ခြေထောက်နှစ်ဖက် ပြတ်နေပေမယ့် ဧဝရက်တောင်ထိပ် တက်ရောက် နိုင်ခဲ့သူ

2-6-2020-yyl-037.jpg

ခြေထောက်နှစ်ဖက် ပြတ်နေတဲ့ တရုတ်အဘိုးအို တစ်ဦးဟာ ကမ္ဘာ့အမြင့်ဆုံး ဧဝရက်တောင်ထိပ်ကို အောင်မြင်စွာ တက်ရောက်နိုင်ခဲ့ပါတယ်။

အသက် ၆၉ နှစ် အရွယ်ရှိတဲ့ ရှားဘိုယူ (Xia Boyu) ဟာ လွန်ခဲ့တဲ့ နှစ် ၄၀ ကျော်က ဧဝရက်တောင်ကို တက်ရောက်ဖို့ ကြိုးစားခဲ့ပေမယ့် မုန်တိုင်းတိုက်ခတ်မှု ကြုံတွေ့ခဲ့ပြီး တောင်တက်အသင်းဖော် တစ်ယောက်ကို ကူညီရာကနေ ကိုယ်အင်္ဂါ ချို့ယွင်းခဲ့ပါတယ်။

၁၉၇၅ ခုနှစ်က ရှားဘိုယူ ပါဝင်တဲ့ တောင်တက်အဖွဲ့ဟာ တောင်ထိပ်ရောက်ဖို့ သိပ်မဝေးတော့တဲ့ အမြင့်ပေ ၂၆၂၀၀ ကျော်က “မရဏဇုန်”ထဲမှာ မုန်တိုင်းမိခဲ့ပြီး သုံးရက်ကြာ ပိတ်မိခဲ့ပါတယ်။ ရှားဘိုယူဟာ နာမကျန်းဖြစ်နေတဲ့ အသင်းဖော်ကို သူ့ရဲ့ ဇစ်တပ်အိပ်ရာလိပ် ပေးခဲ့တဲ့အတွက် နှင်းကိုက်ခံခဲ့ရပြီး ခြေဖဝါးနှစ်ဖက် ဖြတ်ခဲ့ရပါတယ်။

၁၉၉၆ ခုနှစ်အရောက်မှာ သားငံရည်ကြောင့် ဖြစ်ရတဲ့ သွေးကင်ဆာရောဂါ (lymphoma) ခံစားခဲ့ရလို့ ခြေထောက်နှစ်ဖက်လုံး ဒူးခေါင်းအထက်ကနေ ဖြတ်ပစ်ခဲ့ရပါတယ်။
ကိုယ်အင်္ဂါ ချို့ယွင်းခဲ့ပေမယ့် ဧဝရက်တောင်ထိပ်ကို တက်ရောက်ချင်တဲ့ ရှားဘိုယူရဲ့ အိပ်မက်ကတော့ ပျောက်ပျက်မသွားခဲ့ပါဘူး။

ရှားဘိုယူဟာ ၁၉၇၅ ခုနှစ်က ဧဝရက်တောင်ထိပ်ကို တက်ရောက်ဖို့ ကြိုးပမ်းမှု မအောင်မြင်ခဲ့ပေမယ့် ၂၀၁၄၊ ၂၀၁၅၊ ၂၀၁၆ ခုနှစ်တွေမှာ ဧဝရက်တောင်ထိပ်ကို တက်ရောက်နိုင်ဖို့ သုံးကြိမ်၊သုံးခါ ထပ်ကြိုးစားခဲ့ပါတယ်။

ပြီးခဲ့တဲ့နှစ်မှာ နီပေါအစိုးရက ခြေထောက်နှစ်ဖက် ပြတ်နေသူတွေကို ဧဝရက်တောင်ထိပ် တက်ရောက်ခွင့်ပိတ်ပင်ခဲ့လို့ ရှားဘိုယူရဲ့ အိပ်မက် မှေးမှိန်သွားမလို ဖြစ်ခဲ့ပေမဲ့ေ နာက်ပိုင်းမှာတော့ နီပေါအစိုးရက သူတို့ရဲ့ ပိတ်ပင်မှုကို ပြန်ဖယ်ရှားပေးခဲ့ပါတယ်။

ရှားဘိုယူဟာ ဒီနှစ် တောင်တက်ရာသီ အစပိုင်းမှာ နီပေါနိုင်ငံက တောင်တက်လမ်းပြတွေ အကူအညီနဲ့ ဧဝရက် တောင်ထိပ်ကို တက်ရောက်နိုင်ခဲ့ပါတယ်။ သူဟာ ခြေထောက်နှစ်ဖက် ဖြတ်ထားရသူတွေထဲမှာ ဧဝရက်တောင်ထိပ်ကို ဒုတိယမြောက် တက်ရောက်နိုင်ခဲ့သူပါ။

၂၀၀၆ ခုနှစ်တုန်းက ဧဝရက်တောင်ထိပ်ကို တက်ရောက်နိုင်ခဲ့တဲ့ နယူးဇီလန်နိုင်ငံသား မက်ခ်အင်ဂလစ်(Mark Inglis)က ခြေထောက်နှစ်ဖက် ပြတ်နေသူတွေထဲမှာ ဧဝရက်တောင်ထိပ်ကို ပထမဆုံး တက်ရောက်နိုင်ခဲ့သူ ဖြစ်ပါတယ်။ သူဟာလည်း မုန်တိုင်းတိုက်ခတ်နေလို့ ရေခဲဂူထဲမှာ နှစ်ပတ်ခိုလှုံနေရတုန်း နှင်းကိုက်လို့ ခြေထောက်တွေ ဖြတ်ခဲ့ရသူပါ။

ဒါပေမဲ့ ရှာဘိုယူဟာ နီပေါနိုင်ငံဘက် အခြမ်းကနေ ဧဝရက်တောင်ထိပ်ကို ပထမဆုံး တက်ရောက်နိုင်ခဲ့တဲ့ ခြေထောက်နှစ်ဖက် ပြတ်နေသူပဲ ဖြစ်ပါတယ်။

Ref: BBC “Double amputee Xia Boyu makes history on Everest summit”

Nz(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top