ဗုဒ္ဓဘာသာအယူအဆအရအခြေတည်ထားတဲ့ ချစ်ခြင်းမေတ္တာစစ်ရဲ့ အရည်အသွေး (၄) ရပ်

54517296_370992973751232_1196914085820628992_n.jpg

ဗုဒ္ဓဘာသာဝင်တွေအတွက်တော့ အချစ်စစ်ဆိုတဲ့အရာက အရမ်းကို ရိုးရှင်းပါတယ်။ အချစ်တစ်ခုတည်းရှိရုံနဲ့ ပျော်ရွှင်ခြင်းကိုပါ ပိုင်ဆိုင်နိုင်တယ်လို့ ဆိုပါတယ်။ သူတို့က ပျော်ရွှင်ခြင်းအစစ်အမှန်ဆိုတာ စစ်မှန်တဲ့မေတ္တာတရားကနေ အခြေတည်လာတယ်ဆိုပြီး ယုံကြည်ကြပြန်ပါတယ်။ ချစ်ခြင်းမေတ္တာတွေကို အချင်းချင်းလက်ဆင့်ကမ်းနိုင်ဖို့၊ ဝေမျှနိုင်ဖို့နဲ့ ခံစားသိမြင်နိုင်ဖို့ရာ မေတ္တာ၊ ကရုဏာ၊ မုဒိတာနဲ့ ဥပေက္ခာဆိုပြီး အခြေခံအကြောင်းတရား (၄) ခုထပ်ရှိပြန်ပါတယ်။ ဒီတော့ ဗုဒ္ဓဘာသာဝင်တွေက ဒီ (၄) ခုနဲ့ ချစ်ခြင်းမေတ္တာကို အခြေတည်ထားပြီး ပျော်ရွှင်ခြင်းအစစ်အမှန်ကို ရှာဖွေကြတာပါ။

လူတစ်ယောက်ကို သင်တကယ်ချစ်မိပြီဆိုတာနဲ့ အဲဒီလူရဲ့ခံစားချက်တွေ၊ မျှော်လင့်ချက်တွေနဲ့ လိုအပ်ချက်တွေကို သင်နက်နက်နဲနဲသိရှိလာပြီး တဖြည်းဖြည်းနဲ့သူ့အပေါ်နားလည်လာပါတော့တယ်

၁။ မေတ္တာ
အချစ်ဆိုတာဘာလဲ။ အချစ်ဆိုတာ ချစ်ပေးခြင်းပဲပေါ့။ ကိုယ်ချစ်ရတဲ့သူကို ပျော်စေချင်တာ၊ စိတ်ချမ်းသာစေချင်တာနဲ့ နားလည်ပေးနိုင်တာတာတွေဟာ ချစ်ခြင်းမေတ္တာတရားတွေရဲ့ အစပဲပေါ့။ ကိုယ်ချစ်တဲ့သူရဲ့ခံစားချက်တွေကို နားလည်မပေးနိုင်သေးသ၍ သင်ဘယ်တော့မှအချစ်စစ်နဲ့ချစ်တာ မဖြစ်နိုင်သေးပါဘူးတဲ့။ လူတစ်ယောက်ကို သင်တကယ်ချစ်မိပြီဆိုတာနဲ့ အဲဒီလူရဲ့အတွင်းစိတ်ခံစားချက်တွေ၊ အကြောက်တရားတွေ၊ မျှော်လင့်ချက်တွေနဲ့ လိုအပ်ချက်တွေကို သင်နက်နက်နဲနဲသိရှိလာပြီး တဖြည်းဖြည်းနဲ့ သူ့အပေါ်နားလည်လာပါတော့တယ်။ ဒီကနေမှ သူ့ဆီကဘာပြန်ရမှ ဘာလုပ်ပေးမယ်ဆိုတာမျိုးမရှိတော့ဘဲ ပျော်ရွှင်စွာပေးဆပ်ခြင်းဖြင့်ချစ်နေတဲ့အချစ်မျိုးကို အချစ်စစ်၊ အချစ်မှန်လို့ သတ်မှတ်ကြပြန်ပါတယ်။ တကယ်တော့ဒီလိုချစ်တာဟာ ကျွန်တော်တို့လူသားတွေအတွက် ရောင့်ရဲတင်းတိမ်နိုင်ခြင်းနဲ့ စိတ်အေးချမ်းမှုကိုပေးနိုင်တဲ့ နည်းလမ်းပဲ ဖြစ်ပါတယ်။

၂။ ကရုဏာ
ကိုယ်ချစ်ရတဲ့သူ ဝမ်းနည်းနေရရင် ဒါမှမဟုတ် နာကျင်နေရတဲ့အခါမျိုးမှာဆိုရင် ဘယ်သူမဆို ထပ်တူထပ်မျှ ကြေကွဲကြရတာပါပဲ။ ဒါကို စာနာတတ်တယ်၊ မင်းနဲ့ထပ်တူထပ်မျှ ခံစားရပါတယ် ဆိုပြီးတော့လည်း အဓိပ္ပာယ်ဖွင့်လို့ရပါသေးတယ်။ ကရုဏာဆိုတာကတော့ ဒီအရာတွေနဲ့ နည်းနည်းလေးကွဲပြားပါတယ်။ သင်က လူတစ်ယောက်အပေါ် ကရုဏာထားလာပြီဆို သူရဲ့အခက်အခဲတွေကို သင့်အခက်အခဲလိုသဘောထားပြီး အတူတကွ ရင်ဆိုင်ဖြေရှင်းပေးပါတော့တယ်။ ဒါကို ဗုဒ္ဓဘာသာဝင်တွေကတော့ ကရုဏာသက်တယ်လို့ ခေါ်ကြတာပေါ့။ ကရုဏာတရားထားတယ်ဆိုတာမှာ အခက်အခဲဖြစ်နေတဲ့သူအပေါ် စိတ်နဲ့ရောကိုယ်နဲ့ပါ နားထောင်ပေးတာ၊ ဂရုတစိုက်ကြည့်ရှူနေပေးတာ စတာတွေအားလုံး ပါဝင်ပါတယ်။ အကယ်၍ ကျွန်တော်တို့သာ တစ်ဦးပေါ်တစ်ဦး ကရုဏာတရားထားပြီး ရှေ့ဆက်မယ်ကြမယ်ဆို သံသယတွေကင်းဝေးပြီး ယုံကြည်ချက်ရှိရှိနဲ့ ပဋိပက္ခရှင်းလင်းတဲ့ ကမ္ဘာကြီးမှာနေထိုင်နိုင်ကြမှာ ဖြစ်တယ်လို့ ဗုဒ္ဓဘာသာဝင်တို့ရဲ့ကိုးကွယ်ရာ မြတ်စွာဘုရားက လမ်းပြထားပါသေးတယ်။

စိတ်ချမ်းမြေ့ခြင်း (joy) ဟာ ကျွန်တော်တို့ရဲ့စိတ်ခံစားချက်နဲ့ ဆက်စပ်နေပြီး ပျော်ရွှင်ရခြင်း (happiness) ကတော့ ကျွန်တော်တို့ရဲ့ ကိုယ်ခန္ဓာနဲ့ ဆက်စပ်နေတာပဲ ဖြစ်ပါတယ်

၃။ မုဒိတာ
မုဒိတာရဲ့ အနက်အဓိပ္ပာယ်အစစ်အမှန်ကို သိချင်တယ်ဆိုရင်တော့ ပျော်ရွှင်ခြင်း (happiness) နဲ့ စိတ်ချမ်းမြေ့ရခြင်း (joy) ကို ခွဲခြားသိဖို့လိုပါမယ်။ ဗုဒ္ဓဘုရားရှင်ကတော့ ဒီအရာကို သဲကန္တာရထဲရောက်နေတဲ့ လူတစ်ယောက်အဖြစ် ဥပမာပေးထားပါတယ်။ အကယ်လို့ သင်ဟာ သဲကန္တာထဲမှာ ရေတွေ့ခဲ့မယ်ဆို စိတ်သက်သာရာရခြင်း (သို့) စိတ်ချမ်းမြေ့ရခြင်းကို ခံစားရမှာဖြစ်ပြီး အဲဒီရေကို သောက်လိုက်တဲ့အခါမှာတော့ ပျော်ရွှင်ရခြင်းကို ကိုယ်ခန္ဓာက ခံစားရမှာဖြစ်ပါတယ်။ ဒီလိုဆို စိတ်ချမ်းမြေ့ခြင်း (joy) ဟာ ကျွန်တော်တို့ရဲ့စိတ်ခံစားချက်နဲ့ ဆက်စပ်နေပြီး ပျော်ရွှင်ရခြင်း (happiness) ကတော့ ကျွန်တော်တို့ရဲ့ ကိုယ်ခန္ဓာနဲ့ ဆက်စပ်နေတာပဲ ဖြစ်ပါတယ်။ ကိုယ့်အနီးအနားမှာ ရှိတဲ့အရာဝတ္ထုသေးသေးလေးကိုတောင်မှ တင်းတိမ်ရောင်ရဲနိုင်ပြီး စိတ်ချမ်းမြေ့နိုင်မယ်ဆို မုဒိတာတရားပွားများနိုင်ပြီလို့ ဆိုပါတယ်။ ဒီလိုဆို မုဒိတာတရားဟာ ကျွန်တော်တို့ အတွင်းစိတ်အေးချမ်းမှု (သို့) တည်ငြိမ်မှုနဲ့ တိုက်ရိုက်ဆက်စပ်နေကြောင်းကို မှတ်သားထားရပါမယ်။

သင့်အနေနဲ့ ဥပေက္ခာတရားထားနိုင်ပြီဆို အရမ်းအေးချမ်းတဲ့ အဆင့်ကိုရောက်သွားပါပြီ

၄။ ဥပေက္ခာ
သင့်အနေနဲ့ ဥပေက္ခာတရားထားနိုင်ပြီဆို အရမ်းအေးချမ်းတဲ့ အဆင့်ကိုရောက်သွားပါပြီ။ ဒီနေရာမှာ အချစ်တွေ၊ အမုန်းတွေ၊ ဝမ်းနည်းပူဆွေးမှုတွေနဲ့ စိုးရိမ်ပူပန်မှုတွေလုံးဝမရှိတော့ဘဲ လက်လွှတ်လိုက်တဲ့ သဘောကိုရောက်သွားပါပြီ။ ဒါကြောင့်မို့လို့ ဥပေက္ခာတရားကို အချစ်လို့ခေါင်းစဉ်တပ်လို့ မရတော့ပါဘူး။ ဘာနဲ့တူလဲဆိုတော့ ဆိတ်ငြိမ်အေးချမ်းလွန်းလှတဲ့ တောင်ထိပ်မှာ ကိုယ်တစ်ယောက်တည်းရပ်နေတာနဲ့ အလားသဏ္ဍာန်တူပါတယ်။ အပေါ်ကနေစီးကြည့်လို့ အရာအားလုံးကိုမြင်နေရပေမဲ့ ဝေဖန်ထောက်ပြတာတွေ၊ ကဲ့ရဲ့ရှူံ့ချတာတွေနဲ့ စိုးရိမ်ဝမ်းနည်းပူဆွေးတာတွေ လုံးဝမရှိတော့ဘဲ တိုက်ခတ်လာတဲ့လေပြေအေးလေးတွေရဲ့အရသာကို တဝကြီးခံစားနေရခြင်းလည်း ဖြစ်ပါတယ်။

Ref: mindwaft.com “The 4 Essential Qualities Of True Love According To Buddhism”
Po Mo Htoo Aung (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top