ဂျပန်ပြိုင်ပွဲတွင် လျင်မြန်စွာပွဲသိမ်းမည်ဖြစ်သော်လည်း စိတ်လှုပ်ရှားဖွယ် ပွဲတစ်ပွဲဖြစ်စေရမည်ဟု အောင်လအန်ဆန် ဆို

image1.png

မြန်မာ့စပါးအုံး အောင်လအန်ဆန်သည် ONE Championship သမိုင်း၏ အကြီးကျယ်အခမ်းနားဆုံး ပြိုင်ပွဲကြီးတွင် ဝင်ရောက်ယှဉ်ပြိုင်သွားရတော့မည်ဖြစ်သည်။
မတ်လ (၃၁) ရက်နေ့တွင် ကျင်းပမည့် ONE: A NEW ERA ပြိုင်ပွဲကြီး၏ ဒုတိယအဓိကတွဲဆိုင်းတွင် အောင်လအန်ဆန်သည်ည ဂျပန်ကစားသမား Ken
Hasegawa ကို ရင်ဆိုင်ယှဉ်ပြိုင်ကာ ပရိသတ်ရှေ့မှောက်သို့ နောက်တစ်ကြိမ် ထပ်မံရောက်ရှိလာရန် စောင့်စားလျက်ရှိသည်။

အဆိုပါပြိုင်ပွဲသည် အောင်လ၏ ONE မစ်ဒယ်ဝိတ်ကမ္ဘာ့ချန်ပီယံခါးပတ်အတွက် ယှဉ်ပြိုင်ကြမည့် ပွဲဖြစ်သည်။ ၎င်းတို့ ၂ ဦးသည် တစ်ဦး၏ တိုက်ခိုက်မှုစွမ်းရည်ကို တစ်ဦးက ကောင်းစွာသိထားကြသူများဖြစ်သည့်အတွက် ဤပြိုင်ပွဲကြီးသည် ၎င်းတို့ ၂ ဦးတွေ့ဆုံခဲ့သော ယမန်နှစ်က ပြိုင်ပွဲကဲ့သို့ပင် စိတ်လှုပ်ရှားဖွယ်ရာများဖြင့် ပြည့်နှက်နေမည်ဖြစ်ပြီး၊ ဤတစ်ကြိမ်သည် ပို၍ပင် စိတ်လှုပ်ရှားဖွယ်ကောင်းနိုင်သည်ဟု အောင်လအန်ဆန်က ယုံကြည်ထားသည်။

“သူ့ရဲ့ စခန်းသွင်းလေ့ကျင့်မှုမှာ ၁၀၀ ရာခိုင်နှုန်းအပြည့် ကြိုးစားအားထုတ်နေမယ်ဆိုတာ သေချာပါတယ်။ သူက လေ့ကျင့်ဖို့အတွက် နယူးယောက်ကိုတောင် သွားခဲ့တာဆိုတော့ သူ တကယ်ကို အာရုံစိုက်ပြီးလေ့ကျင့်နေတယ်ဆိုတာ ကျွန်တော် ကောင်းကောင်းသိထားပါတယ်။ သိပ်ကို ကြည့်ကောင်းမယ့် ပြိုင်ပွဲတစ်ပွဲဖြစ်မှာပါ” ဟု အောင်လအန်ဆန်က ဆိုသည်။

“ကျွန်တော် Ken ကို သိပ်လေးစားပါတယ်။ သူ ကြိုးဝိုင်းထဲကို ဘယ်လိုအရည်အချင်းတွေနဲ့ ရောက်လာမလဲဆိုတာ ကျွန်တော်သိထားသလို ကျွန်တော်လည်း အပြင်းအထန်လေ့ကျင့်နေပါတယ်။ သူလည်း ဒီလိုပဲ လေ့ကျင့်နေမယ်ဆိုတာ သေချာပါတယ်။ ကျွန်တော်တို့ ၂ ယောက်က ရင်ဆိုင်ဖူးတာဖြစ်လို့ တစ်ယောက်ရဲ့ အားနည်းချက်၊ အားသာချက်တွေကို တစ်ယောက်က သိထားပြီးဖြစ်နေပါတယ်။
ကျွန်တော့်အမြင်ကိုပြောရရင် နောက်ထပ်စိတ်လှုပ်ရှားစရာကောင်းတဲ့ ပြိုင်ပွဲတစ်ခုဖြစ်လာမှာပါ” ဟု ၎င်းက ဆိုသည်။

၎င်းတို့၏ ပထမဆုံးတွေ့ဆုံယှဉ်ပြိုင်သည့်ပွဲကို ယမန်နှစ် ဇွန်လက ကျင်းပခဲ့သည့် ONE:
SPIRIT OF A WARRIOR ပြိုင်ပွဲကြီး၏ အဓိကတွဲဆိုင်းတွင် ကျင်းပခဲ့ခြင်းဖြစ်ကာ၊ အဆိုပါတွဲဆိုင်းသည် ၂၀၁၈ ခုနှစ် ကမ္ဘာ့ကိုယ်ခံပညာဆုပေးပွဲတွင် “တစ်နှစ်တာအတွက် အကောင်းဆုံးတွဲဆိုင်း”ဆုကို ပေးအပ်ချီးမြှင့်ခြင်းခံခဲ့ရသည်။

ဤဝိတ်တန်းအတွင်းရှိ ထိပ်တန်းကစားသမား ၂ ဦးတို့၏ တတ်စွမ်းသမျှ ပညာကုန်ထုတ်သုံးကာ မီးကုန်ယမ်းကုန် ယှဉ်ပြိုင်ကစားကြသော ပြင်းထန်သည့်ကစားပွဲတစ်ပွဲဖြစ်ခဲ့သောကြောင့် ပရိသတ်များကို သည်းတထိတ်ထိတ် ရင်တဖိုဖို ဖြစ်စေနိုင်သည်အထိ ဆွဲဆောင်နိုင်ခဲ့သည်။

အဆိုပါပြိုင်ပွဲ ပဉ္စမအချီ၏ နောက်ဆုံးမိနစ်များတွင် မြန်မာ့စပါးအုံး အောင်လအန်ဆန်သည် ရှိသမျှအားအကုန် စုစည်းကာ Hasegawa ထံသို့ ပင့်လက်သီးတစ်ချက် ပစ်သွင်းကာ ပွဲသိမ်းအနိုင်ယူခဲ့ခြင်းဖြစ်သည်။

ယင်းပြိုင်ပွဲညတွင် ပွဲသိမ်းတိုက်ကွက်ဖြင့် အနိုင်ရရှိခဲ့သော်လည်း အသက် (၃၃) နှစ်အရွယ်ရှိပြီဖြစ်သော အောင်လအနေဖြင့် ထိုပွဲတွင် အားနည်းချက်များရှိခဲ့သည်ကို ဝန်ခံထားကာ၊ ယခုမကျေပွဲကြီးတွင် ပို၍ အစွမ်းပြယှဉ်ပြိုင်သွားမည်ဟု ကတိပြုထားသည်။

“ပြိုင်ဘက်မှာ ကျွန်တော် အသုံးမချနိုင်ခဲ့တဲ့ ဟာကွက်တွေ အများကြီးရှိခဲ့တယ်။ ကျွန်တော် အမှားလုပ်မိတဲ့ ကစားကွက်တွေ အများကြီးရှိတယ်။ မတ်လ (၃၁) ရက်နေ့မှာ ကျွန်တော့်ရဲ့ တိုးတက်လာပြီး ပိုကောင်းတဲ့ပုံစံကို ပြသသွားမှာပါ။ ကျွန်တော် လေ့ကျင့်ထားတဲ့ ကစားကွက်အသစ်တွေကိုလည်း တွေ့ရပါလိမ့်မယ်။ ဒီပြိုင်ပွဲမှာ ပရိသတ်တွေအတွက် စိတ်လှုပ်ရှားစရာ ကစားကွက်အသစ်တွေကို တွေ့ရမှာ အသေအချာပါပဲ”ဟု အောင်လက ပြောကြားသည်။

Hasegawa သည် ကမ္ဘာ့အဆင့် အကောင်းဆုံးသော ကိုယ်ခံပညာကစားသမားများကို မွေးထုတ်ပေးနိုင်သည်ဟု နာမည်ကြီးသော Matt Serra နှင့် Ray Longo တို့နှင့် လေ့ကျင့်မှုပြုလုပ်ရန် နယူးယောက်မြို့သို့ သွားရောက်ခဲ့သည်။ ထိုနည်းတူစွာပင် အောင်လအန်ဆန်သည်လည်း ဖလော်ရီဒါပြည်နယ် Fort Lauderdale မြို့ရှိ Hard Knocks 365 အားကစားရုံတွင် ကစားကွက်နည်းစနစ်များကို လေ့ကျင့်သင်ယူနေခဲ့ခြင်းဖြစ်သည်။

“သူ (Ken) ကလည်း ကစားနည်းစနစ်အသစ်တွေနဲ့ ကြိုးဝိုင်းထဲကို ပြန်လာမယ်ဆိုတာ သေချာပါတယ်။ ဒါက သိပ်ကောင်းတဲ့အရာပါ” ဟု အောင်လအန်ဆန်က ဆိုသည်။

“ကျွန်တော် အခု စိတ်လှုပ်ရှားနေသလို ဒီပြိုင်ပွဲအတွက်လည်း အာရုံအပြည့်စိုက်ထားပါတယ်။ ကျွန်တော် ပရိသတ်တွေကို စိတ်လှုပ်ရှားမှုပေးချင်သလို၊ သူတို့ မြင်ချင်တာကို တွေ့မြင်ရစေဖို့ ကျွန်တော်စွမ်းဆောင်တာကြောင့် ကျွန်တော် အနိုင်ပွဲရယူသွားမှာပါ” ဟု ၎င်းကဆိုသည်။

အောင်လအန်ဆန်အနေဖြင့် အမိမြေရှိ မြန်မာပရိသတ်များရှေ့တွင် ယှဉ်ပြိုင်ရသည်ကို နှစ်သက်သော်လည်း ဂျပန်တွင် Hasegawa ကို ရင်ဆိုင်ရမည်မှာ ၎င်းအတွက် အနည်းငယ်ပို၍ စိတ်သက်သာရစေသည်ဟုဆိုသည်။ အဘယ့်ကြောင့်ဆိုသော် ဂျပန်ကစားသမားပြိုင်ဘက်သည် ၎င်း၏ ပြည်သူပရိသတ်များရှေ့တွင် အောင်မြင်မှုရရှိရေး ဖိအားများရှိနေမည်ကို သိနေသောကြောင့်ဖြစ်သည်။

“မြန်မာနိုင်ငံမှာပြိုင်ရတာ ပျော်ဖို့ကောင်းသလို စိတ်လည်းလှုပ်ရှားရတယ်။ ပရိသတ်ရဲ့ ဖိအားတွေ အများကြီးရှိတာကြောင့် ပိုပြီး အားစိုက်ထုတ်ကစားရတယ်”ဟု အောင်လက ဖွင့်ဟသည်။

“အခုကျွန်တော် ဂျပန်မှာ ပြိုင်ရမယ်ဆိုတော့ ကောင်းတာပေါ့။ ပြီးတော့ ဂျပန်နိုင်ငံက ကိုယ်ခံပညာရပ်တွေ စတင်ထွန်းကားတဲ့နေရာဖြစ်တဲ့အတွက် ဂုဏ်ယူစရာလည်းကောင်းပါတယ်။ ကျွန်တော် ဂျပန်ကို သွားလည်ချင်ခဲ့တာဆိုတော့ အိမ်မက်တွေ တကယ်ဖြစ်လာပြီလို့ပြောရမှာပေါ့” ဟု ၎င်း ကဆိုသည်။

“ပွဲချိန်က အရင်တစ်ပွဲထက် မြန်မယ်လို့ ကျွန်တော်ထင်ပါတယ်”ဟု အောင်လအန်ဆန်က ပြောသည်။

အကယ်၍ မြန်မာ့ဂုဏ်ဆောင်ကစားသမား အောင်လအနေဖြင့် ၎င်း၏ ချန်ပီယံခါးပတ်ကို ကာကွယ်နိုင်ခဲ့မည်ဆိုပါက ONE ဟဲဗီးဝိတ်ကမ္ဘာ့ချန်ပီယံခါးပတ်လုပွဲအတွက်
Brandon “The Truth” Vera ကို စိန်ခေါ်သွားလိုသည်။

“ကျွန်တော်စိန်ခေါ်မှုကို လက်ခံဖို့ အသင့်ပါပဲ။ ကျွန်တော့်ဘက်ကတော့ ပြိုင်ဖို့ အဆင်သင့်ဖြစ်နေပါပြီ”ဟု အောင်လအန်ဆန်က ဆိုသည်။

“ကျွန်တော် ဘက်စုံထူးချွန်ပြီး ပိုကောင်းတဲ့ ကိုယ်ခံပညာ သိုင်းပေါင်းစုံကစားသမားတစ်ယောက်ဖြစ်ဖို့ ကျွန်တော် ဒီပြိုင်ပွဲကိုပြိုင်တာပါ။ ကျွန်တော် အားနည်းတဲ့အပိုင်းတွေရှိနေသေးပေမယ့် ပြိုင်ပွဲက ကျွန်တော့်ကို စိတ်လှုပ်ရှားစေပါတယ်။ ကျွန်တော်က Brandon Vera ရဲ့ ပရိသတ်တစ်ယောက်ပါ။ ဒီတွဲဆိုင်းက ကျွန်တော့်ကို
သိပ်စိတ်လှုပ်ရှားစေတဲ့ပြိုင်ပွဲတစ်ခုဖြစ်ပါတယ်။ ကျွန်တော် ဘယ်သူ့ကိုမဆို ယှဉ်ပြိုင်နိုင်ပါတယ်”ဟု ၎င်းကဆိုသည်။

“အခုအချိန်မှာ ကျွန်တော့်ရဲ့ လေ့ကျင့်မှုနဲ့ ပိုကောင်းလာဖို့အတွက်ပဲ အာရုံစိုက်ထားပါတယ်။ ကျွန်တော့်အရည်ချင်းကို ဘယ်သူနဲ့မဆို စမ်းသပ်ချင်ပါတယ်”ဟု အောင်လအန်ဆန်က ပြောကြားသည်။

Ref: ONE Championship
Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top