အသွားအလာကန့်သတ်မှုကြောင့် ပစ္စည်းလိုအပ်နေတဲ့အိမ်နီးချင်းကို ကုန်ပစ္စည်းတွေ ပို့ဆောင်ပေးတဲ့ ခွေးလေး

31-3-2020-yyl-015.jpg

ကမ္ဘာတစ်ဝှမ်းမှာ COVID-19 ကြောင့် ခက်ခဲမှုတွေ ကြုံတွေ့နေရပါတယ်။ အဲဒီအချိန်မျိုးမှာ အခက်အခဲရှိနေတဲ့သူတွေကို ကူညီပေးတဲ့ စေတနာ့ဝန်ထမ်းတွေ ပေါ်ထွက်လာခဲ့ပါတယ်။ သူတို့တွေကို ဟီးရိုးတွေလို မှတ်ယူလို့ရပါတယ်။ တကယ်တော့ ဟီးရိုးတွေက ပုံစံအမျိုးမျိုးနဲ့ လာကြတာပါ။ အခုအကြောင်းအရာလေးကို ကြည့်မယ်ဆိုရင် ဟီးရိုးဆိုတာ လူတင်မဟုတ်ပါဘူး။ တိရစ္ဆာန်လေးတွေလည်း ဖြစ်နိုင်တာကို တွေ့ရမှာပါ။

ကာရန် အယ်ဗက်သ်ဆိုသူ အမျိုးသမီးရဲ့ခွေးလေး ဆန်ဒန့်ဟာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် အသွားအလာကန့်သတ်ထားနေစဉ်အတွင်းမှာ အိမ်နီးချင်း ရီနီ ဟယ်လ်မန်းကို အိမ်ထဲမှာ လုံလုံခြုံခြုံနေနိုင်ဖို့အတွက် ကူညီပေးနေခဲ့ပါတယ်။ ကိုလိုရာဒိုမြို့က သူ့ရဲ့နေအိမ်တံခါးပေါက်မှာ စားသောက်ကုန်ပစ္စည်းတွေကို လာချပေးရင်းနဲ့ ခွေးလေး ဆန်ဒန့်က ကူညီပေးနေတာပါ။

ဟယ်လ်မန်းက အသက် (၆၅) နှစ်ကျော်နေပြီဖြစ်ပြီး COVID-19 ကူးစက်ခံရနိုင်ခြေရှိတဲ့ နာတာရှည်အဆုတ်ရောဂါဖြစ်တဲ့ Chronic Obstructive Pulmonary Disease ကို ခံစားနေရတာဖြစ်ပါတယ်။ ဒါကြောင့် ခွေးလေးရဲ့သခင် ကာရန်ဟာ သူ့ရဲ့သူငယ်ချင်းကို အိမ်မှာ အန္တရာယ်ကင်းကင်းနေနိုင်ဖို့ ကူညီနိုင်မယ့် နည်းလမ်းကို စဉ်းစားခဲ့ပါတယ်။ “နင့်ကို ဘယ်မှာ မသွားစေချင်ဘူးလို့ ကျွန်မ သူ့ကို ပြောပါတယ်။ ကျွန်မ ဈေးဝယ်တဲ့အခါ သူ့အတွက်ပါ ဝယ်ပေးမယ်လို့လည်း ပြောခဲ့တာပါ” လို့ ကာရန်က ပြောပါတယ်။

ကာရန်ဟာ ဟယ်လ်မန်းရဲ့စားသောက်ကုန်ပစ္စည်းစာရင်းကို ယူဖို့ သူ့ရဲ့ခွေးလေး ဆန်ဒန့်ကို ခိုင်းခဲ့တာပါ။ နာရီအနည်းငယ်ကြာတဲ့အခါ ဆန်ဒန့်က ဂျုံမုန့်၊ ကြက်သား၊ ကြက်ဥတွေပြည့်နေတဲ့ အိတ်ကို သယ်လာပြီး ပြန်လာတတ်ပါတယ်။ နေ့တိုင်းခွေးလေးက ဟယ်လ်မန်းအတွက် အစားသောက်ကုန်ပစ္စည်းတွေ ဝယ်ပြီး ပို့ဆောင်ပေးလေ့ရှိပါတယ်။ “ဟယ်လ်မန်းက သူ့ရဲ့တံခါးပေါက်ရှေ့မှာ ခွေးလေးကို နေ့တိုင်းမြင်ရတဲ့အတွက် အရမ်းပျော်နေပြီး ကျေးဇူးလည်းတင်နေပါတယ်။ အချိန်တိုင်း ပြုံးရွှင်နေတယ်” လို့ ကာရန်က ပြောပါတယ်။ ဆန်ဒန့်ကို ပစ္စည်းတွေ သယ်ဖို့ နှစ်တော်တော်ကြာ သင်ကြားပေးနေခဲ့တာပါ။ အခုလိုနေ့တိုင်းလုပ်ဆောင်နိုင်ဖို့ တစ်ရက် အချိန်ယူပြီး လေ့ကျင့်ပေးခဲ့တယ်လို့ ကာရန်က ဆိုပါတယ်။

“ကျွန်မက ခါးနဲ့ခြေထောက်နာတတ်တဲ့အတွက် ကျွန်မဆီကို ဖိနပ်နဲ့ ပိုက်ဆံအိတ်သယ်ပေးဖို့ သင်ကြားပေးခဲ့ဖူးပါတယ်။ သူက တကယ်ကို ဟီးရိုးပါပဲ။ သူ့အတွက် ကျွန်မဂုဏ်ယူပါတယ်” လို့ ကာရန်က ပြောပါတယ်။ ဟယ်လ်မန်း အန္တရာယ်ကင်းကင်းနဲ့ စိတ်ချသွားရတဲ့အထိ ဆန်ဒန့်က သူူ့အတွက် အစေားအသောက်တွေဝယ်ယူပြီး ပို့ဆောင်ပေးနေမှာဖြစ်တယ်လို့လည်း ကာရန်က ပြောပါတယ်။

Ref: Dog delivers groceries to neighbor in need during coronavirus quarantine

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top