နာမည်ကြီးဇာတ်ကား(၂) ကားအပါအဝင် Mulan ဇာတ်ကား ရုံတင်မယ့်ရက်ကို Disney က ထပ်မံရွှေ့ဆိုင်း

24-7-2020-yyl-001.jpg

COVID-19 ကပ်ရောဂါဟာ ကမ္ဘာပေါ်မှာ ရှိတဲ့အရာအားလုံးကို ပြောင်းလဲသွားစေခဲ့တာပါ။ လူတွေရဲ့နေထိုင်မှုပုံစံကိုသာမက ပုံမှန်လုပ်နေကျအရာတွေ၊ နဂိုအစီအစဉ် ဆွဲထားပြီးသားအရာတွေကို ပြောင်းလဲသွားစေခဲ့ပါတယ်။ ရုပ်ရှင်ချစ်ပရိသတ်တွေ အတွက်ကတော့ ကပ်ရောဂါကြောင့် ရုပ်ရှင်ရုံတွေ ပိတ်သိမ်းလိုက်ရတဲ့အတွက် ရုံတင်ပြသမယ့်ဇာတ်ကားတွေကို သတ်မှတ်ထားတဲ့ရက်မှာ ကြည့်ခွင့်မရခဲ့ပါဘူး။ အခုဆိုရင် သူတို့ မျှော်လင့်တကြီးနဲ့စောင့်ဆိုင်းနေတဲ့ ဇာတ်ကားတွေကလည်း ရုံတင်ပြသမယ့်ရက်ကို နောက်ဆုတ်လိုက်ပြန်ပါပြီ။

Mulan ဇာတ်ကားဆိုရင်လည်း မတ်လ ၂၇ ရက်နေ့ကနေ ဇူလိုင်၂၄ရက်၊ ဇူလိင်၂၄ ရက်နေ့ကနေ သြဂုတ်လ ၂၁ ရက်နေ့ကို ခဏခဏ ရွှေ့ဆိုင်းခဲ့တာပါ။ အခုလည်း Walt Disney က Mulan ဇာတ်ကား ရုံတင်မယ့်ရက်ကို သြဂုတ်လ ၂၁ ရက်နေ့ကနေ ရက်အတိအကျမရှိဘဲ ထပ်မံ နောက်ဆုတ်လိုက်ပြီလို့ ဇူလိုင် ၂၃ ရက်နေ့က ကြေညာခဲ့ပါတယ်။ ရုပ်ရှင်ရုံတော်တော်များများ ဆက်လက်ပိတ်ထားတဲ့အတွက် Mulan ဇာတ်ကားရုံတင်မယ့်ရက်ကို ခဏခဏ ရွေ့ဆိုင်းထားရတာဖြစ်ပါတယ်။

အောင်မြင်မှုရရှိထားတဲ့ Avatar နဲ့ Star Wars ဇာတ်ကားတွေရဲ့ နောက်ဆက်တွဲ ဇာတ်ကားတွေကိုလည်း ကိုရိုနာဗိုင်းရပ်စ်က ထုတ်လုပ်ရေးပိုင်းကို အနှောင့်အယှက် ဖြစ်စေခဲ့တာကြောင့် တစ်နှစ် ရွှေ့ဆိုင်းမယ်လို့ Disney က ဆိုပါတယ်။ အခုဆိုရင် Avatar နောက်ဆက်တွဲဇာတ်ကားကို ၂၀၂၂ခုနှစ် ဒီဇင်ဘာလမှာ ရုံတင်ပြသတော့မှာဖြစ်တဲ့အပြင် Star Wars ဇာတ်ကားကိုလည်း ၂၀၂၃ခုနှစ် ဒီဇင်ဘာလကျမှ ရုံတင်ပြသတော့မယ်လို့သိရပါတယ်။

“ဒီကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေးအခြေအနေအတွင်းမှာ ကျွန်တော်တို့တွေ ဇာတ်ကားကို ဘယ်လိုရုံတင်ရမလဲဆိုတာ မသေချာတာတွေ ဖြစ်လာခဲ့ပါတယ်။ ကမ္ဘာတစ်ဝှမ်းက ကြည့်ရှုသူတွေဆီ ဒီဇာတ်ကားကို ကျွန်တော်တို့ အထိရောက်ဆုံးနဲ့ ဘယ်လို ယူဆောင်လာပေးရမလဲဆိုတာ ချင့်ချိန်ဆုံးဖြတ်ဖို့အတွက် ဒီနေ့မှာ Mulan ဇာတ်ကားကို ရုံတင်မယ့်အစီအစဉ်တွေကို ရပ်ထားမယ်လို့ ပြောချင်တာပါ။ ” လို့ Disneyရဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

Tenet ဇာတ်ကား ရုံတင်မယ့်ရက်ကို သြဂုတ်လသို့ ရွှေ့ဆိုင်းမယ်လို့ Warner Bros ဆုံးဖြတ်လိုက်ပြီးတဲ့နောက်မှာ Mulan ဇာတ်ကားရက်ရွှေ့မယ့်သတင်းက ထွက်ရှိလာခဲ့တာဖြစ်ပါတယ်။ တစ်ချိန်လုံး ဒုတိယဝင်ငွေအမြင့်ဆုံးဖြစ်နေတဲ့ Avatar ဇာတ်ကားရဲ့ ဒုတိယမြောက်ဇာတ်ကားဆိုရင်လည်း ကိုရိုနာဗိုင်းရပ်စ်မဖြစ်ပွားခင်ကတည်းက ရက်ရွှေ့ဆိုင်းခဲ့ရတာပါ။

Ref: AsiaOne “Disney postpones Mulan indefinitely, delays Avatar and Star Wars films by a year”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top