ခရီးလမ်းတစ်ခုမှာ ကျန်ရစ်ခဲ့တဲ့ခွေးလေးက သခင်ရဲ့အိမ်ကို (၃၇) မိုင်ခရီးနှင်ပြီး ပြန်ရောက်လာ

28-10-2020-yyl-001.jpg

တရုတ်နိုင်ငံက ချစ်စရာကောင်းတဲ့ခွေးလေးတစ်ကောင်ဟာ ဝန်ဆောင်မှုစင်တာတစ်ခုမှာ မတော်တဆကျန်ရစ်နေခဲ့ပြီး သူ့ရဲ့သခင်တွေကို ရှာဖို့ကြိုးစားခဲ့ပါတယ်။ အဲဒီခွေးလေးက သူ့သခင်အိမ်ကို ရောက်ဖို့အတွက် (၃၇) မိုင် (၂၆) ရက်ကြာ ခရီးနှင်ခဲ့ရတယ်လို့ တရုတ်သတင်းဌာနတစ်ခုက ထုတ်ပြန်ခဲ့ပါတယ်။

သူ့သခင်တွေက လမ်းခရီးတစ်ခုရဲ့ဝန်ဆောင်မှုစင်တာတစ်ခုမှာ ခရီးတစ်ထောက်နားရင်း အသက် (၇) နှစ်အရွယ် ဒူဒူဆိုတဲ့ အဲဒီခွေးလေးကို မတော်တဆမေ့ကျန်ရစ်ခဲ့ပါတယ်။ ဒါပေမဲ့ ဒူဒူက သခင်တွေဆီကို မရောက်ရောက်အောင် ပြန်လာခဲ့ပါတယ်။ သခင်တွေဖြစ်တဲ့ မစ်စတာချီနဲ့သူ့မိသားစုတွေက တရုတ်နိုင်ငံအရှေ့ပိုင်းဟန်ကျုံးမြို့ကနေ ဆွေမျိုးတွေရှိတဲ့ ကျေးလက်ဒေသတစ်ခုကို ပြီးခဲ့တဲ့လက အလည်သွားခဲ့တာပါ။ ဒူဒူကိုလည်း သူတို့နဲ့အတူ ခေါ်သွားခဲ့ပါတယ်။

သူတို့နေအိမ်နဲ့ (၃၇) မိုင်ဝေးတဲ့ Tong Lu Service Station မှာ ခဏတဖြုတ်နားခဲ့ကြပါတယ်။ အဲဒီအချိန်တုန်းက မိသားစုတွေဟာ ကလေးတွေကို စောင့်ကြည့်ဂရုစိုက်ပေးနေရင်းနဲ့ ဒူဒူကို ကားထဲမှာပဲ ရှိနေခဲ့တယ်လို့ ထင်ခဲ့ကြတာပါ။ သူတို့နေအိမ်ကို ပြန်ရောက်ပြီး နာရီတော်တော်ကြာမှ သူတို့နဲ့အတူ ဒူဒူပါမလာတာကို သိခဲ့ရပါတယ်။ နောက်နေ့ အဲဒီစင်တာကို ပြန်သွားခဲ့ပြီး ဒူဒူကို ရှာခဲ့ပါတယ်။ ဒါပေမဲ့ ဒူဒူကို ရှာမတွေ့ခဲ့ပါဘူး။

ဒူဒူရဲ့သခင် မစ်စတာချီက “ဒူဒူ အသက်ရှင်ပြီး သူ့ကိုမွေးစားမယ့် ကြင်နာတဲ့သူရှာတွေ့မယ်လို့ မျှော်လင့်ခဲ့တာပါ” လို့ သတင်းဌာနကို ပြောခဲ့ပါတယ်။ ဒါပေမဲ့ တစ်နေ့မှာ သူတို့အိမ်ရှေ့တံခါးမှာ ဒူဒူ ရုတ်တရက်ပေါ်လာခဲ့ပါတယ်။ သခင့်အိမ်ကို ရောက်ဖို့ အဝေးကြီးခရီးနှင်ခဲ့ရတာကြောင့် အရင်က ချစ်ဖို့ကောင်းတဲ့ခွေးလေးက အခုတော့ လမ်းဘေးခွေးတစ်ကောင်လို့ဖြစ်နေပါတယ်။ “အရင်ကထက် နည်းနည်းပိန်သွားပေမဲ့ အရင်ပုံစံလေးအတိုင်းပါပဲ။ သူ့မျက်လုံးတွေက တောက်ပပြီး အလင်းဖြာထွက်နေတယ်။ ကံကောင်းထောက်မစွာနဲ့ ဒူဒူ ဘာထိခိုက်ဒဏ်ရာမှမရှိခဲ့ဘူး။ အိမ်ပြန်ရောက်လာတော့ ဒူဒူအရမ်းပင်ပန်းနေပေမဲ့ အားအင်တွေ ပြန်ပြည့်လာနေပါပြီ” လို့ ဒူဒူရဲ့သခင်က ဆိုပါတယ်။

တိရစ္ဆာန်ကျွမ်းကျင်ပညာရှင်တွေက ဒူဒူရဲ့အပြုအမူက အံ့သြစရာကောင်းတယ်လို့ ပြောကြတဲ့အပြင် ခရီးထွက်တဲ့အခါ၊ အပြင်ခေါ်သွားတဲ့အခါ အိမ်မွေးတိရစ္ဆာန်တွေကို သေချာဂရုစိုက်ပေးဖို့လည်း သတိပေးထားပါတယ်။

Ref: Ladbible “Dog Walks 37 Miles Home After Owners Forget It At Service Station”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top