တစ်ခါသုံးပလတ်စတစ် အသုံးပြုမှု လျှော့ချမယ့်အစီအစဉ်ကို တရုတ်နိုင်ငံ ကြေညာ

yyl-022-10.jpg

ကမ္ဘာပေါ်မှာ ပလတ်စတစ် အသုံးအများဆုံးနိုင်ငံတစ်နိုင်ငံဖြစ်တဲ့ တရုတ်နိုင်ငံက နိုင်ငံတစ်ဝန်းမှာ တစ်ခါသုံးပလတ်စတစ် အသုံးပြုမှု လျှော့ချမယ့် အစီအစဉ်တစ်ရပ်ကို ထုတ်ဖော်ကြေညာခဲ့ပါတယ်။ ၂၀၂၀ ပြည့်နှစ်အကုန်ကျရင် တရုတ်နိုင်ငံရဲ့ အဓိကမြို့ကြီးတွေမှာ ပျက်စီးဆွေးမြေ့ခြင်းမရှိတဲ့ ပလတ်စတစ်အိတ်တွေ အသုံးပြုမှုကို ပိတ်ပင်သွားမှာဖြစ်ပြီး ၂၀၂၂ ခုနှစ်ကျရင် မြို့အားလုံးမှာ ပိတ်ပင်သွားမှာပါ။ ၂၀၂၀ ပြည့်နှစ်အကုန်ကစပြီး စားသောက်ဆိုင်လုပ်ငန်းတွေမှာ တစ်ခါသုံးပလတ်စတစ်ပိုက် အသုံးပြုတာကိုလည်း ပိတ်ပင်သွားမှာဖြစ်ပါတယ်။ တရုတ်နိုင်ငံဟာ လူဦးရေ ၁.၄ ဘီလျံက စွန့်ပစ်တဲ့ အမှိုက်တွေကို ရှင်းလင်းဖျက်ဆီးနိုင်ဖို့ ရုန်းကန်နေရတာ နှစ်တော်တော်ကြာပါပြီ။

တရုတ်နိုင်ငံရဲ့ အကြီးဆုံး အမှိုက်ကန်ဟာ ဘောလုံးကွင်း ၁၀၀ စာ အကျယ်အဝန်းရှိပေမဲ့ သတ်မှတ်ချိန်ထက် ၂၅ နှစ်စောပြီး အမှိုက်ကန် ပြည့်ခဲ့ပါတယ်။ ၂၀၁၇ ခုနှ စ်တစ်နှစ်အတွင်း တရုတ်နိုင်ငံမှာ မြို့ပြအိမ်သုံးစွန့်ပစ်အမှိုက်တန်ချိန် ၂၁၅ တန် ရှိခဲ့ပါတယ်။ တရုတ်နိုင်ငံတစ်ဝန်းမှာ အမှိုက်တွေကို ဘယ်လိုပြန်အသုံးပြုသလဲဆိုတဲ့ အချက်အလက်တွေကိုတော့ မသိရပါဘူး။ တရုတ်နိုင်ငံဟာ ၂၀၁၀ ပြည့်နှစ်မှာ ပလတ်စတစ်အမှိုက်တန်ချိန် သန်း ၆၀ ရှိခဲ့ပြီး အမေရိကန်နိုင်ငံက တန်ချိန် ၃၈ သန်း ရှိခဲ့တယ်လို့ အောက်စဖို့ဒ်တက္ကသိုလ်ရဲ့ Our World in Data ဝက်ဘ်ဆိုက်မှာ ဖော်ပြပါတယ်။ ပြီးခဲ့တဲ့တနင်္ဂနွေနေ့မှာတော့ တရုတ်နိုင်ငံ အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးနဲ့ ပြုပြင်ပြောင်းလဲရေးကော်မရှင်က လာမယ့် ၅ နှစ်အတွင်း အပြီးသတ် အကောင်အထည်ဖော်မယ့် မူဝါဒသစ်တစ်ရပ် ထုတ်ပြန်ခဲ့ပါတယ်။

၂၀၂၂ ခုနှစ်ကျရင် မြို့အားလုံးမှာ ပလတ်စတစ်အိတ်တွေ အသုံးပြုမှုကို ပိတ်ပင်သွားမှာဖြစ်ပေမဲ့ သားစိမ်း၊ ငါးစိမ်းနဲ့ ဟင်းသီးဟင်းရွက် ရောင်းချတဲ့ စျေးကွက်တွေကိုတော့ ခြွင်းချက်အနေနဲ့ ၂၀၂၅ အထိ အသုံးပြုခွင့်ပေးမှာပါ။ ၀.၀၂၅ မီလီမီတာထက် ပါးလွှာတဲ့ ပလတ်စတစ်အိတ် ထုတ်လုပ်မှု၊ ရောင်းချမှုတွေကိုလည်း ပိတ်ပင်သွားမှာပါ။ စားသောက်ဆိုင်လုပ်ငန်းတွေကလည်း တစ်ခါသုံးပလတ်စတစ် အသုံးပြုမှုကို ၃၀ ရာခိုင်နှုန်း လျှော့ချပေးရမှာပါ။ ဟိုတယ်တွေအနေနဲ့လည်း ၂၀၂၅ ခုနှစ်ကစပြီး တစ်ခါသုံးပလတ်စတစ်ပစ္စည်းတွေ အခမဲ့ပေးတာမျိုး မလုပ်ဖို့ ညွှန်ကြားထားပါတယ်။ တရုတ်နိုင်ငံဟာ ၂၀၀၈ ခုနှစ်တုန်းကလည်း လက်လီအရောင်းဆိုင်တွေအနေနဲ့ ပလတ်စလစ်အိတ်တွေ အခမဲ့ပေးနေတာကို ပိတ်ပင်ခဲ့ပြီး အလွန်ပါးလွှာတဲ့ ပလတ်စလစ်အိတ်တွေ ထုတ်လုပ်မှုကို ပိတ်ပင်ခဲ့ပါတယ်။ ၂၀၁၇ ခုနှစ်မှာ ပြည်ပကနေ ပလတ်စတစ်အမှိုက် တင်ပို့မှုကို ပိတ်ပင်သွားမယ်လို့ တရုတ်နိုင်ငံက ကြေညာခဲ့ပါတယ်။

တရုတ်နိုင်ငံအပြင် တခြားအာရှနိုင်ငံတွေကလည်း တစ်ခါသုံးပလတ်စတစ် အသုံးပြုမှုကို ဆန့်ကျင်တိုက်ဖျက်နေကြပါတယ်။ အခုနှစ်အစောပိုင်းမှာ ထိုင်းနိုင်ငံက စတိုးဆိုင်ကြီးတွေမှာ တစ်ခါသုံးပလတ်စတစ်အိတ် အသုံးပြုမှုကို ပိတ်ပင်ပြီး ၂၀၂၁ ခုနှစ်ကျရင် တစ်နိုင်ငံလုံးမှာ လုံးဝပိတ်ပင်သွားမယ်လို့ ကြေညာခဲ့ပါတယ်။ အင်ဒိုနီးရှားနိုင်ငံမြို့တော် ဂျာကာတာမြို့ကလည်း ၂၀၂၀ ပြည့်နှစ် ဇွန်လကစပြီး ကုန်တိုက်တွေ၊ စူပါမားကတ်တွေ၊ စျေးတွေမှာ တစ်ခါသုံး ပလတ်စတစ်အိတ်တွေကို ပိတ်ပင်မှာပါ။ အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းမှာလည်း တစ်ခါသုံး ပလတ်စတစ်အိတ်တွေကို ပိတ်ပင်ထားပါတယ်။

Ref:BBC ”Single-use plastic: China to ban bags and other items”

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top