်နေတယ်။ ရုံးကိုရောက်ရင် ကော်ဖီလေးတစ်ခွက်က ခေါင်းကြည်စေတယ်၊ လန်းဆန်းစေတယ်ဆိုပေမယ့် ခဏပါပဲ။ များသွားရင်တော့ စိတ်ပိုဆတ်လာမယ်၊ ခေါင်းပါကိုက်လာပါလိမ့်မယ်။ ကဖင်းသောက်သုံးမှုများသွားတဲ့အခါ နောက်ညတွေပါ ကောင်းကောင်းအိပ်မပျော်နိုင်တော့ပါဘူး။

ကိုယ်လက်လှုပ်ရှားမှုလုပ်ပါ

ညနေပိုင်းလောက်မှာ ကိုယ်လက်လှုပ်ရှားမှုလုပ်ပေးတာက ညဘက်မှာကောင်းကောင်းအိပ်ပျော်စေပါတယ်။ လေ့ကျင့်ခန်းတွေလုပ်၊ အားကစားရုံတွေသွားတဲ့အထိတော့ မဆိုလိုပါဘူး။ ခဏလောက် လမ်းထွက်လျောက်တာနဲ့တင် အဆင်ပြေလောက်ပါတယ်နော်။

နေ့လယ်ခင်း တရေးအိပ်ပါ

မိနစ် ၂၀ လောက်တရေးအိပ်လိုက်ခြင်းအားဖြင့် အာရုံစူးစိုက်နိုင်စွမ်းကိုကောင်းမွန်စေပါတယ်။ အတွေးဉာဏ်လည်းဆန်းသစ်စေတယ်ဆိုပေမယ့် မိနစ် (၂၀) ကနေ မိနစ် (၆၀) အတွင်းသာရှိသင့်ပါတယ်။ ပိုအိပ်ရင် နိုးလာတဲ့အခါ ခေါင်းမကြည်တာ၊ ခေါင်းကိုက်တာတွေဖြစ်နိုင်လို့ နှိုးစက်ပေးပြီး အိပ်ပါ။ နောက်တစ်ချက်က တရေးအိပ်ချိန်ဟာ ညဘက်အိပ်ချိန်နဲ့နီးလေ ညကျအိပ်မပျော်နိုင်ခြေပိုများလေဖြစ်စေနိုင်ပါတယ်ဆိုတာလေး သတိထားပါ။

အရက်မသောက်ပါနဲ့

မူးပြီးအိပ်သွားမယ်လို့ ထင်ရင်မှားပါလိမ့်မယ်။ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်သွားတာမျိုးမဟုတ်ဘဲ နာရီအနည်းငယ်ကြာတိုင်း ပြန်ပြန်နိုးလာပါလိမ့်မယ်။ အကြာကြီးအိပ်ပြီးပြန်နိုးလာတဲ့အခါ ခေါင်းတွေကိုက်နေမှာပါ။

ရေများများသောက်ပါ

အိပ်ရေးပျက်ထားရင် ရေဓာတ်ဆုံးရှုံးတတ်ပါတယ်။ ရေဓာတ်မလုံလောက်တဲ့အခါ မူးတာ၊ မောပန်းအားကုန်တာ၊ အာရုံစိုက်မရတာတွေဖြစ်လာစေနိုင်တယ်လေ။

အစားကို ထိန်းစားပါ

အစာစားချိန်ကိုမှန်အောင်၊ အလွန်အကျွံမစားမိအောင် ဂရုစိုက်ဆင်ခြင်သင့်ပါတယ်။ အိပ်ရေးပျက်ထားရင် ကျန်းမာရေးနဲ့မညီတာတွေချည်း တောင့်တနေတတ်သလို ပမာဏကိုလည်း အလွန်အကျွံစားမိတတ်ကြပါတယ်။

အင်တာနက်ပဲ အသုံးမများပါနဲ့

အလင်းရောင်တွေက အိပ်စက်ခြင်းကိုအနှောင့်အယှက်ဖြစ်စေနိုင်ပါတယ်။ စမတ်ဖုန်း၊ကွန်ပျူတာ၊ တက်ဘလက်တို့ကနေ ထွက်တဲ့ အပြာရောင်အလင်းက ပိုဆိုးပါတယ်။ အိပ်ရေးပျက်ထားပြီး နောက်တစ်နေ့မှာ အိပ်ချိန်မတိုင်ခင် သုံးနာရီလောက်တည်းက ဒါတွေမသုံးဘဲ အိပ်ခန်းကို အလင်းရောင်လျှော့ပြီး တိတ်ဆိတ်အောင်ထားပါ။

ရေးသားသူ – Yun Sandi Nan Mon
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ – Dr. Thurein Hlaing Win

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top