အစာအဆိပ်သင့်ခြင်းအတွက် အရေးပေါ်ပြုစုနည်း

yyl-021-8.jpg

အစာအဆိပ်သင့်တယ်ဆိုတာ မတည့်တာတွေတွဲစားမိလို့ဖြစ်တာမဟုတ်ပါဘူးနော်။ ကိုယ်စားလိုက်တဲ့ အစားအသောက်တွေမှာ ဘက်တီးရီးယားတွေ၊ ဗိုင်းရပ်စ်နဲ့ ကပ်ပါးပိုးတွေ ပါနေတယ်ဆို အစာအဆိပ်သင့်နိုင်ပါတယ်။ ရောဂါပိုးပါနေတဲ့ အစားအသောက်တွေကို စားမိပြီး နာရီပိုင်းအတွင်းမှာပဲ လက္ခဏာစပြတတ်ပါတယ်။ အများအားဖြင့်တော့ အစာအဆိပ်သင့်တာက သိပ်မပြင်းထန်ဘဲ ဂရုစိုက်စောင့်ရှောက်ရင်း သက်သာသွားတတ်ပါတယ်။ ဒါပေမယ့် ကူးစက်ရရှိတဲ့ ဗိုင်းရပ်စ်၊ ဘက်တီးရီးယားကို မူတည်ပြီး လက္ခဏာပြင်းထန်သူတချို့ကိုတော့ဆေးရုံတင်ဖို့လိုအပ်နိုင်ပါတယ်။

ဘယ်လိုလက္ခဏာတွေ ဖြစ်လာမလဲ

အစားအစာမှာပါလာတဲ့ ရောဂါပိုးကိုမူတည်ပြီး လက္ခဏာတွေက ကွာခြားတတ်ပါတယ်။ အများစုမှာတော့ ဒီလက္ခဏာတွေခံစားရတတ်ပါတယ် –

  • မအီမသာဖြစ်မယ်
  • အန်မယ်
  • ဝမ်းလျှောမယ်၊ ဝမ်းမှာသွေးပါမယ်
  • ဗိုက်အောင့်တယ်
  • ကိုယ်ပူမယ်

အစာအဆိပ်သင့်ရင် စားပြီး နာရီပိုင်းအတွင်း လက္ခဏာစတတ်တယ်၊ ရက်ပိုင်း ဒါမှမဟုတ် ရက်သီတင်းပတ်ကြာမှ လက္ခဏာပေါ်လာတာတောင်ရှိတတ်ပါတယ်။ အစာအဆိပ်သင့်တဲ့ဝေဒနာကိုခံစားရတာကလည်း နာရီပိုင်းကနေ ရက်သီတင်းပတ်နဲ့ချီပြီး ကြာမြင့်နိုင်ပါတယ်။ အစားအစာပြင်ဆင်တဲ့အခါ၊ ချက်ပြုတ်တဲ့အခါ ကူးစက်နိုင်တဲ့ ရောဂါပိုးမွှားတွေ ကပ်ငြိပါလာနိုင်ပါတယ်။ သန့်ရှင်းမှုမရှိတာ၊ မကျက်တကျက် ချက်ပြုတ်ထားတာ ဒါမှမဟုတ် မလတ်ဆတ်တာတွေက အစာအဆိပ်သင့်စေတဲ့ပိုးတွေကို ခန္ဓါကိုယ်ထဲ ဖိတ်ခေါ်နေပါတယ်။

နောက်ဆက်တွဲဖြစ်လာနိုင်တဲ့အရာ

အစာအဆိပ်သင့်တဲ့အခါ အဆိုးရွားဆုံး နောက်ဆက်တွဲပြဿနာက ရေဓါတ်ဆုံးရှုံးမှုအန္တရာယ်ပါပဲ။ ရေဓါတ်၊ မရှိမဖြစ်လိုအပ်တဲ့ ဓါတ်ဆားဓါတ်နဲ့ သတ္တုဓါတ်တွေ ဆုံးရှုံးရတာပြဿနာရှိပါတယ်။ ကျန်းမာတဲ့ လူတစ်ယောက်အတွက်က အမြန်ပြန်ဖြည့်ဆည်းနိုင်ပေမယ့် ကလေးငယ်တွေနဲ့ သက်ကြီးပိုင်းတွေ၊ ကိုယ်ဝန်ဆောင်တွေလို ကိုယ်ခံအားနည်းတဲ့သူတွေနဲ့ ရောဂါအခံရှိသူတွေမှာတော့ သူတို့ပြန်ဖြည့်နိုင်တဲ့ ပမာဏကိုပိုပြီး အရည်ဓါတ်ဆုံးရှုံးရတတ်ပါတယ်။ ဒီလိုဖြစ်လာရင် ဆေးရုံတင်ဖို့လိုအပ်ပါတယ်။ရေဓါတ်ဆုံးရှုံးမှုကပြင်းထန်ရင် အသက်အန္တရာယ်စိုးရိမ်ရပါတယ်။

ဒါဆို အစာအဆိပ်သင့်တဲ့လက္ခဏာ ကိုယ့်မှာ သို့မဟုတ် တခြားသူမှာဖြစ်လာခဲ့ရင်

  • မအီမသာ၊ ပျို့အန်ခြင်းကို အရင်သက်သာအောင်လုပ်ပါ။
  • အန်တာမသက်သာမချင်း နာရီပိုင်းအတွင်း ဘာမှထပ်မစားပါနဲ့။ အစာအိမ်ကို သက်တောင့်သက်သာထားပါ။
  • ဆာလာရင်ပေါ့ပေါ့ပါးပါးဖြစ်တဲ့ ခရက်ကာ၊ ငှက်ပျောသီး၊ပေါင်မုန့်စတာတွေ နည်းနည်းစားလိုက်ပါ။ အန်ချင်လာရင် ရပ်ထားပါ။
  • ရေသောက်ရင် တခါတည်းများများမသောက်ပါနဲ့။ နည်းနည်းချင်းနဲ့ မကြာခဏသောက်ပါ။
  • အစာအဆိပ်သင့်ဖြစ်နေချိန်မှာ အအန်ပျောက်ဆေး သို့မဟုတ် ဝမ်းပိတ်ဆေးတွေကို ဆရာဝန်မညွှန်ကြားဘဲ မသောက်ပါနဲ့။ရေဓါတ်ဆုံးရှုံးမှုဖြစ်နိုင်တာကြောင့် ဆရာဝန်က ဒီဆေးတွေညွှန်ကြားလာနိုင်ပါတယ်။
  • လက္ခဏာတွေ မသက်သာခင်အထိ နို့ထွက်ပစ္စည်း၊ ကဖင်း၊ အယ်ကိုဟော၊ နီကိုတင်းနဲ့ အဆီများ၊ အရသာလေးတဲ့ စားစရာတွေကိုရှောင်ပါ။
  • အားကုန်နွမ်းလျနေမှာမို့ အနားယူပါ။
  • အန်တာ၊ ဝမ်းလျှောတာ ၂၄ နာရီထက် ကြာနေပြီဆို ဓါတ်ဆားရည်သောက်ပါ။
  • ဆီးပုံမှန်သွားတယ်၊ ဆီးအရောင်က ကြည်တယ်၊ အရောင်ရင့်မနေဘူးဆိုရင် ရေဓါတ်ပြည့်ဝနေတဲ့လက္ခဏာပါ။

ဒါပေမယ့် ၃ ရက်အတွင်းမသက်သာလာခဲ့ရင် ဒါမှမဟုတ် အောက်ပါလက္ခဏာတွေဖြစ်လာရင်

  • ဗိုက်အရမ်းအောင့်တာ
  • အဖျားတက်တာ
  • ဝမ်းသွားတဲ့အထဲသွေးပါတာ၊ ဝမ်းအမည်းတွေသွားတာ
  • ဆက်တိုက် အန်နေတာ၊သွေးပါလာတာ
  • ရေဓါတ်ခန်းခြောက်မှု လက္ခဏာတွေရှိလာတာ (အာခေါင်ခြောက်ခြင်း၊ ဆီးနည်းခြင်း၊ခေါင်းမူးခြင်း၊မောပန်းအားကုန်ခြင်း၊ အသက်ရှူမြန်၊ နှလုံးခုန်မြန်ခြင်း)
  • အမြင်အာရုံမှုန်ဝါးလာတာ၊ ကြွက်သားအားနည်းလာတာ၊ လက်မောင်းမှာ ထုံကျဉ်လာတာလိုမျိုး အာရုံကြောပြဿနာတွေ ဖြစ်လာပြီဆို ဆရာဝန်အမြန်ဆုံးပြပါ။

ဒီအချက်တွေက ယေဘုယျအနေနဲ့ အကြံပြုထားတာတွေဖြစ်လို့ အစာအဆိပ်သင့် လက္ခဏာတွေရှိနေရင် ပြင်းထန်နေပြီ၊ ခံစားရမသက်သာဘူးဆို ဆေးရုံဆေးခန်းအရင်သွားပြီး စစ်ဆေးကုသမှုခံယူတာ စိတ်အချရဆုံးပါပဲ။ အစာဆိပ်သင့်မှုရဲ့ ပြင်းထန်မှုအတိမ်အနက်ကို မူတည်ပြီးမှ အန္တရာယ်ရှိမရှိ ကို သိနိုင်မှာမို့ မပေါ့ဆကြပါနဲ့။

Ref : HelloSayarwon

ရေးသားသူ Yun Sandi Nan Mon
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

Team(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top